- By CNI News
- Category: ဆောင်းပါး
- Hits: 2201
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ အငြင်းပွားစရာ ထိုင်ဝမ်ခရီးစဉ်အပြီး ရက်သတ္တပတ်များအတွင်း တရုတ် နှင့် အမေရိကန် တင်းမာမှုသည် မကြာမီ လျော့ပါးသက်သာသွားမည့် အရိပ်လက္ခဏာ မမြင်ရသေးပေ။
စူပါပါဝါ နှစ်နိုင်ငံစလုံးသည် အင်ဒို-ပစိဖိတ်ဒေသ၏ အလယ်ခေါင်တွင် ဂိမ်းတစ်ခု ကစားကြဖို့ အစပျိုးခဲ့ကြသည်။
ထိုင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီတို့ကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြသမှုအဖြစ် မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အက်မားကီး(Ed Markey) ဦးဆောင်သော အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်များ၏ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့လည်း ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်သို့ ထပ် ရောက် လာပြန်သည်။
မားကီးတို့ အမေရိကန် လွှတ်တော်အမတ် တစ်သိုက်သည် တိုင်ပေမြို့တော်တွင် သမ္မတ ဆိုင်အင်ဝမ်၊ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူနှင့် ထိုင်ဝမ်အမျိုးသားလွှတ်တော်မှ အမတ်များ အပါအဝင် ထိုင်ဝမ် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုင်ဝမ်သို့ အမေရိကန်ဘက်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နောက်ဆုံး ခရီးစဉ်အပြီးတွင် ဒေါသထွက်နေ သော တရုတ်က ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုအသစ် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ပြတ်ပြတ်သား သား အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီနဲ့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် (Reuters)
ထိုင်ဝမ်တွင် လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) မှ ထိပ်တန်း အရာရှိများကို ပစ်မှတ်ထား ၍ အာရှအင်အားကြီး တရုတ်နိုင်ငံက ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။
တုံ့ပြန်မှု တစ်ရပ်အနေဖြင့် ဘေဂျင်း၏ “ပြင်းထန်သော ဖိအားပေးလှုံ့ဆော်မှု” အဖြစ် အမေရိကန် ယူဆသည့် လုပ် ရပ်ကို ဟန့်တားရန်အတွက် ပင်တဂွန်သည် ၎င်း၏ ကိုယ်ပိုင် စစ်သင်္ဘောများကို ထိုင်ဝမ်အနီး ဖြန့်ကျက်ချထားရန် စီစဉ်ခဲ့သည်။
အိမ်ဖြူတော်ရှိ အင်ဒို-ပစိဖိတ်ဒေသတာဝန်ခံ ကက်ကမ်းဘဲလ်က “ထိုင်ဝမ်-အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းရန် မဟာဗျူဟာလမ်းပြမြေပုံကို လာမည့် ရက်ပိုင်းအတွင်း ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ကျွန်းနှင့် ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ရန် အမေရိကန်၏ ကတိကဝတ်ကို အလေးထားပါကြောင်း” ပြောကြားခဲ့ သည်။
အငြင်းပွားနေသော တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်း၌ တရုတ်နှင့် အမေရိကန်တို့၏ စစ်ရေးလှုပ်ရှား မှုများ အရှိန်အဟုန် ပြင်းလာသဖြင့် ကြီးမားသည့်ပဋိပက္ခကို ကြိုးစားရှောင်ရှားလိုကြသည့် အရှေ့တောင်အာရှ နိုင်ငံများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။
