CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ပြင်သစ်အသင်းကြီး တစ်သင်းဖြစ်တဲ့ ဘော်ဒိုးအသင်းဟာ လီဗာပူးလ်အသင်း ပိုင်ရှင်တွေဖြစ်တဲ့ FSG အစုအဖွဲ့နဲ့ အရောင်းအဝယ် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ တတိယတန်းကို တန်းဆင်းသွားခဲ့ပါတယ်။ 

အခုလ အစောပိုင်းက FSG ဟာ ဘော်ဒိုးအသင်းကို ဝယ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အတည်ပြုခဲ့တာကြောင့် အသင်းပရိသတ်တွေအကြား အကောင်းမြင်မှုတွေ ရှိခဲ့တာပါ။ 

ဒါပေမယ့် FSG ဟာ ဒီဆွေးနွေးမှုတွေကနေ နုတ်ထွက်ခဲ့တာကြောင့် ဘော်ဒိုးအသင်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ 

ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေး အခြေအနေတွေကြောင့် လီဂူး-၂ ကနေ တတိယတန်းကို တန်းဆင်းဖို့ ပြင်သစ် ဘောလုံးဘဏ္ဍာရေး စောင့်ကြည့်တဲ့အဖွဲ့အစည်း (DNCG)က ဆုံးဖြတ်ခဲ့တာပါ။

ဘော်ဒိုးအသင်းဟာ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ပေမယ့် FSG နဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှု မရရှိခဲ့တဲ့ အတွက် အယူခံဝင်တာကို ရုပ်သိမ်းပြီး တတိယတန်းကို တန်းဆင်းဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ 

ဘော်ဒိုးအသင်းကို တွေ့ရစဉ်

ဘော်ဒိုးအသင်းဟာ အရင်ကလည်း ဘဏ္ဍာရေး ပြဿနာတွေရှိခဲ့တာပါ။ ဘော်ဒိုးအသင်းဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၆ ကြိမ်အထိရရှိခဲ့ပြီး ၂၀၀၈-၀၉ ရာသီက ဒီဆုဖလားကို နောက်ဆုံးအကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်ဖလား အများအပြားကိုလည်း ရယူနိုင်ခဲ့တဲ့ ဘော်ဒိုးအသင်းဟာ ၂၀၂၁-၂၂ ရာသီမှာ လီဂူး-၁ အမှတ်ပေး ဇယား အောက်ဆုံးနေရာ ရပ်တည်ခဲ့လို့ လီဂူး-၂ ကို တန်းဆင်းခဲ့ရတာပါ။ 

ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဂူး-၂ ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာ ရပ်တည်ခဲ့ပေမယ့် ဘဏ္ဍာရေး အခြေအနေကြောင့် တတိယတန်းကို တန်းဆင်းပြီး ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ 

ဘော်ဒိုးအသင်းမှာ ဇီဒန်း၊ လီဇာရာဇူး၊ ဒူဂါရီတို့လို နာမည်ကြီးတွေ ကစားခဲ့ပြီး ရီးရယ်လ်အသင်း ကွင်းလယ်လူ ချူအာမန်နီကလည်း ဒီအသင်းရဲ့ လူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တာပါ။

လာမယ့်ရာသီ ပြင်သစ်တတိယတန်းမှာ ကစားရမယ့် ဘော်ဒိုးအသင်းဟာ မကြာခင်နှစ်တွေ အတွင်းမှာ ပြင်သစ် ထိပ်တန်းလိဂ်ကို ပြန်တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Goal