CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
လီဗာပူးလ်အသင်းဟာ အိုင်ယာလန်ဂိုးသမား ကယ်လီဟာကို ဘရန်ဖို့ဒ်အသင်းထံ ပေါင် ၁၂.၅ သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ကယ်လီဟာဟာ လီဗာပူးလ်အသင်းမှာ ဘရာဇီးလ်ဂိုးသမား အယ်လီဆွန်ရဲ့ အရန် အဖြစ်သာရှိနေပြီး သူဟာအသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် ရှိချင်နေတာပါ။
ကယ်လီဟာဟာ လီဗာပူးလ်အသင်းအတွက် ၂၀၁၉ ခုနှစ်မှာ စတင်ပွဲထွက်ခွင့် ရခဲ့ပေမယ့် ပြိုင်ပွဲစုံ ၆၇ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားတာပါ။
ကယ်လီဟာဟာ ဂိုးသမားအယ်လီဆွန် ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်မှာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့ပေမယ့် သူပြန်ပါဝင်လာချိန်မှာတော့ အရန်ခုံမှာ သာရှိနေခဲ့ရတာ ဖြစ်ပါတယ်။
ကယ်လီဟာ ကိုယ်တိုင်ကလည်း အရန်ကစားသမားအဖြစ် မရှိချင်တာကြောင့် နွေရာသီမှာ ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟထားတာပါ။
ကယ်လီဟာကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ကယ်လီဟာကို မဆုံးရှုံးချင်ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။
ကယ်လီဟာကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ စပါးနဲ့ အက်စတွန်ဗီလာအသင်းတို့က ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့် Sky Sports က ဘရန်ဖို့ဒ်အသင်းဟာ ကယ်လီဟာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဘရန်ဖို့ဒ်အသင်းဟာ ကယ်လီဟာအတွက် လီဗာပူးလ်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်းပေးဖို့ သဘောတူညီမှု ရရှိထားပြီး ပြောင်းရွှေ့ကြေးက ပေါင်သန်း ၂၀ အထိ ရောက်ရှိသွားနိုင်ပါတယ်။
ဘရန်ဖို့ဒ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဖလီကန်ဟာ လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့မှာဖြစ်လို့ ကယ်လီဟာဟာ ဘရန်ဖို့ဒ်အသင်းမှာ နံပါတ်တစ် ဂိုးသမားဖြစ်လာဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ကယ်လီဟာ အသင်းကနေ ထွက်ခွာမှာဖြစ်ပေမယ့် ဗလင်စီယာအသင်းထံ အငှားချထားတဲ့ ဂိုးသမား မာမာဒက်ရှ်ဗီလီဟာ နွေရာသီမှာ အသင်းထံ ပြန်ရောက်ရှိလာမှာပါ။
လီဗာပူးလ်အသင်းကတော့ မာမာဒက်ရှ်ဗီလီကို အယ်လီဆွန်ရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: Metro