CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီရဲ့ ပြောစကားက မိမိရဲ့ ခံစားချက်ကို ထိမိခဲ့တယ်လို့ ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ကွင်းအတွင်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် သူ့ရဲ့ ကစားသမား ဘဝမှာ ဘောလွန်းဒီအောဆုကို အနည်းဆုံး တစ်ကြိမ်တော့ ရရှိသင့်တယ်လို့ မက်ဆီက ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ မက်ဆီဟာ လီဝန်ဒေါစကီးကို မဲအသာရပြီး ဘောလွန်းဒီအောဆုကို စံချိန်တင် (၇)ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီးက “ဘောလွန်းဒီအောနဲ့ ပတ်သက်ပြီး မက်ဆီရဲ့ပြောစကားက ကျနော့်ကို တကယ်ထိမိ သွားခဲ့ပါတယ်။ ဒါဟာ စကားလုံးချည်းပဲ မဟုတ်ပါဘူး။ ဒါဟာ ကျနော့် ကစားသမားဘဝရဲ့ အကောင်းမွန်ဆုံး အခိုက်အတန့်ပါပဲ။ ကျနော်ဟာ မက်ဆီ နဲ့ မျက်နှာချင်းဆိုင် စကားအနည်းပဲ ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်ဟာ စပိန်စကားပြောတာ သိပ်မကောင်း လို့ ပါ။ ကျနော် ဘတ်ပီနဲ့ အင်္ဂလိပ်လို ပြောခဲ့ပါတယ်။ သူက ဒါကို မက်ဆီအတွက် ဘာသာပြန်ပေးခဲ့ပါတယ်။ အလွန်ကောင်းမွန် တဲ့ ညပါပဲ”လို့ ပြောခဲ့ပါတယ်။

အနာဂတ်မှာ ဘောလွန်းဒီအောဆုရဖို့ ဘာတွေ လိုအပ်လဲဆိုတာနဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီးက “ဒါဟာ အသေးစိတ်ကျပြီး အရာအားလုံးက နေသားတကျဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကျနော် အာမခံနိုင်တာကတော့ ကျနော့်အလုပ်ကို ကျနော် ဆက် လုပ်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ယူဆောင်လာဖို့ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပုံ- လီဝန်ဒေါစကီးကိုတွေ့ရစဉ်။(SI)

မက်ဆီဟာ ဘောလွန်းဒီအောဆု ရယူအပြီးမှာ “ကျနော် လီဝန်ဒေါစကီးကို ပြောချင်တာက ခင်ဗျားနဲ့ ယှဉ်ပြိုင်ရတာ တကယ့် ကို ဂုဏ်ယူစရာပါပဲ။ ခင်ဗျား မနှစ်က ဒီဆုကို ရသင့်တယ်ဆိုတာကို လူတိုင်းက နားလည်ထားသလို ကျနော်တို့ကလည်း သဘောတူပါတယ်။ ပြင်သစ်ဘောလုံးက ခင်ဗျားနဲ့ ထိုက်တန်တဲ့ ဘောလွန်းဒီအောဆုကို ချီးမြှင့်သင့်တယ်လို့ ထင်ပါတယ်။ ဒါက ခင်ဗျားရဲ့ အိမ်မှာ ရှိနေရမှာပါ”လို့ ပြောခဲ့တာပါ။

ဆက်လက်ပြီး မက်ဆီက “လီဝန်ဒေါစကီးအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ တစ်နှစ်ပြီး တစ်နှစ် တိုးတက်လာတဲ့ တိုက်စစ်မှူးဖြစ်သလို ဂိုးသွင်းစွမ်းရည်တွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကွင်းထဲမှာ ရှိနေတဲ့ သူ့ရဲ့ပုံစံကြောင့် လာမယ့်နှစ်မှာ ဒီအဆင့်ကို ရောက်ရှိမယ်ဆိုတာ သေချာပါတယ်။နောက်ပြီး သူဟာ အသင်းကြီး တစ်သင်းမှာ ကစားနေတာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ သွင်းဂိုးပေါင်း ၆၉ ဂိုးကို သွင်းယူခဲ့ပြီး ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ်အတွင်း ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ စံချိန်တင် ၄၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၄၉ နှစ်ကြာ တင်ရှိခဲ့တဲ့ ဂျာမန်ဂန္တဝင် ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၃၀ သွင်း ယူထားတာ ဖြစ်ပါတယ်။

Source: Goal.com