၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃

ပီအက်စ်ဂျီ အသင်းရဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ လော်ရီးယန့်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အထုတ်ခံခဲ့ရတာကြောင့် ပီအက်စ်ဂျီအတွက် သုံးပွဲသာ ကစားထားရသေးပြီး ပထမဆုံး အနီကတ်ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရီးရယ်လ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တဲ့ ရာမို့စ်ဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှ မန်ဒက်စ်ရဲ့နေရာမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။

ရာမို့စ်ဟာ ပွဲချိန် ၈၁ မိနစ်မှာ အဝါကတ်ပြသခံခဲ့ရပြီး ၈၆ မိနစ်အရောက်မှာ နောက်ထပ် အဝါကတ် ပြသခံခဲ့ရကာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရာမို့စ်ဟာ သူ့ကို ဘောလုံးကျော်ပြီးပြေးတဲ့ လောရီးယန့် ကစားသမား မိုဖီရဲ့ ပြေးလမ်းကြောင်းကို ခန္ဓာကိုယ်နဲ့ တားဆီးခဲ့တာ ကြောင့် ဒုတိယအဝါကတ် ပြသခံခဲ့ရတာပါ။

ရာမို့စ်ဟာ ဒီဖြစ်စဉ်အပြီးမှာ သူ့ရဲ့ကျောကုန်းကို ကိုင်ကာ ဒဏ်ရာရရှိကြောင်း ပြုလုပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက သူ့ရဲ့ လှည့်ကွက်ကို သိနေတဲ့အတွက် ၂ ဝါ ၁ နီနဲ့ ထုတ် ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအနီကတ်ပြစ်ဒဏ်ဟာ ရာမို့စ်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ၂၇ ကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ်လည်း ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ လော်ရီးယန့် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

ပုံ-ရာမို့စ်အနီကတ်ပြခံရစဉ်။ (FirstSportz)

လော်ရီးယန့် အသင်းက ပွဲချိန်မိနစ် ၄၀ မှာ ဦးဆောင်ဂိုး ရယူနိုင်ခဲ့တာဖြစ်ပြီး အိုင်ကာဒီက ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပို ၁ မိနစ်မှာ ပီအက်စ်ဂျီအတွက် ချေပဂိုး သွင်းယူခဲ့တာပါ။ ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲ သရေကျခဲ့ပေမယ့် ဒုတိယနေရာ က နိုက်စ်အသင်းကို ၁၃ မှတ်ဖြတ်ပြီး ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဦး ဆောင်နေတာ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းကို ရောက်ပြီးကတည်းက ဒဏ်ရာ အခြေအနေတွေကြောင့် ကာလကြာရှည် အနားယူနေရပြီး အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားနိုင်သေးတာပါ။

ရာမို့စ် အနီကတ် ထိခဲ့တာနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်တွေ အမျိုးမျိုး ရေးသားခဲ့ကြပါတယ်။

ပရိတ်သတ်တစ်ဦးက “ရာမို့စ် ပြန်လာပါပြီ။ သူဟာ ဆုံးရှုံးခဲ့ရတဲ့ အချိန်တွေအတွက် ပြင်ဆင်နေပါပြီ”လို့ ရေးသားခဲ့ ပါတယ်။

နောက်ထပ်တစ်ဦးကတော့ “အသင်းသစ်ဖြစ်ပေမယ့် အရင်ရာမို့စ်ပါပဲ”လို့ ရေးခဲ့ပါတယ်။

ရာမို့စ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် အသင်းဟောင်း ရီးရယ်လ်နဲ့ တွေ့မယ့်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အသေခံပြီး တိုက်ပွဲဝင်သွားမယ်လို့ မကြာသေးခင်က ပြောခဲ့တာပါ။

ရာမို့စ်က “ကံကြမ္မာက ရူးသွပ်စေပါတယ်။ ကျနော် ကစားစေချင်တာ အခြားတစ်သင်းနဲ့ပါ။ ရီးရယ်လ်အတွက် ကျနော့်ရဲ့ ချစ်ခင်မှုတွေနဲ့ ချစ်ခြင်းမေတ္တာကို ခင်ဗျားတို့ သိပါတယ်။ အခု ပီအက်စ်ဂျီကို ကာကွယ်ဖို့ အလှည့်ရောက်လာပြီး အတက် နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ပီအက်စ်ဂျီအတွက် အသေခံပြီး တိုက်ပွဲဝင်သွားမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: The Sun