CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ဘစ်ဒက်ရှ်ကတော့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထိုးသတ်မယ့် ONE ရဲ့ FULL CIRCLE ပြိုင်ပွဲမှာ အောင်လအန်ဆန်းကို အနိုင်ရဖို့ ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ဘစ်ဒက်ရှ်ဟာ သူ့ရဲ့ စိတ်ထဲမှာ အောင်ပွဲခံနေတဲ့ပုံကို ပုံဖော်ထားတာဖြစ်ပြီး ဒီအစီအစဉ်ကို စင်ကာပူမှာ ကျင်းပမယ့် ပြိုင်ပွဲမှာ အကောင်အထည်ဖော်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ သူတို့(၂)ဦးဟာ ONE Championship ပြိုင်ပွဲမှာ (၂)ကြိမ် တွေ့ဆုံထား ပြီး တစ်ကြိမ်စီ အနိုင်ရထားတာပါ။ အခုတွေ့ဆုံမယ့် မစ်ဒယ်ဝိတ်ပွဲမှာတော့ အနိုင်ရတဲ့သူဟာ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရ တော့မှာလည်း ဖြစ်ပါတယ်။

ဘစ်ဒက်ရှ်က “တိုက်ခိုက်ရေးသမားတိုင်းမှာ သူတို့ရဲ့ အားနည်းချက်တွေ ရှိပါတယ်။ ပွဲအစီအစဉ် အတိုင်းပဲ ကြိုးစားပြီး အလုပ် လုပ်ပါမယ်။ ဒါမှလည်း ကျနော့်အတွက် အဆင်ပြေတဲ့ပုံစံနဲ့ တိုက်ခိုက်မှာဖြစ်ပြီး သူ့ကို အံ့မခန်းပုံစံနဲ့ အပြီးသတ်နိုင်မှာပါ။ ဒီ တိုက်ပွဲက ဘယ်လို ဖြစ်မလဲဆိုတာတော့ အတိအကျ မသိပါဘူး။ တိုက်ပွဲဆိုတာ ခန့်မှန်းလို့မရတဲ့ လုပ်ငန်းစဉ်ပါ။ ဒါပေမယ့် ကျနော့်ရဲ့ ခေါင်းထဲမှာတော့ သူက ကင်းဗတ်ပေါ်မှာ လဲလျောင်းနေပြီး ကျနော်က သူ့အပေါ်မှာ ရပ်နေတဲ့ပုံစံမျိုးနဲ့ အဆုံး သတ် ချင်တယ်”လို့ ပြောခဲ့ပါတယ်။

အောင်လအန်ဆန်းနဲ့ဘစ်ဒက်ရှ်ကိုတွေ့ရစဉ်(ONE Championship)

 

ဘစ်ဒက်ရှ်နဲ့ အောင်လအန်ဆန်းတို့ (၂)ဦးလုံးဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေကို အနိုင်ရထားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့သူဟာ ရိုင်နီယာနဲ့ ထိုးသတ်နိုင်မယ့် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။ ဘစ်ဒက်ရှ်ကတော့ အောင်လအန်ဆန်းကို အနိုင်ရဖို့ အားသာချက်တွေ ရှိနေတယ်လို့ ပြောခဲ့တာပါ။

ဘစ်ဒက်ရှ်က “ပြိုင်ဘက်ကို ကောင်းကောင်းသိပါတယ်။ (၂)ကြိမ် တွေ့ဖူးပြီး ပထမတစ်ကြိမ်က ယုံကြည်မှု အပြည့်နဲ့ အနိုင် ရခဲ့ပါတယ်။ အခုအချိန်မှာ သူ့အကြောင်းကို ပိုသိလာပြီး သူ့အတွက်ပဲ လေ့ကျင့်မှုတွေ လုပ်နေတာပါ။ ကျနော့်ဆီမှာ ရှင်းရှင်း လင်းလင်း အားသာချက်ရှိပါတယ်။ အဲဒါကတော့ ကျနော့်ရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ကြံ့ခိုင်မှုတွေပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: One FC