CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ယူနိုက်တက်ဂိုးသမား အိုနာနာဟာ ဝီဂန်အသင်းနဲ့ FA ဖလားပြိုင်ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးချင်တာ ကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် နောက်ကျမှ ပူးပေါင်းခွင့်ပြုဖို့ ကင်မရွန်းအသင်းထံ တောင်းဆို ထားပါတယ်။

အိုနာနာဟာ ဇန်နဝါရီလထဲမှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကင်မရွန်းအသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။

ကင်မရွန်းအသင်းဟာ ဒီပြိုင်ပွဲ မယှဉ်ပြိုင်ခင် ဆော်ဒီနိုင်ငံမှာ ဇမ်ဘီယာအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဒီခြေစမ်းပွဲအပြီးမှ ပြိုင်ပွဲကျင်းပမယ့် အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အိုနာနာဟာ ဇန်နဝါရီ ၈ ရက်မှာ ယှဉ်ပြိုင်မယ့် ဝီဂန်အသင်းနဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားချင်နေပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၄၃ သန်းနဲ့ အင်တာမီလန်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းမှာ တည်ငြိမ်တဲ့ လက်စွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ 

အိုနာနာဟာ ယူနိုက်တက်အသင်းမှာ လိုက်လျောညီထွေဖြစ်ဖို့ လုပ်ဆောင်နေတာကြောင့် အသင်းနဲ့ ဝေးကွာမယ့် အချိန်ကို ကန့်သတ်နေတာပါ။

အိုနာနာနဲ့ ဘာယင်ဒါကို တွေ့ရစဉ်

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး ကင်မရွန်း အသင်းသာ နောက်ဆုံးအဆင့်အထိ တက်နိုင်ခဲ့ရင် အိုနာနာဟာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းကတော့ အိုနာနာ အာဖရိကနိုင်ငံများဖလား သွားရောက်ယှဉ်ပြိုင်ချိန်မှာ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားတဲ့ တူရကီဂိုးသမား ဘာယင်ဒါကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ စီစဉ်ထားတာပါ။ 

ဘာယင်ဒါဟာ အခုအချိန်ထိ ယူနိုက်တက်အသင်းအတွက် ၁ မိနစ်မှ ပါဝင်ကစားရခြင်း မရှိသေးပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ တူရကီဂိုးသမားအနေနဲ့ ပွဲကစားဖို့ ရရှိလာမယ့် အခွင့်အရေးကို အရယူဖို့ ပြောထားပါ တယ်။

ကင်မရွန်းအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု C မှာ ဆီနီဂေါ၊ ဂီနီ၊ ဂမ်ဘီယာအသင်းတို့နဲ့ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၅ ရက်မှာ ဂီနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal