CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

နိုဝင်ဘာလထဲကစားမယ့် အစ္စရေးအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ၂ ပွဲကို ဟန်ဂေရီနိုင်ငံမှာကျင်းပသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ကြေညာလိုက်ပါတယ်။

အစ္စရေး-ဟားမာ့စ် ပဋိပက္ခကြောင့် ပြီးခဲ့တဲ့လက အစ္စရေးနိုင်ငံမှာကစားဖို့ ရှိနေတဲ့ ပွဲစဉ်တွေအားလုံးကို UEFA က ရွှေ့ဆိုင်းခဲ့တာပါ။ အစ္စရေးအသင်းဟာ နိုဝင်ဘာ ၁၅ ရက်မှာကစားမယ့် ဆွစ်ဇာလန်၊ ၁၈ ရက်မှာကစားမယ့် ရိုမေးနီးယားအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဟန်ဂေရီနိုင်ငံရှိ ပန်ချိုအရီနာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို ပရိသတ်တွေ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်တယ်လို့ UEFA က ပြောထား တာပါ။

အစ္စရေးအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု I မှာ ၆ ပွဲကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အုပ်စုတွင်း တတိယ နေရာမှာ ရပ်တည်နေတာပါ။ အစ္စရေးအသင်းဟာ ဆွစ်ဇာလန်၊ ရိုမေးနီးယားအသင်းတို့နဲ့ ပွဲစဉ်မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာ ကိုဆိုဗိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အစ္စရေးအသင်းဟာ အုပ်စုတွင်း အနေ အထားအရ ယူရို ၂၀၂၄ ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးရှိနေသလို ပလေးအောဖ့်အဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရနိုင်တဲ့ အချက်လည်း ရှိနေတာပါ။

အစ္စရေးအသင်းဟာ ယူရိုပြိုင်ပွဲကို တစ်ကြိမ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ အဓိက ပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၀ က ၁ ကြိမ်နဲ့ ဥရောပတိုက်ထဲမဝင်ရောက်ခင် အာရှဖလားပြိုင်ပွဲကို ၄ ကြိမ်အထိ ယှဉ်ပြိုင်ဖူးတဲ့ မှတ်တမ်းတွေရှိတာဖြစ်ပါတယ်။

Source:ChannelNewsAsia