CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၇
အဆိုတော်နှင့် စီးပွားရေးလုပ်ငန်းရှင် ရီဟန်းနားသည် ဒေါ်လာ ၁ ဒမသ ၇ ဘီလီယံပိုင်ဆိုင်သူဖြစ်ခြင်းကြောင့် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဂီတအနုပညာရှင်ဖြစ်သည်ဟု Forbes မဂ္ဂဇင်းက အသိအမှတ်ပြုဖော်ပြ လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားသည်။
ရီဟန်းနားသည် R&B သီချင်းအများအပြား ရေးသားသီဆိုခဲ့ပြီး အရှိန်အဝါကြီးမားလှသည့် မိတ်ကပ်နှင့် ဖက်ရှင်အင်ပါယာကို အောင်မြင်စွာ တည်ထောင်ခဲ့သူဖြစ်သည်။ တခြားဂီတမဂ္ဂါစတားများဖြစ်ကြသည့် မက်ဒေါနား၊ ဘီယွန်စေးတို့လိုပဲ ယခုအချိန်မှာ သူလည်း ဝင်ငွေကျဆင်းနေသည်။
အတ္တလန္တိတ်သမုဒ္ဒရာအနောက်ပိုင်းရှိ ဘာဘေးဒိုးစ်ကျွန်းနိုင်ငံလေးမှာ မွေးဖွားခဲ့သည့် ရော်ဘင်ရီဟန်းနားဖန်တီ (Robyn Rihanna Fenty) သည် ၂၀၀၅ ခုနှစ်မှာ ပရိသတ်၏အာရုံစိုက်မှုရလာခဲ့ပြီး ဂျေးဇက်(Jay Z) နှင့်ပူးပေါင်းထုတ်လုပ်ခဲ့သည့် “We Found Love” နှင့် “Umbrella” တေးသီချင်းတို့သည် ကမ္ဘာကျော်သွားခဲ့သည်။
သို့သော် အင်တာနက်ပေါ်တွင် ဒေါင်းလုတ်များ ရခဲ့ခြင်းနှင့် ခရီးသွားလက်မှတ်ဝင်ငွေ ရခဲ့ခြင်းတို့က သူ့ချမ်းသာကြွယ်ဝမှုကို အထောက်အကူဖြစ်စေခဲ့သော်လည်း သူ့စီးပွားရေးအသိပညာက ဘီလျံနာ uber အဆင့်ရှိ သူဌေးမကြီးအဖြစ်သို့ တွန်းပို့ခဲ့သည်။
ကမ္ဘာ့အချမ်းသာဆုံးသူများစာရင်းများကို ပုံမှန်ပြုစုနေသည့် Forbes မဂ္ဂဇင်းက ရီဟန်းနားအနေဖြင့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကို ‘ဖန်တီအလှ’ (Fenty Beauty) ကုမ္ပဏီမှ ရရှိနေကြောင်း ခန့်မှန်းသည်။ ယင်းကုမ္ပဏီသည် ပြင်သစ်အကျော်အမော် LVMH ဖက်ရှင်လုပ်ငန်းနှင့် စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ကိုင်နေသည်။
ဖန်တီအလှ အလှကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွဲပြားခြားနားသည့် အသားအရေ ပိုင်ရှင်များစွာတို့နှင့် လိုက်ဖက်မည့် မိတ်ကပ်အလှကုန်ကို ထုတ်လုပ်ခဲ့သည်။
ရီဟန်းနားပိုင်ဆိုင်သည့် အမျိုးသမီးအတွင်းခံကုမ္ပဏီဖြစ်သော Savage x Fenty ကိုလည်း သူ့ပိုင်ဆိုင်မှု စာရင်းထဲတွင် ထည့်သွင်းတွက်ချက်ကြည့်ရာ ဒေါ်လာသန်း ၂၇၀ ရှိနိုင်ကြောင်း Forbes မဂ္ဂဇင်းက ဆိုသည်။
ရီဟန်းနားသည် ၂၀၁၆ ခုနှစ်ကတည်းက တေးအယ်လ်အသစ်တွေ မထွက်ရှိခဲ့သော်လည်း အင်စတာဂရမ်နဲ့ တွစ်တာတို့မှာ follower သန်း ၁၀၀ ကျော် ရရှိထားပြီး ပရိသတ်များအပေါ် လွှမ်းမိုးနေဆဲဖြစ်သည်။
Source: Forbes, Bangkok Post
#Rihanna
#ရီဟန်းနား
#Forbes
#ဒေါ်လာ
#CNINews
#CNIMyanmar
#ChannelNewsIndependent