CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁

အာဂျင်တီးနားတောင်ပံကစားသမားဟောင်း ဒီမာရီယာက အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် ငယ်ဘဝကလပ် ရိုဆာရီယိုထံပြန်မယ့် သူ့ရဲ့အစီအစဉ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ 

ဒီမာရီယာက “ကျနော့်အစ်မရဲ့လုပ်ငန်းကို ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါတယ်။ နဖူးကို သေနတ်ကျည်ဆံမှန်ထားတဲ့ ဝက်ခေါင်းတစ်ခုပါတဲ့ ပါဆယ်တစ်ခု ရောက်လာခဲ့ပါတယ်။ 

ကျနော်သာ ရိုဆာရီယိုကို ပြန်လာခဲ့ရင် နောက် ခေါင်းတစ်ခုက ကျနော့်သမီးရဲ့ ခေါင်းဖြစ်သွားမယ်လို့ ရေးသားထားတဲ့စာလည်း ပါဝင်ခဲ့ပါတယ်။ 

အဲဒီလတွေက တကယ်ကိုကြောက်စရာကောင်းခဲ့ပါတယ်။ ဒီအိပ်မက်ကို အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် ညတိုင်းထိုင်ပြီး ငိုခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှာ အာဂျင်တီးနားအသင်းကနေ အနားယူခဲ့တဲ့ ဒီမာရီယာဟာ ဘင်ဖီကာ အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ 

ရိုဆာရီယိုလူငယ်စီမံကိန်းက ထွက်ပေါ် လာခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်ရှိ ဒီမာရီယာဟာ ရိုဆာရီယိုအသင်းကြီးမှာ ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ် အထိ ကစားခဲ့တာပါ။

ဒီမာရီယာဟာ သူ့ရဲ့ကစားသမားဘဝကို ရိုဆာရီယိုအသင်းထံ ပြန်ပြီး အဆုံးသတ်ဖို့ အစီအစဉ် ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် ဒီအစီအစဉ်ကို ဒီမာရီယာက စွန့်လွှတ် ခဲ့ရတာပါ။ 

ဒီမာရီယာဟာ ရိုဆာရီယိုအသင်းက ထွက်ခွာအပြီးမှာ ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ ရီးရယ်လ်၊ယူနိုက်တက်၊ပီအက်စ်ဂျီ၊ဂျူဗင်တပ်စ်နဲ့ အခု ဘင်ဖီကာအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဒီမာရီယာဟာ ဘင်ဖီကာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းအပါအဝင် အသင်းအချို့နဲ့ သတင်းတွေထွက်ပေါ်နေတာပါ။ သတင်းအချို့မှာတော့ ဘင်ဖီကာ အသင်းဟာ ဒီမာရီယာကို ၁ နှစ်သက်တမ်းတိုးဖို့ရှိနေတယ်လို့ဖော်ပြထားပါတယ်။

ဒီမာရီယာဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းအတွက် ၄၈ ပွဲကစားထားပြီး ၁၇ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

Source:BBC