CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇

အင်တာမိုင်ယာမီအသင်းက ဒါးလက်စ်အသင်းကို အနိုင်ရပြီး လိဂ်ဖလားကွာတားဖိုင်နယ်ရောက်ရှိခဲ့တဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ မက်ဆီဟာ အသင်းအတွက်၂ ဂိုးသွင်းယူခဲ့ပါတယ်။

သြဂုတ် ၇ ရက်က ကစားခဲ့တဲ့ ဒီပွဲမှာ ဒါးလက်စ်နဲ့ အင်တာမိုင်ယာမီအသင်းတို့ဟာ ပွဲချိန်အတွင်း တစ်ဖက် ၄ ဂိုး စီသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ အင်တာမိုင်ယာမီအသင်းက ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရ ခဲ့တာပါ။ ဒီပွဲမှာ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းအတွက် ချေပဂိုးဖြစ်စေမယ့် သွင်းဂိုးကို ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

မက်ဆီမရောက်ခင်က ၁၁ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ အခုအချိန်မှာ ၄ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပြီး အသင်းကလည်း လိဂ်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိသွားခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ၄ ပွဲပါဝင်ကစားအပြီးမှာ ၇ ဂိုးအထိသွင်းယူထားသလို ၁ ဂိုးဖန်တီးမှုပြုလုပ်ထားတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက အသင်းဟာ လိုချင်တဲ့အဆင့်ကို ရောက်ရှိဖို့ အဝေးကြီး ကျန်ရှိ နေသေးပေမယ့် နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

မာတီနိုက “ကျနော်တို့ဟာ ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ပြန်လာနိုင်ခဲ့ပါတယ်။ ဒီရလဒ်အတွက်တော့ ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ဒီလိုပွဲတွေက ကျနော်တို့ကို ဆက်ပြီးတိုးတက်အောင်လုပ်နိုင်ပြီး အမှားတွေကို ပြင်ဆင်နိုင်ဖို့အတွက်လည်း အကူအညီပေးပါတယ်။ ကျနော်တို့လိုချင်တဲ့အဆင့်ကို ရောက်ရှိဖို့ အဝေးကြီး ကျန်ရှိ သေးပေမယ့် နိုင်ပွဲရယူနိုင်ခဲ့လို့ ကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်မှာ ဟူစတန်ဒိုင်နမိုနဲ့ ချားလော့အသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC