CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးက ပွဲကိုလွှမ်းမိုးခဲ့တယ်ဆိုပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဒိုင်လူကြီး အန်တိုနီတေလာကို ပြစ်တင်လိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကတ်စမဲရိုးက ဥရောပမှာ ပွဲပေါင်း ၅၀၀ ကစားခဲ့ပြီး အနီကတ်တစ်ကြိမ်မှ မပြသခံခဲ့ရပါဘူး။ အခု ပရီးမီးယားလိဂ်မှာ သူဟာ အနီကတ်နှစ်ကြိမ် ပြသခံထားရပါပြီ။ သူ မပါဝင်နိုင်တာက ပြဿနာ မဟုတ်ပါဘူး။ ဒါကို ကျနော်ကိုင်တွယ်လို့ရပါတယ်။ ဒီပွဲကို ဒိုင်လူကြီးက လွှမ်းမိုးသွားခဲ့ပါတယ်။ ကတ်စမဲရိုးက တကယ်ကို မျှတမှုရှိတဲ့ ကစားသမားပါ။သူဟာ ကြမ်းတမ်းပေမယ့် မျှတမှုရှိတဲ့သူပါ”လို့ ပြောခဲ့တာပါ။

ကတ်စမဲရိုးဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဆောက်သမ်တန်ကစားသမား အယ်လ်ကာရတ်ဇ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက အစောပိုင်းက အဝါကတ်ပြသခဲ့ပေမယ့် နောက်ပိုင်းမှာ VAR ကြည့်ပြီး တိုက်ရိုက်အနီကတ်ပြသခဲ့တာ ဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ဒီအနီကတ်ကြောင့် အလွန်စိတ်ပျက်နေပြီး အသင်းဖော်တွေက သူ့ကိုဝိုင်းပြီး နှစ်သိမ့်ပေးခဲ့ရတာပါ။ ဒီအနီကတ်ဟာ ကတ်စမဲရိုး အတွက် ယူနိုက်တက်ကစားသမားဘဝမှာ ဒုတိယမြောက်ရရှိခဲ့တဲ့ တိုက်ရိုက်အနီကတ်လည်း ဖြစ်ပါတယ်။

ဘရာဇီးလ်ကစားသမားဟာ တိုက်ရိုက်အနီကတ်ကြောင့် ပြည်တွင်းပွဲစဉ် ၄ ပွဲ ပွဲပယ်ခံရမှာဖြစ်လို့ ယူနိုက်တက် အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ရတာပါ။ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာပဲ ရက်ရှ်ဖိုဒ့်ရဲ့ ဖြတ်တင်ပေးမှုကို ဆောက်သမ်တန်ကစားသမားက ဂိုးဧရိယာအတွင်းမှာ လက်နဲ့ထိန်းသလိုဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက VAR နဲ့ ပြန်စစ်ဆေးပေးဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကွဲလွဲနေတဲ့အရာတွေကြောင့် ကစားသမားတွေက မူဝါဒက ဘာလဲဆိုတာကို မသိတော့ပါဘူး။ဒီနေ့မှာ ကျနော်တို့ ပင်နယ်တီရနိုင်တဲ့ အခြေအနေနှစ်ခုရှိပါတယ်။ဒါပေမယ့် သူတို့ဆီက စစ်ဆေးမှုတွေ မရခဲ့ပါဘူး။ဒါက လက်ထိဘောဆိုတာ ရှင်းရှင်းလင်းလင်းပဲလို့ ကျနော်ထင်ပါတယ်။ဒါဆို မူဝါဒတွေက ဘာတွေလဲ” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းကို ၂ မှတ် အသာ ရရှိထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် ကြားရက်မှာတော့ ဘက်တစ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။ပထမအကျော့ပွဲစဉ်တုန်းက ယူနိုက်တက်အသင်းဟာ ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source:Goal