၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတာကြောင့် အသင်းရဲ့ ပွဲစဉ် ၃ ပွဲကို ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ ဂိုးလ်ကွန်းက ဖော်ပြပါတယ်။
အသက် ၃၀ အရွယ်ရှိ ကွင်းလယ်ဖန်တီးရှင်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ပါဝင် ကစားခဲ့ ပြီး နိုင်ငံအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်း ဟာ ကလပ်အသင်းအတွက် ပြန်ကစားပေးမယ့် အချိန်ရောက်တဲ့ အခါမှာတော့ အနားယူရတော့မှာပါ။
ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အတွက် သွားရောက်ကစားခဲ့တဲ့ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ မန်စီးတီး အတွက် ပါဝင်နိုင်ဖွယ် ရှိ/မရှိကိုလည်း နည်းပြဂွာဒီယိုလာက စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
အဲဗာတန်နဲ့ ပွဲမကစားခင် အသင်းရဲ့ ကြံခိုင်မှုပိုင်း နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဂွာဒီယိုလာက “ကံမကောင်းစွာနဲ့ပဲ ကီဗင်ဟာ ဘယ်လ်ဂျီယံမှာ ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ၁၀ ရက်ကြာ သီးခြားနေထိုင်ရတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က သူ ကိုဗစ်ကူးစက်ခံ ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ သူက ဒီမှာရှိပါတယ်”လို့ ပြောပါတယ်။
ပုံ-ဒီဘရိုင်းနဲ့နည်းပြဂွာဒီယိုလာကိုတွေ့ရစဉ်။(Sports Fule)
ဒါ့အပြင် ဂွာဒီယိုလာက “လူသားတွေရဲ့ ကျန်းမာရေးဟာ အခြားအရာတွေထက် ပိုပြီးအရေးကြီးပါတယ်။ လူတစ်ယောက် ကူးစက်ခံရလည်း ဂရုစိုက်ရမှာပါပဲ၊ ဘာဖြစ်လို့လဲဆိုရင် အခုထိ လူတွေဟာ သေဆုံးနေကြ သေးလို့ပါ။ သူဟာ ကာကွယ်ဆေး ထိုးထားပါတယ်။ အဲ့ဒါကြောင့်လည်း ပိုကာကွယ်နိုင်တာပါ။ အရေးကြီးဆုံးက ကိုဗစ်ကင်းစင်ပြီး ပြန်လာနိုင်ဖို့ပါ။ လူက ပိုပြီး အရေးကြီးပါတယ်။ သူအမြန်ဆုံး ပြန်ကောင်းလာနိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိထားတဲ့ ဒီဘရိုင်းဟာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်၊ ပီအက်စ်ဂျီနဲ့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲကြီးပွဲကောင်းတွေကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ရလဒ်ကောင်းတွေရနေတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲကိုလည်း ပါဝင်နိုင်ဖို့ မသေချာ ဖြစ်နေပါတယ်။ ဒီဘရိုင်း ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အခုရာသီ အသင်းရဲ့ ပွဲစဉ် ၄ ပွဲကိုလည်း မပါဝင်နိုင်ခဲ့တဲ့အတွက် အရေးကြီးတဲ့ ပွဲတွေကို လက်လွှတ်ရတဲ့ သူ့ရဲ့ အခြေအနေကို စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။
Source:Goal.com