စူပါပါဝါ နှစ်နိုင်ငံကြား တင်းမာမှုများ တိုးပွားလာမှာကို စိုးရိမ်နေသည့် စင်ကာပူဒုတိယဝန်ကြီးချုပ် လောရင့်ဝေါင် က “လက်ရှိ လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် စူပါပါဝါနှစ်နိုင်ငံဟာ ပဋိပက္ခဖြစ်နိုင်တယ်”ဟု သတိပေးခဲ့သည်။
အမေရိကန် လွှတ်တော်အမတ် ငါးဦးကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်ဝမ်နိုင်ငံခြားရေး၀န်ကြီး
တစ်ပတ်ကြာ ထိုင်ဝမ်ခရီးစဉ်သို့ မက်ဆာချူးဆက်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အမတ် အက်မားကီးနှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ် အမတ်များဖြစ်ကြသည့် ဂျွန်ဂါရာမန်ဒီ၊ ဗားဂျီးနီးယားပြည်နယ် အမတ် အလန်လိုဝမ်သယ်နှင့် ဒွန်ဘေယာ၊ အူမြူယာအေမာတာ ကိုးမန်းရက်ဝက်ဂန် စသည့် အမေရိကန်နိုင်ငံ ရေး နယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ လိုက်ပါလာခဲ့ကြသည်။
ကြိုတင် ကြေညာခြင်းမရှိသော ၎င်းခရီးစဉ်သည် တရုတ်နိုင်ငံအပေါ် ပိုမိုပြင်းထန်သော ရပ်တည်ချက် ဖြစ်ပေါ်စေ ခဲ့သလို ဝါရှင်တန်နှင့်ထိုင်ဝမ်တို့၏ နှစ်ဘက် သဘောတူညီချက်ကို မီးမောင်းထိုးပြခဲ့၍ လူအများ အံ့အားသင့်ခဲ့ ရသည်။
ထိုင်ဝမ်သမ္မတက ရုရှားနည်းတူ ရန်လိုသော အင်အားကြီး နိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံကို ပုံဖော်ပြောကြားခဲ့ သည်။
“ယူကရိန်းကို ရုရှားက ဒီနှစ်အစောပိုင်းက ကျူးကျော် ဝင်ရောက်လာတာဟာ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်အတွက် ခြိမ်းခြောက်မှု ရှိတယ်ဆိုတာ ပြသနေပါတယ်” ဟု လာရောက်လည်ပတ်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတဆိုင်အင်ဝမ်က ဆက်လက် ပြောကြားခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်ကို ပြတ်ပြတ်သားသား ထောက်ခံနေခဲ့သူ အထက်လွှတ်တော်အမတ် မားကီး က “ဝါရှင်တန်အနေဖြင့် မလိုလားအပ်သည့် ပဋိပက္ခကို တားဆီးရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည့် ကျင့်ဝတ် ဆိုင်ရာ တာဝန်များရှိကြောင်းနှင့် စိန်ခေါ်မှုများအတွင်း ထိုင်ဝမ်သည် မယုံနိုင်လောက်အောင် ထိန်းထိန်း သိမ်းသိမ်း နေထိုင်နိုင်ပုံကို ပြသခဲ့ကြောင်း” အသိအမှတ်ပြု ပြောကြားခဲ့သည်။
အမေရိကန်နဲ့ ထိုင်ဝမ်မဟာမိတ်ဖွဲ့မှုသာဓက
“ထိုင်ဝမ် ဆက်ဆံရေးအက် ဥပဒေအောက်မှာရှိတဲ့ ကျနော်တို့ ကတိကဝတ်တွေနဲ့အညီ အမေရိကန် ပြည်ထောင်စု ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထိုင်ဝမ်ရဲ့ အဓိပ္ပာယ်ပြည့်ဝစွာ ရပ်တည်ချက်ကို ဆက်လက် ပံ့ပိုးပေးပြီး ရေလက်ကြား ဖြတ်ကျော် အကျပ်ကိုင်မှုကို ခံနိုင်ရည်ရှိအောင် ကူညီသွားမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခနဲ့ လွဲမှားတဲ့ တွက်ချက်မှုတွေကို ရှောင်ရှားဖို့ အတူတကွ လက်တွဲသွားမှာပါ” ဟု အမေရိကန် လွှတ်တော် အမတ် မားကီးက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်၌ ထိုင်ဝမ်ကျွန်းပေါ်ရှိ တရုတ်ကွန်မြူနစ်ပါတီ၏ ထိုင်ဝမ်ရေးရာရုံး (TAO) က “ထိုင်ဝမ်ရှိ ထိပ် တန်း ဥပဒေပြုအမတ် အများအပြားကို တရုတ်ပြည်မကြီးသို့ လာရောက်ခြင်းအား တားမြစ်ခြင်း၊ ထိုင်ဝမ်ကုမ္ပဏီ များနှင့် ဘဏ္ဍာရေးလုပ်ငန်းများကို ကန့်သတ်ခြင်း အပါအဝင် ဒဏ်ခတ် အရေးယူမှုအသစ်များ ချမှတ်ကြောင်း” ကြေညာခဲ့သည်။
“တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ပြတ်ပြတ်သားသား ခိုင်မာသော အစီအမံများ လုပ်ဆောင်သွားမည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီ ဘင်းက တနင်္လာနေ့ သြဂုတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိပြီး မရှေးမနှောင်းမှာပင် ဝမ်ဝီဘင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ထိုင်ဝမ် ခွဲထွက်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံရေးသမား လက်တစ်ဆုပ်စာလောက်ဟာ သူတို့ရဲ့ ကျရှုံးခန်း ရောက်စေမယ့် ‘တရုတ်တပြည်ထောင်တည်းမူဝါဒ’ ကို စိန်ခေါ်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။
ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်
ထို့နောက် သီးခြားအနေဖြင့် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်ရေးလေ့ကျင့်မှုအသစ်သည် အမေရိကန်နှင့် ထိုင်ဝမ်တို့ကြား ပူးပေါင်းကြံစည်မှုနှင့် ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ရန်နှင့် ပြင်းထန်စွာ အဟန့်အတား ဖြစ်စေရန် ရည်ရွယ်ထားကြောင်း သတိပေးခဲ့သည်။
အိမ်ဖြူတော်မှ ကမ်းဘဲလ်က အာရှစူပါပါဝါ တရုတ်နိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်မှုများကို ဝေဖန်ခဲ့ပြီး ၎င်း၏ လုပ်ရပ်များသည် ရန်စခြင်း၊ မတည်မငြိမ် ဖြစ်စေခြင်းတို့ကို ရှားရှားပါးပါး ကြိုးပမ်းနေကြောင်း ရှုတ်ချခဲ့သည်။
အိုဘားမား အစိုးရလက်ထက်၌ “အာရှဆိုင်ရာ အချက်အချာ” မူဝါဒ ရေးဆွဲခဲ့ဖူးသူ ကမ်းဘဲလ်က အမေရိကန် အင်ဒို-ပစိဖိတ်ဒေသတွင်း မဟာမိတ်များကို ခုခံကာကွယ်ရန်အတွက် လာမည့် သီတင်းပတ်များအတွင်း အမေရိကန်၏ ကိုယ်ပိုင် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို အဆိုပါဒေသသို့ ဖြန့်ကြက် ချထားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
Pelosi ခရီးစဉ် မတိုင်မီကလည်း USS Ronald Reagan လေယာဉ်တင်သင်္ဘော အပါအဝင် အမေရိကန် စစ် သင်္ဘော ၄ စင်းကို ရေတပ်၏ စွမ်းပကားကို ပြသရန်နှင့် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို ထိန်းသိမ်းရန်အတွက် အဆိုပါ ဒေသသို့ စေလွှတ်ထားပြီး ဖြစ်သည်။
သိုဖြင့် ယခုလအတွင်း စူပါပါဝါ နှစ်နိုင်ငံသည် ဒေသတွင်း ရေပြင်တစ်လျှောက်တွင် အစွန်းထွက် အရိပ်ထိုးသည့် လောင်းကြေးမြင့်သော ထိုးနှက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။
တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်
ပလိုစီ၏ ခရီးစဉ်အပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် အီလက်ထရောနစ် စစ်ပွဲနှင့် ကင်းထောက် ပြိုင်ဆိုင်မှု များကိုလည်း အလောတကြီး လုပ်ဆောင်ခဲ့ကြသည်။ အပြည့်အဝ စစ်ဆင်ရေး လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တစ်နိုင်ငံနှင့် တစ်နိုင်ငံစမ်းသပ်နေခဲ့ကြသည်။
ပလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့ကို ကွာလာလမ်ပူမြို့မှ တိုင်ပေမြို့သို့ ယခုလ အစောပိုင်းတွင် ပို့ဆောင်ပေးခဲ့သည့် အမေရိကန်လေတပ်အား ခြေရာခံရန်နှင့် စောင့်ကြည့်ရန် တရုတ်စစ်တပ် (PLA) သည် ၎င်း၏ရေတပ်နှင့် လေတပ် များကို တာဝန်ပေးထားကြောင်း တရုတ်အစိုးရပိုင် CCTV ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။
PLA သည် Pelosi ၏ လေယာဉ်ကို ရှာဖွေထောက်လှမ်းရန် J-16D ကဲ့သို့သော အီလက်ထရောနစ်နည်းပညာသုံး ကင်းထောက် လေယာဉ်အချို့နှင့် စစ်သင်္ဘောများကို သုံးစွဲခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း တရုတ်အခြေစိုက် သတင်းရင်းမြစ်တစ်ခုက South China Morning Post သတင်းစာသို့ ပြောကြားခဲ့သည်။
“PLA အီလက်ထရောနစ် စစ်ဆင်ရေး ကိရိယာအားလုံးနီးပါးဟာ ပလိုစီရဲ့ ခရီးစဉ်တလျှောက် ပင်တဂွန် စစ်ဌာနချုပ်က စေလွှတ်လိုက်တဲ့ အမေရိကန်လေတပ် အဖွဲ့ရဲ့နည်းပညာ အဟန့်အတားတွေကို မထိုးဖောက်နိုင်တာ ကြောင့် ကောင်းကောင်း အလုပ်မဖြစ်ခဲ့ပါဘူး” ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
စူပါပါဝါနှစ်နိုင်ငံကြား တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာခြင်းနှင့်အတူ အမေရိကန်ရှိ အထင်ကရ တတ်သိ ပညာရှင်များသည် အမျိုးမျိုးသော စစ်ပွဲဂိမ်းများကို အရေးတကြီး လေ့လာစူးစမ်းနေကြောင်း သိရသည်။
ဩဂုတ်လ အစောပိုင်းတွင် ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က “အကယ်၍ ထိုင်ဝမ်နှင့် ပတ်သက်ပြီး အမှန်တကယ် ပဋိပက္ခဖြစ်ပွားခဲ့လျှင် အမေရိကန်အတွက် လေယာဉ်တင် သင်္ဘော နှစ်စင်း၊ စစ်သင်္ဘော အစင်း ၂၀ နှင့် လေယာဉ်အစင်း ၅၀၀ တို့ ထိခိုက်နိုင်ခြေရှိကြောင်း” ထောက်ပြခဲ့ သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက မမြင်ရတော့သည့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေ အပါအဝင် ဝါရှင်တန် အခြေစိုက် အမေရိကန်လုံခြုံရေးအသစ် (New American Security) အမည်ရှိ သုတေသနဌာနက ပို၍ပင် ဆိုးရွား သော ကောက်ချက်များအား ချပြလာခဲ့သည်။
စူပါပါဝါများ တင်းမာမှုသည် ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှကို အကြိမ်ကြိမ် စိုးရိမ်ထိတ် လန့် လာစေခဲ့သည်။
Bloomberg မီဒီယာနှင့် ဩဂုတ် ၁၅ ရက်၌ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် လောရင့်ဝေါင်က လက်ရှိအခြေအနေကို “အလွန်စိုးရိမ်စရာ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
“နှစ်နိုင်ငံစလုံးက ဆုံးဖြတ်ချက်တွေ ဆက်တိုက်ချတာဟာ ကျနော်တို့ကို ပိုပြီး အန္တရာယ်များတဲ့ နယ်ပယ်ထဲကို တွန်းပို့နေတယ်ဆိုတာ စတင်တွေ့မြင်နေရပါတယ်” ဟု လက်ရှိ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဝေါင်က မှတ်ချက်ချခဲ့သည်။
“သူတို့ပြောသလိုပဲ ဘယ်သူကမှ စစ်ထဲကို တမင်တကာ မဝင်ချင်ပေမယ့် တကယ်လို့ ပဋိပက္ခဖြစ်လာရင်တော့ ရှောင်လွှဲလို့ မရတော့ဘူး။ ဒါက အကြီးမားဆုံး ပြဿနာနဲ့ အန္တရာယ်ပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Source: Asia Times
