CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ယူနိုက်တက်အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဆုဖလားရချင်တယ်ဆိုရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင် ရမှာပဲလို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ အသင်းတွေနဲ့ တွေ့ဆုံမယ့်အပေါ် ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ ကျနော်တို့ ဒါကို ကြည့်ဖို့ မလိုအပ်ပါဘူး။ ကျနော်တို့ဟာ ဒီအသင်းတွေကို ရှောင်ရှားပြီး သွားချင်ပေမယ့် အခုဒီအသင်းတွေကို ရင်ဆိုင်သွားရမှာပါ။ ဒါပေမယ့် ဒါက ပြဿနာမရှိပါဘူး။ ပြိုင်ပွဲမှာ ဆုဖလား ရယူချင်တယ်ဆိုရင်တော့ ပြိုင်ပွဲရဲ့ ဘယ်လို အခြေအနေမှာမဆို အသင်းကောင်းတွေနဲ့တော့ ရင်ဆိုင်ရမှာပါပဲ။ အနှေးနဲ့ အမြန်ဆိုတာပဲ ရှိတာပါ။ အဲ့ဒီအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဂါနာချိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆိုစီဒက်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ် (Reuters)

ယူနိုက်တက်အသင်းဟာ ၁၆ သင်းအဆင့်ကို တန်းတက်နိုင်ဖို့အတွက် ဆိုစီဒက်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ၁ ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယသာ ရရှိခဲ့တာပါ။ အဲ့ဒါကြောင့် မန်ချက်စတာကလပ်ဟာ နောက်တစ်ဆင့်တက်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပလေးအော့ဖ် အဆင့်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ ဘာစီလိုနာ၊ အေဂျတ်စ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာစတဲ့ အသင်းတွေနဲ့ တွေဆုံနိုင်ဖွယ် ရှိနေတာပါ။

ဒီပွဲတွေအတွက် မဲခွဲမှုကို နိုဝင်ဘာလ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲစဉ်တွေကို ဖေဖော်ဝါရီလမှ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီး ကတည်းက လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိ ဖြတ်သန်းနေတာလည်း ဖြစ်တာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: MEN