CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်နီဟာ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းရဲ့ နည်းပြ ရာထူးကို စိတ်ဝင်စားနေပြီး အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး ရာသီကြို လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဝိန်းရွန်နီဟာ မေဂျာလိဂ် ကလပ်အသင်းကို မကိုင်တွယ်ခင် ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းပိုင်ရှင် အခြေအနေတွေကြောင့် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အင်္ဂလန် ကစားသမားဟောင်းဟာ နည်းပြသစ် ရှာဖွေနေတဲ့ ဆောက်သမ်တန်အသင်း နည်းပြရာထူးကို စိတ်ဝင်စားနေတာပါ။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေပြီး အမှတ်ပေးဇယား အောက်ဆုံး နေရာမှာ ရပ်တည်နေတာကြောင့် နည်းပြဖြစ်သူ နသန်ဂျုံးစ်ကို ခန့်အပ်ပြီး ၃ လအကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ ဝိန်းရွန်နီဟာ ဒီရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ talkSPORT က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းနည်းပြ ရာထူးအတွက် ဝိန်းရွန်နီရဲ့ အင်္ဂလန် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လမ်းပတ်နဲ့ ဂျရတ်တို့လည်း စိတ်ဝင်စားနေတာပါ။

သူတို့နှစ်ဦးဟာ အဲဗာတန်၊ အက်စတွန်ဗီလာ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင် လိဒ်စ်အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ ဂျက်ဆီမာ့ချ် အပါအဝင် ပရီးမီးယားလိဂ် နည်းပြဟောင်းတွေ ဖြစ်တဲ့ ပိုချက်တီနို၊ ဆမ်အလာဒိုက်စ်၊ နူနိုဆန်းတို့စ်တို့လည်း ရေပန်းစားနေတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။

နည်းပြသစ်ကတော့ ဆောက်သမ်တန် အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည်နိုင်အောင် ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun‌