(အေရှားတိုင်းမ်ဝက်ဆိုက်တွင် ဩဂုတ် ၁၇ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Richard Javad Heydarian ၏ US, China in a daring game of chicken over Taiwan ဆိုသော သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 2412
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄
ဂရမ်းဆလမ်းတစ်ဦးချင်း ချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားပြီး ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံဟာ တင်းနစ်လောက ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
ကစားသမားဘဝ ၂၇ နှစ်တာ ကာလအတွင်းမှာ နိုင်ပွဲတွေ အများကြီးရခဲ့တဲ့ ဆရီနာဝီလျံ မပါဝင်တော့တဲ့ တင်းနစ် ပွဲတွေကို စိတ်ကူးနဲ့ တွေးကြည့်တာတောင် ခက်ခဲပါတယ်။ အားကစားဘက်ကနေ ကြည့်မယ်ဆိုရင် ဆရီနာဝီလျံ ဟာ ပြိုင်ပွဲရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်တွေထဲက တစ်ဦးဖြစ်ပြီး အနိုင်ယူလိုစိတ် ဘယ်တော့မှ မပျောက်ဆုံးဘဲ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ အသန့်ရှင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြောဆိုတာတွေ၊ ကျားမတန်းတူညီမျှရေး၊ တန်းတူဆုကြေး ရရှိဖို့အတွက် လုပ် ဆောင်တာတွေ၊ လူမည်း အမျိုးသမီးအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံတွေကို မျှဝေပေးတဲ့ သူမကို အမှတ်ရနေကြမှာ ဖြစ်ပါတယ်။
ဆယ်ကျော်သက် တင်းနစ်မယ် ကိုကိုဂေါ့ဖ်က “ကျမ တင်းနစ်ကစားရတဲ့ အကြောင်းရင်းက ဝီလျံကြောင့်ပါ။ သူမ ရဲ့ အမွေအနှစ်က နောက်ထပ် မျိုးဆက်ပေါင်းများစွာကို လှုံ့ဆော်ပေးနိုင်တယ်”လို့ ပြောပါတယ်။
ဗြိတိန်တင်းနစ်မယ် ရာဒူကာနူကလည်း “သူမဟာ ပွဲကို ပြောင်းလဲနိုင်ခဲ့တယ်”လို့ သူ့၏ အမြင်ကို ပြောပြပါတယ်။ BBC Sports က ဆရီနာဝီလျံရဲ့ ကစားသမားဘဝ ထင်ရှားခဲ့တဲ့ အခိုက်အတန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁၉၉၉ အမေရိကန်အိုးပန်းမှာ ပထမဆုံး ဂရမ်းဆလမ်းအနိုင်ရ
*********************************************************
ဆရီနာဝီလျံဟာ နယူးယော့ခ်မှာ ဂရမ်းဆလမ်း ဆုဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့တုန်းက သူမရဲ့ အသက်ဟာ ၁၇ နှစ်အရွယ်သာ ရှိသေးပါတယ်။သူမဟာ ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ မိုနီကာဆီလတ်စ်၊ ဆီမီးဖိုင်နယ်မှာ ဒါဗန်ပေါ့တ်နဲ့ ဗိုလ်လုပွဲမှာ နာမည်ကြီးတင်းနစ်မယ် မာတီနာဟင်းဂစ် တို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သူမဟာ ပထမဆုံး အာဖရိကန်- အမေရိကန် အမျိုးသမီးအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး အဆိုပါ ရက်သတ္တပတ်ထဲမှာပဲ ညီမဖြစ်သူ ဗီးနပ်စ်ဝီလျံနဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ထပ်ရပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။
၂၀၀၁ အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှုကို ဖြေရှင်းခြင်း
