CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ပြင်သစ်အစိုးရရှေ့နေတွေဟာ ဖေဖော်ဝါရီလ ၂၇ ရက်က ပီအက်စ်ဂျီအသင်း နောက်ခံလူ ဟာကီမီကို လိင်ပိုင်း ဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ ဒီဖြစ်ရပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဟာကီမီဟာ ဖေဖော်ဝါရီလ ၂၅ ရက်က ပဲရစ် ဆင်ခြေဖုံး ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက စွပ်စွဲခဲ့တာပါ။

Parisien သတင်းစာမှာ အဲဒီ အကြောင်းအရာကို အတည်ပြုခဲ့ပြီးနောက် အဲဒီအမျိုးသမီးဟာ တနင်္ဂနွေနေ့က ရဲစခန်းမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် စွဲချက်တင်ခဲ့ခြင်းတော့ မရှိဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီအမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အစိုးရရှေ့နေရုံးကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် မီဒီယာမှာ “သတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ထားပြီးပြီဖြစ်ပါတယ်၊ အမှန်တရားကို သိရှိဖို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက်စေတယ်”လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

မော်ရိုကိုအသင်းနဲ့အတူ ကစားနေတဲ့ ဟာကီမီကိုတွေ့ရစဉ်

ဟာကီမီဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း နောက်ဆုံး ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် ၂ ပွဲမှာ မပါဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ နောက်ခံလူဟာ ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဖီဖာ အကောင်းဆုံး ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး FIFPro ရဲ့ အမျိုးသား အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဟာကီမီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အခုလို အကောင်းဆုံး အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကို အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး စတုတ္တရရှိခဲ့တာပါ။

ကမ္ဘာ့ဖလားသမိုင်းမှာ မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ် တက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းနဲ့ အာရပ် အသင်းအဖြစ် မှတ်တမ်း တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: CNA