CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဘရိုက်တန်အသင်းကို အနိုင်ရပြီး ကာရာဘောင်းဖလား ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီးနောက် အသင်းဟာ အနိုင်ရဖို့ အပြည့်အဝ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ဒါက အသင်းရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုပါပဲ။ အသင်းရဲ့ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်သလို နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်နိုင်ခဲ့လို့ ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်တို့ရဲ့ ယုံကြည်မှုနဲ့ အရှိန်အဟုန်ကို တည်ဆောက်ရပါမယ်။ ဒီလိုအရှိန်အဟုန်ကို ဆက်ပြီးသယ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ မဖြစ်မနေ အနိုင်ရမယ့်ပွဲမှာ ကျနော်တို့ဟာ ပွဲကိုကြီးစိုးနိုင်ခဲ့တာကြောင့် အနိုင်ရဖို့ အပြည့်အဝ ထိုက်တန်တယ်”လို့ ပြောခဲ့ တာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး နိုင်ပွဲပျောက်ဆုံးနေတဲ့ ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့သလို ၃ ပွဲ ဆက် တိုက် ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကိုလည်း ရပ်တန့်နိုင်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

ဘရိုက်တန်အသင်းနဲ့ ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဂျက်ဆန်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလက ဗီလာရီးရယ်လ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျက်ဆန် အတွက် ချယ်လ်ဆီးအသင်း ကစားသမားဘဝ ဒုတိယမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူးတစ်ဦးအတွက် ဂိုးသွင်းနိုင်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “သူ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ တိုက်စစ်မှူးတစ်ဦးအတွက် ဂိုးသွင်းတာက အမြဲတမ်း အရေးကြီးပါတယ်။ သူ့အတွက် ဂိုးတွေရဖို့ လိုအပ်ပြီး ဒီပွဲဟာ သူ့အတွက် အလွန်အရေးကြီးတဲ့ ပွဲဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလား စတုတ္တအဆင့်မှာ ဘလက်ဘန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Daily Mail