၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ရုရှားသမ္မတ ပူတင်ရဲ့ အမိန့်နဲ့ လန်ဒန်ကလပ်ကို ဝယ်ယူခဲ့တယ်လို့ ပြောခဲ့တဲ့ HarperCollins ထုတ်ဝေသူထံကနေ တောင်းပန်စာကို လက်ခံရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
HarperCollins က ရုရှားသမ္မတ ပူတင်ရဲ့ အမိန့်နဲ့ အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့တယ်ဆိုတဲ့ ပြောဆိုမှု တွေ ပါဝင်တဲ့ စာအုပ်ကို ထုတ်ဝေခဲ့တာပါ။ ပူတင်နဲ့ အေဘရာမိုဗစ်ချ်တို့ဟာ နှစ်ကာလကြာရှည်စွာ ဆက်ဆံရေးကောင်းကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ အဆိုပါ ကုမ္ပဏီဟာ အေဘရာမိုဗစ်ချ်ကို တောင်းပန်ခဲ့ပြီး ပြေလည်မှု ရရှိခဲ့တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်ဂျာနယ်လစ် ကတ်သရင်းဘယ်လ်တန်က ပူတင်ရဲ့ People ဆိုတဲ့ စာအုပ်ကို ပြင်ဆင်ထားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က HarperCollins က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်မှာ အေဘရာမိုဗစ်ချ်ဟာ ပူတင်ရဲ့ အမိန့်အရ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးကို ဝယ်ယူခဲ့တယ်ဆိုပြီး အခြား ရုရှားဘီလျံနာ တစ်ဦးဖြစ်တဲ့ ဆာဂျီပူဂါချေ့ဗ်က စွပ်စွဲခဲ့တဲ့အချက် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ကတ်သရင်းဘယ်လ်တန်ရဲ့ စာအုပ်မှာ အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်တဲ့ မမှန်မကန် အချက်လက်အချို့ ပါဝင်နေတယ်လို့ ထုတ်ဝေတဲ့သူက ပြောခဲ့တာပါ။
ပုံ-ချယ်ဆီးလ်အသင်းပိုင်ရှင် အေဘရာဗိုဗစ်ချ်ကို တွေ့ရစဉ်။(Eurosport)
၎င်းက “ဒီစာအုပ်မှာ မစ္စတာအေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ဝယ်ယူခဲ့တုန်းက ဘယ်သူ့ရဲ့ ညွှန်ကြားမှုအရ လုပ်နေတယ် ဆိုတဲ့ အချက်ကို အမြဲတမ်း ငြင်းဆိုခဲ့တာ ပါဝင်ပါတယ်။ ထုတ်ဝေမှု အသစ်မှာတော့ အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးကို ဝယ်ယူဖို့ အတွက် သူ့ရဲ့ စိတ်အား ထက်သန်မှု အကြောင်းတွေကို အသေးစိတ်ရှင်းလင်း ထားတာတွေ ပါဝင်ပါမယ်။ Harper Collins နဲ့ စာရေးသူတို့ဟာ ဒီစာအုပ်ရဲ့ ရှုထောင့်တွေမှာ သူတို့ကို ဖြစ်ချင်သလိုဖြစ်အောင် ရှင်းလင်းမှု မရှိတဲ့အတွက် တောင်း ပန်ကြောင်းနဲ့ ဒီစာသားကို ရှင်းလင်းခဲ့ရတဲ့အတွက် ဝမ်းသာမိတယ်လို့”ရေးသားခဲ့ပါတယ်။
အေဘရာမိုဗစ်ချ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ပြေလည်မှု ရသွားတဲ့အတွက် ကျေနပ်မိကြောင်းနဲ့ ဒီစွပ်စွဲချက်တွေဟာ သက်သေ အထောက်အထား ကင်းမဲ့ပြီး အမှန်တကယ်လည်း မှားယွင်းနေတယ်လို့ ပြောထားတာပါ။
၎င်းက “စာအုပ်ထဲက အဖြစ်အပျက်တွေနဲ့ မတူဘဲ အေဘရာမိုဗစ်ချ်နဲ့ ချယ်လ်ဆီး အသင်းတို့ရဲ့ ရည်မှန်းချက်ဟာ အမြဲတမ်း ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုလည်း ရှိပါတယ်။ ကွင်းထဲမှာ ကမ္ဘာ့အဆင့်မီ အသင်းကို ဖန်တီးဖို့နဲ့ ကလပ်အသင်းဟာ သူ့ရဲ့ အသိုင်းအဝိုင်းမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တာ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းကို အေဘရာမိုဗစ်ချ် ဝယ်ယူခဲ့ပြီးနောက်ပိုင်း အသင်းဟာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား(၅)ကြိမ်စီ၊ ချန်ပီယံလိဂ်ဖလား(၂)ကြိမ် အပါအဝင် ဆုဖလား အများအပြားကို ရယူထားတာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၃)၊ ချန်ပီယံလိဂ်(၁၆)သင်း အဆင့်နဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ရောက် ရှိနေတာလည်း ဖြစ်ပါတယ်။