CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈

ဘိုင်ယန်မြူးနစ်အသင်းကြယ်ပွင့် လန်းနာ့တ်ကားလ်ဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့အတွက် အသင်းအကြီးအကဲတွေကို တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။ 

အသက် ၁၇ နှစ်အရွယ်ရှိ ကားလ်ဟာ ရီးရယ်လ်အသင်းကို သူ့ရဲ့ အိပ်မက်အသင်းအဖြစ် ပြောခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရှင်းလင်းမှုတွေ ပြုလုပ်ဖို့ ဖိအားပေးခံခဲ့ရတာပါ။ 

ဒါပေမယ့် သူဟာ ဆဲလ်ဘတ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂ ဂိုးသွင်းပြီး ဆူညံသံတွေကို ဖျောက်ပစ်ခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာဖြစ်သူက သူတို့ရဲ့ ဆယ်ကျော်သက် ကစားသမားကို ကာကွယ်ခဲ့ပြီး ကားလ်က ချက်ချင်း တောင်းပန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပြောဆိုမှုကြောင့် ကားလ်နဲ့ ဆွေးနွေးခဲ့ပြီး သူဟာ အသင်းမှာ ပျော်ရွှင်နေသလို သူတို့နဲ့အတူ ရှိနေရတာကိုလည်း ပျော်ရွှင်တယ်လို့ အားကစားဒါရိုက်တာက ပြောခဲ့တာပါ။ 

လန်းနာ့တ်ကားလ်ကို တွေ့ရစဉ်

ဒါ့ပြင် ကားလ်ဟာ ငယ်စဉ်က ရီးရယ်လ်အသင်းနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့ အိပ်မက်ကလပ် ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဂျာမန်ကြယ်ပွင့် ကားလ်ဟာ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ တစ်ချိန်ချိန် ရီးရယ်လ်အသင်း ထံ သွားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

ကားလ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင် ကစားသမားဘဝ အစမှာတင် ဘိုင်ယန်မြူးနစ်အသင်း ပရိသတ်တွေကို စိတ် အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

ကားလ်ဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၂၁ ပွဲအထိ ပါဝင်ကစားခွင့်ရထားပြီး ၆ ဂိုး သွင်းယူထားတာပါ။

ဂျာမန်သက်တမ်းလိုက် အသင်းတွေမှာ ပါဝင်ကစားထားတဲ့ ကားလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လာမယ့် ပွဲတွေမှာ သူ့ရဲ့နေရာကို ဆက်ပြီး ထိန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၆ ခုနှစ်ထဲ ပထမဆုံး ဘွန်ဒက်လီဂါပွဲအဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ဝုလ်ဖ်ဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal