CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဆန်တန်ချိန် ၂ သိန်း တင်ပို့ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆန်ထွက်ရှိမှုသည် ရခိုင်ပြည်နယ်အတွင်း စားသုံးမှု လိုအပ်ချက်ထက် လျော့ကျနေခြင်းကြောင့် ဒေသတွင်းစားသုံးမှု ဖူလုံဖို့ အနေအထား ရှိ/မရှိဆိုသည့် စစ်တမ်းကို လေ့လာရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပုံမှန်အားဖြင့် ရခိုင်ဒေသ တစ်ခုလုံးဆိုရင် ဆန်တန်ချိန် ၅ သိန်း လိုအပ်တာပေါ့၊ ကျနော်တို့ စားသုံးမှု ဖူလုံ ဖို့ အတွက်ဆိုရင်။ ဒီနှစ်မှာ ကျနော်တို့ တန်ချိန် ၅ သိန်း အနေအထား ရှိပါ့မလားပေါ့နော်၊ အဲဒါလည်း ကျနော်တို့က ဖြေရှင်းရမယ့် သဘောရှိတယ်။ G to G ပို့မယ့် အစီအစဉ်ကတော့ လေးနက်တဲ့ သဘောတော့ ရှိတယ်။ ကျနော်တို့ ဒေသမှာ ဘယ်လောက်ထိ စားသုံးမှု ဖူလုံနိုင်တဲ့ အနေအထား ရှိ/မရှိ ဆိုတာလေး ကျနော်တို့ ဒေသ စစ်တမ်းတွေကို သူတို့ ဖတ်ရှုရမယ် ထင်တယ်လို့ ကျနော်တို့ သုံးသပ်တယ်ပေါ့နော်။ အဲလို မဖတ်ရှုဘဲနဲ့ ကျနော်တို့ ဆန်တန်ချိန် ဒီအတိုင်း ၂၅၀၀ အထိ ပို့မယ်ဆိုတာ ဖြစ်သင့်သလားပေါ့။ အဲဒါကတော့ ကျနော်တို့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ တုံ့ပြန်ရမယ့် သဘောတော့ ရှိနေတယ်ပေါ့နော်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ဆန်တန်ချိန် ၂ သိန်းအနက် ရခိုင်ပြည်နယ်မှ ဆန်တန်ချိန် ၂၅၀၀ ပါဝင်မည်ဖြစ်ရာ ထို ဆန်များမှာ စစ်တွေ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ဆန်စက်များကနေ ထွက်ရှိသော အရည်အသွေး မြင့် ဆန်များဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်ခုကိုတွေ့ရစဉ် 

ထိုသို့ တင်ပို့ရာတွင် စစ်တွေ ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

၎င်းက “သေချာတော့ အတည်မပြုရသေးဘူး။ စစ်တွေကနေ ထွက်ဖို့တော့ ကျနော်တို့ စီစဉ်ထားတယ်။ ပုသိမ်ကနေ တိုက်ရိုက် တင်ဖို့ရှိတယ်။ စစ်တွေလည်း တိုက်ရိုက်တင်ဖို့တော့ စီစဉ်နေပါတယ်။ ရခိုင်ဆန်ပဲ ပို့မှာ။ သူက အဆင့်မှီတဲ့ ဆန်ပဲပေါ့။ ဆန်စပါးအသင်းချုပ်က စီစဉ်နေတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်စပါးများသည် ဒေသတွင်းစားသုံးမှု ဖူလုံရုံသာ ရှိသည့်အတွက် ပြည်ပသို့ ဆန် တင်ပို့ခြင်း၊ တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောင်းချမှုကို မပြုလုပ်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စားသုံးမှု ဖူလုံရန်အတွက် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ထံမှ ဆန်များ ပြန်လည် ဝယ်ယူနေရကြောင်း ဆန် စပါးစိုက် တောင်သူများထံမှ သိရသည်။

ယခု ရခိုင်မှ ထွက်ရှိသည့် ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာတွင် ရခိုင်ပြည်နယ် ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ ရခိုင်ဆန်ကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မည်ဆိုသော်လည်း မည်သည့် အချိန်ကာလတွင် ပို့ဆောင်မည်ကိုတော့ မသိရသေးပေ။