*************************************************************
ဝီလျံ ညီအစ်မ နှစ်ဦးစလုံးဟာ ရိုးရာလူဖြူ အားကစားနည်းမှာ သူတို့ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လူမျိုးရေး ခွဲခြားမှု အကြောင်းနဲ့ ဖခင်ဖြစ်သူ ရင်ဆိုင်ရတဲ့ ပြဿနာတွေအကြောင်းကို ပြောခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဂရမ်းဆလမ်းရဲ့ အပြင်ဘက် ၂၀၀၁ အင်ဒီယန်းဝဲလ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံဖို့ အကြောင်း ဖန်လာ ခဲ့ပါတယ်။
ဗီးနပ်စ်က ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ အခါမှာတော့ ဖခင်ဖြစ်သူ ရစ်ချတ်နဲ့ ညီအစ်မတွေဟာ လုပ်ပွဲကစားဖို့ စီစဉ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ဆရီနာဟာ ဗိုလ်လုပွဲကစားဖို့ ထွက်လာတဲ့ အချိန်မှာ ပြင်းထန်စွာ လှောင်ပြောင် ခံခဲ့ရပါတယ်။
ဆရီနာဝီလျံနဲ့ ညီမဖြစ်သူ ဗီးနပ်စ် (GETTY IMAGES)
ရစ်ချတ်နဲ့ ဗီးနပ်စ်တို့ကိုလည်း ပရိသတ်တွေက လူမျိုးရေးအရ တိုက်ခိုက်ခဲ့ ကြပါသေးတယ်။ ဆရီနာဟာ နိုင်ပွဲ ရပြီးချိန်မှာ ပွဲကြည့်စင်မှာရှိတဲ့ ဖခင်ဖြစ်သူ သွားရောက် ပွေ့ဖက်ခဲ့ပါတယ်။ ဆရီနာနဲ့ ဗီးနပ်စ်တို့ဟာ ဒီပြိုင်ပွဲကို နှစ်ပေါင်းများစွာ သပိတ်မှောက်ခဲ့ကြပြီး ၂၀၁၅ အထိ ဝင်ရောက် မယှဉ်ပြိုင်ခဲ့တော့ ပါဘူး။
သြစတြေးလျအိုးပန်းကို ၂၀၀၃ ခုနှစ်က ဗိုလ်စွဲပြီး ဂရမ်းဆလမ်းအာလုံး ရယူနိုင်ခဲ့
*************************************************************************
ဆရီနာဝီလျံဟာ ၂၀၀၂ မှာ ဝင်ဘယ်လ်ဒန်နဲ့ ပြင်သစ်အိုးပန်း ချန်ပီယံဆုတွေကို ရယူပြီးနောက် သူ့ရဲ့ ဆုဖလား ဗီရို ထဲထည့်ဖို့ ဂရမ်းဆလမ်းဆုဖလားအဖြစ် သြစတြေးလျအိုးပန်းသာ ရှိတော့တာပါ။ ဆရီနာဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ မှာ ညီမဖြစ်သူ ဗီးနပ်စ်နဲ့ တွေ့ဆုံခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ အဓိကဆုဖလား ၄ ခု ဆက်တိုက်ကို ရယူနိုင်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ်မှာပဲ ဂရမ်းဆလမ်းဆုဖလား အားလုံးကို သိမ်းပိုက်နိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
၂၀၁၂ ဝင်ဘယ်လ်ဒန်အိုးပန်းနဲ့ လန်ဒန်အိုလံပစ်မှာ နှစ်ထပ်ကွမ်း အောင်မြင်မှုရယူခဲ့
****************************************************************************
ဆရီနာဝီလျံဟာ ၂၀၁၂ က လန်ဒန်မှာ ကျင်းပခဲ့တဲ့ အိုလံပစ်နဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းမှာ ချန်ပီယံဆုတွေကို နှစ်ထပ် ကွမ်း ရယူနိုင်ခဲ့ပါတယ်။ ဆရီနာဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့သလို အဆိုပါကွင်းမှာပဲ ကျင်းပခဲ့တဲ့ လန်ဒန်အိုလံပစ်မှာလည်း အောင်ပွဲခံနိုင်ခဲ့တာပါ။

ဆရီနာဝီလျံနဲ့ ဖခင်ဖြစ်သူ (talkSPORT)
လန်ဒန်အိုလံပစ်မှာလည်း ဆရီနာဝီလျံဟာ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ ပါတယ်။
၂၀၁၅ အမေရိကန်အိုးပန်းမတိုင်ခင် နောက်ထပ် ဆရီနာဆလမ်းထပ်ဖြစ်ခဲ့
