CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ပရီးမီးယားလိဂ်ထိပ်သီး ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ကာတာစော်ဘွား ရှိတ်ဂျာဆင် ဘင်ဟာမတ် အယ်လ်သာနီနဲ့ ရက်ကလစ်ဖ်တို့ဟာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။

ကာတာနိုင်ငံရဲ့ အကြီးဆုံး ဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ QIB ဘဏ်ဥက္ကဋ္ဌ ရှိတ်ဂျာဆင် ဘင်ဟာမတ် အယ်လ်သာ နီရဲ့ ဖောင်ဒေးရှင်းဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ လေလံဆွဲမှာ ဖြစ်သလို ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ Ineos က လည်း အသင်းက သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ မတိုင်ခင် လေလံဆွဲဖို့ တရားဝင် ပြုလုပ်လာခဲ့တာပါ။

ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ အမာခံပရိသတ်ဖြစ်ပြီး အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စား ကြောင်း အရင်ကတည်းက ပြောထားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ယူနိုက်တက်အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာမိသားစုဟာ ဗျူဟာမြောက် အခြားရွေးချယ် စရာတွေကို ရှာဖွေနေတာကြောင့် အသင်းကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ ပြောထားတာပါ။

အဲ့ဒီအချိန်ကတည်းက ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ သူတွေ အများအပြား ရှိလာခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထားပြီး အသင်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရက် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

 ယူနိုက်တက်အားကစားကွင်းကိုတွေ့ရစဉ်

ရှိတ်ဂျာဆင်ရဲ့ ကာတာလုပ်ငန်းစုကတော့ ဒီကမ်းလှမ်းမှုဟာ ယူနိုက်တက်အသင်းကို အရင်အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့တာပါ။

“အကြွေးကင်းစင်စွာနဲ့ ရှိတ်ဂျာဆင်ရဲ့ Nine Two Foundation က ဘောလုံးအသင်းတွေ၊ လေ့ကျင့်ရေး စင်တာ တွေ၊ အားကစားကွင်းနဲ့ ပိုပြီးကြီးမားတဲ့ အခြေခံ အဆောက်အဦတွေ၊ ပရိသတ် အတွေ့အကြုံတွေနဲ့ ကလပ်က ပံ့ပိုးပေးနေတဲ့ အသိုင်းအဝန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားသွားမှာပါ။ ဒီကမ်းလှမ်းမှုရဲ့ မျှော်မှန်းချက်ကတော့ ယူနိုက်တက်အသင်းဟာ ဘောလုံးထူးချွန်မှုနဲ့ ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံး ဘောလုံးအသင်းအဖြစ် သတ်မှတ် ခံရဖို့ ဖြစ်တယ်”လို့ ရှိတ်ဂျာဆင်ရဲ့ ကာတာလုပ်ငန်းစု ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အသက် ၇၀ အရွယ်ရှိ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်ရဲ့ Ineos ဟာ အားကစားမှာ ရင်းနှီးမြှုပ်နှံမှု သမိုင်းကြောင်း ရှိပြီး ပြင်သစ်လီဂူးဝမ်းကလပ် နိုက်စ်နဲ့ ဆွစ်ဇာလန်ကလပ် လောဇန်အသင်းတွေကို ပိုင်ဆိုင်ထားတာပါ။

ကာတာဝန်ကြီးချုပ်ဟောင်းရဲ့ သားဖြစ်သူ ရှိတ်ဂျာဆင်ရဲ့ လုပ်ငန်းစုဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် အဆိုပြုထားတဲ့ ပမာဏနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြောထားခြင်း မရှိပါဘူး။

မန်ချက်စတာကလပ်ကို ဝယ်ယူဖို့ အမေရိကန်နဲ့ ဆော်ဒီနိုင်ငံက လုပ်ငန်းစုအချို့ကလည်း စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: BBC