CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅

COVID -19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လက်ရှိတွင် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စတင်ထိုးနှံပေးနေပြီး မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများမှ လူမှုဖူလုံရေးမှတ်ပုံတင်ထားသော အလုပ်သမားများကို ဩဂုတ်လ ၁၆ ရက်တွင် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယခုလ ၁၁ ရက်မှ စတင်၍ ပဲခူးတိုင်းဒေသကြီးတွင် အလုပ်သမားဦးရေ ၁၀၀၀၀ ခန့်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ထောင်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ စက်မှုဇုန်ခန်းမတွင် စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၅၉ ခုမှ အလုပ်သမား ၆၁၉၀ ဦးအတွက် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးအတွက်လည်း အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က ထုတ်ပြန်ထားသည်။

UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “စက်မှုဇုန်ပြင်ပရော စက်မှုထဲကရော အလုပ်သမားတွေကို ထိုး ပေးမှာ ဖြစ်တယ်။ ပထမတော့ စာရင်းဇယားလိုက်လို့လွယ်တဲ့ လူမှုဖူလုံရေး စာရင်းဝင် အလုပ်သမား စာရင်းကို ကောက်ပြီးတော့မှ တိုင်းကျန်းမာရေးက လိုက်ထိုးတာပေါ့။ စက်မှုဇုန် တစ်ခုထဲတော့ မဟုတ်ပါဘူး၊ ဇုန်ပြင်ပမှာ ရှိတဲ့ လမဖ စာရင်းဝင် နိုင်ငံသားရော နိုင်ငံခြားသားရောထိုးခွင့်ရှိပါတယ်။ ထိုးလည်း ထိုးပေးနေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

စက်မှုဇုန်ထဲရှိ စက်ရုံ၊ အလုပ်ရုံများထဲတွင် ကြီးမားစွာ ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားတာမျိုး မရှိသေးကြောင်း၊ အနည်းအကျဉ်း ဖျားနာတာမျိုးမှလွဲ၍ စက်ရုံတွင်းမှ ကူးစက်သွားသည့် သတင်းမျိုး ထွက်လာတာမျိုး မကြားသေးကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျမတို့ သတင်းပေးချင်တာလေးကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်ရင် ကိုဗစ်မကူးတော့ဘူး ဆိုတာတော့ ရာနှုန်းပြည့် မဟုတ်ပါဘူးရှင့်။ ကူးနိုင်ချေရှိပါတယ်။ ဒါပေမယ့် နည်းတယ်၊ ကူးပြီဆိုလည်း ဆေးမထိုးထားတဲ့ သူထက် ခံစားရတာ သက်သာတယ်လို့ ကြားပါတယ်။ ကိုယ့်မှာ ရောဂါအခံရှိနေရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဒီကြားထဲမှာလည်း ကြိုကြား ကြိုကြားပေါ့နော် ဘယ်သူကတော့ ဒီဆေးထိုး လို့ ဒီလိုဖြစ်တယ်ပေါ့။ သာမာန်တော့ မကြားမိဘူး။ မရှိဘူးလို့လည်း မပြောနိုင်ဘူး”ဟု ကာ ကွယ်ဆေး ထိုးခြင်းနှင့် ပတ်သက်ပြီး လက်ရှိ အခြေအနေကို ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လုပ်သားဦးရေ နှစ်သန်းကျော်ရှိပြီး ၁ ဒသမ ၃ သန်းမှာ လူမှုဖူလုံရေး အကြုံးဝင် အလုပ်သမားများဖြစ်ကာ ရန်ကုန်တွင် လူဦးရေ ၆၀၈၀၀၀ ကျော်၊ မန္တလေးတွင် ၉၇၀၀၀ ကျော်၊ ပဲခူးတိုင်းတွင် ၇၀၀၀၀ ကျော်နှင့် ဧရာဝတီတိုင်းတွင် ၃၆၀၀၀ ကျော် ရှိကြောင်း သိရသည်။

ယခုကာကွယ်ဆေး စတင်ထိုးနှံပေးနေသော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် လူမှုဖူလုံရေး စာရင်းဝင်အလုပ်သမားပေါင်း ၈၉၀၀၀၀ ကျော် ရှိသည်။

စက်မှုဇုန်လုပ်သားများကို ဆေးမထိုးတာထက်စာရင် အခွင့်ယူရေးတစ်ခု ယူလိုက်စေချင်ပြီး ကာကွယ်ဆေးထိုးခြင်းကို ပို၍ အားပေးကြောင်း လုပ်ငန်းရှင်လည်း ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

COVID -19 ကာကွယ်ဆေး ထိုးနှံမည့်နေရာများ၊ စုရပ်များ၊ တာဝန်ခံများကို လူမှုဖူလုံရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာဇုန်များမှ ဆက်လက် အသိပေးကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်ရှိ တရုတ်အထည်ချုပ် စက်ရုံ ဝန်ထမ်းတစ်ဦးက “ကျွန်မတို့ စက်ရုံမှာတော့ ကာကွယ်ဆေး ထိုးမယ့်သူတွေကို စာရင်းကောက်တာ ခဏ ခဏပဲ။ လူတွေကလည်း တော်ကြာ ထိုးမယ်ပြောပြီး နောက်တစ်ခါ ကောက်ရင် မထိုးတော့ပြန်ဘူး။ အခုက ကာကွယ်ဆေး ထိုးမယ့်သူက တစ်ရုံလုံးမှာ ဆယ်ယောက် ကျော်လောက်ပဲရှိမယ်။ ကျန်တဲ့သူက မထိုးကြဘူး။ ကိုယ့်ဘာသာ ကိုယ်ခံအားကောင်းအောင်ပဲနေမယ်ဆိုပြီး မထိုးတာ။ ထိုးလို့ ဖျားတာ ဘာညာဖြစ်ရင်လည်း အလုပ်ပျက်ရင် ဘောနပ်ပြုတ်ပြီး လကုန်ရင် ပိုက်ဆံက ရမှာမဟုတ်ဘူး”ဟု ပြောသည်။

ကာကွယ်ဆေး ထိုးမည့်သူများကို စက်ရုံမှ စာရေးပေးပြီး နီးစပ်ရာ ကျန်းမာရေးဌာနများတွင် မြို့နယ် အလိုက် သွားရောက်ထိုး ရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

#(UMFCCI)

#COVID -19 ကာကွယ်ဆေး

#ကျန်းမာရေး

#အလုပ်သမားများ

#မန္တလေး

#CNINews

#CNIMyanmar

#ChannelNewsIndependent