*******************************************************************
ဆရီနာဟာ ၂၀၁၅ ရာသီအစနဲ့ အဆုံးကို ကမ္ဘာ့နံပတ်တစ်အဖြစ် ဖြတ်သန်းခဲ့ပြီး ၂၀၁၄ အမေရိကန်အိုးပန်းနဲ့အတူ သြစတြေးလျအိုးပန်း၊ ဝင်ဘယ်လ်ဒန်အိုးပန်းနဲ့ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၂၀၁၅ ခုနှစ်မှာ ရယူနိုင်ခဲ့ပါတယ်။
သူမဟာ ဂရမ်းဆလမ်း အားလုံးကို ရယူနိုင်ခဲ့တာကြောင့် နောက်ထပ် ဆရီနာဆလမ်းအဖြစ် သတ်မှတ်ခဲ့တာပါ။ ဆရီနာဟာ အမေရိကန် အိုးပန်းချန်ပီယံဆုကို ၄ နှစ် ဆက်တိုက် ရယူနိုင်ဖို့ ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်း နိုင်ခဲ့ပေမယ့် အီတလီနိုင်ငံသူ ဗင်စီက အားလုံး အံ့အားသင့်ဖွယ် စွမ်းဆောင်ပြခဲ့ပြီး ဆရီနာဝီလျံကို ကြေကွဲစေခဲ့ ပါတယ်။
ဂရမ်းဆလမ်းဆုဖလား ၂၃ ကြိမ်အဖြစ် ၂၀၁၇ သြစတြေးလျအိုးပန်းမှာ ကိုယ်ဝန် ၈ ပတ်နဲ့ ချန်ပီယံဆု ရရှိ
***********************************************************************************************
ဆရီနာဝီလျံဟာ တစ်နှစ်တာရဲ့ ပထမဆုံး ဂရမ်းဆလမ်း မတိုင်ခင် မကြာမီ သူမရဲ့ ပထမဆုံး ရင်သွေးလေး ရယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ကိုယ်ဝန်လွယ်ထားရတဲ့ ၈ ပတ်မှာ ဆရီနာဝီလျံဟာ ၈ ကြိမ်မြောက် သြစတြေးလျ အိုးပန်း ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး စတီဖီဂရဗ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် သူမရဲ့ အထက်မှာ ဂရမ်းဆလမ်း အများဆုံး ကစားသမားအဖြစ် မာဂရတ်ကော့တ် တစ်ဦးတည်းသာ ရှိတော့ပါတယ်။ ဆရီနာဝီလျံဟာ မီးမဖွားခင်မှာ ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
စူပါဟီးရိုးဝတ်စုံနဲ့ ၂၀၁၈ ပြင်သစ်အိုးပန်း ပြိုင်ပွဲဝင်
***************************************************
ဆရီနာဝီလျံဟာ အမေရိကန်မှာရှိတဲ့ လူမည်းအမျိုးသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကြုံတွေ့နေရတဲ့ ရုန်းကန်မှုတွေ၊ အထူးသဖြင့် ကိုယ်ဝန် ဒါမှမဟုတ် မီးဖွားခြင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အကျယ်တဝင့် ပြောဆိုခဲ့ပါတယ်။
ဆရီနာဟာ အိုလံပီယာကို မွေးဖွားပြီးနောက် သွေးကြောပိတ်ဆို့ပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဆရီနာဝီလျံ ဟာ ကလေးမွေးဖွားပြီးနောက် ၈ လအကြာ ပြင်သစ်အိုးပန်းပြိုင်ပွဲကို ပြန်လာခဲ့ပြီး သူ့ကိုယ်သူ Wakanda က ဘုရင်မလို့ ခံစားကာ သွေးခဲခြင်းကို ရင်ဆိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။
နှစ်လ အကြာမှာ သူမဟာ ဝင်ဘယ်လ်ဒန်အိုးပန်း ဗိုလ်လုပွဲ ရောက်ရှိခဲ့ပေမယ့် ကာဘာကို အရေးနိမ့် သွားခဲ့ပါ တယ်။

စည်းကမ်းကြီးကြပ်သူကို တုံ့ပြန့်နေတဲ့ ဆရီနာဝီလျံ (ABC News)
၂၀၁၈ အမေရိကန်အိုးပန်းမှာ အငြင်းပွားဖွယ်ရာဖြစ်ရပ် ဖြစ်ခဲ့
*******************************************************
ဆရီနာဝီလျံဟာ အမျိုးသမီး ဂရမ်းဆလမ်း အများဆုံး ကစားသမားအဖြစ် မာဂရတ်ကော့တ်ရဲ့ စံချိန်ကို ချိုးဖျက် နိုင်ဖို့အတွက် သမီးမွေးဖွားပြီးတာတောင် အကြိမ်ကြိမ် ကြိုးစားနေခဲ့တာပါ။ သူမဟာ ဗိုလ်လုပွဲမှာ နာအိုမီ အိုဆာကာနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဆရီနာဟာ ဒီပွဲမှာ သူ့ကို ၃ မှတ် လျှော့ချခဲ့တဲ့ ဒိုင်လူကြီး ကားလို့စ်ရာမို့စ်ကို လူလိမ်၊ အမှတ်သူခိုး ဆိုပြီး ခေါ်ဆိုမှု ခဲ့ပါတယ်။ အဲ့ဒီမှာ သဘောထားကွဲလွဲပြီး ပရိသတ်ကြီးဆီကို ဦးတည်သွားခဲ့ပါတယ်။ ဒီပွဲမှာ အိုဆာကာ အနိုင်ရခဲ့ ပေမယ့် သူတို့ နှစ်ဦးစလုံး ငိုကြွေးခဲ့ရတာပါ။

ငိုကြွေးနေတဲ့ ဆရီနာဝီလျံ (Tennis)
ပြန်လာနိုင်ဖို့ ကာလကြာရှည်စောင့်ဆိုင်းခဲ့ရပြီး ၂၀၂၂ ဝင်ဘယ်လ်ဒန်အိုးပန်းမှာ ပြန်ကစားနိုင်ခဲ့
******************************************************************************************
ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် အနားယူတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပြီး နောက်ဆုံးမှာ အံ့အားသင့်ဖွယ် တင်းနစ်ကွင်းတွေဆီကို ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆရီနာဟာ ပထမအဆင့်မှာပဲ အရေးနိမ့် ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
အခုဆိုရင် ဆရီနာဝီလျံဟာ အမေရိကန် အိုးပန်းအပြီးမှာ အနားယူတော့မှာ ဖြစ်တာကြောင့် ဆရီနာ နောက် တစ်ယောက် ဘယ်တော့မှ ရှိမှာမဟုတ်တော့ပါဘူး။ ဆရီနာ အနေနဲ့ ကစားသမားဘဝ နောက်ဆုံး ဂရမ်းဆလမ်း ပွဲစဉ်မှာ သူမျှော်လင့်နေတဲ့ အောင်မြင်မှုရယူပြီး အဆုံးသတ် မလားဆိုတာတော့ အားလုံးစိတ်ဝင်စားစွာနဲ့ စောင့်ကြည့် နေမယ်ဆိုတာ အသေအချာပါပဲ။
Source: BBC
- By CNI News
- Category: ဆောင်းပါး
- Hits: 2309
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄
အိန္ဒိယသည် ကက်ရှ်မီးယားဒေသနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ အငြင်းပွားနေသည့် ပါကစ္စတန်ကို ဆန့်ကျင် ရန် ဆယ်စုနှစ်နှင့်ချီလျက် ကြိုးပမ်းခဲ့နေခဲ့သည်။ သာယာလှပသည့် ဟိမဝန္တာ နယ်မြေဖြစ်သည့် ထိုဒေသကို နှစ်နိုင်ငံစလုံးက သူပိုင်ဆိုင်သည်၊ ငါပိုင်သည်ဟူ၍ အပြိုင်ငြင်းနေခဲ့ကြခြင်းအားဖြင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံ ရေးမှာ အမြဲလိုလို သဘောထား ကွဲပြားနေခဲ့သည်။
မဆုတ်မနစ်သော ပြိုင်ဆိုင်မှုအဖြစ် ပါကစ္စတန်သည် နယူးဒေလီ၏ နိုင်ငံခြားရေးမူဝါဒကို အမြဲအာရုံစိုက် စေခဲ့ သည်။ သို့သော် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကက်ရှ်မီးယားရှိ လာဒက်ဒေသတွင် အိန္ဒိယနှင့် တရုတ်စစ်သားများ အသေအပျောက်ရှိခဲ့သော နယ်နိမိတ် သတ်မှတ်ရေး တိုက်ခိုက်မှုများကြောင့် နယူးဒေလီရှိ နိုင်ငံခြားရေးမူဝါဒ ရေးဆွဲသူများသည် ၇၅ နှစ်မြောက် အိန္ဒိယစိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဘေဂျင်းကို အာရုံစိုက်သည့် မူဝါဒသို့ ရွေ့လျားပြောင်းလဲလာခဲ့သည်။
ယခုအခါ ပါကစ္စတန်ထက် ပို၍ ကြီးထွားလာနေသည့် အိန္ဒိယ၏ စီးပွားရေးသည် အာရှတလွှား ဘေဂျင်း၏ သြဇာ လွှမ်းမိုးမှုကို ပိုမိုအားကောင်းလာစေရန် တွန်းအားပေးမှုနှင့်အတူ “နယူးဒေလီသည် ဘေဂျင်းကို ဗဟိုပြု၍ ပိုမို ကြီးထွားလာနေပြီဖြစ်သည်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဒီအက်စ်ဟိုးဒါးက ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် (AP)
သူသည် လာဒက် အပါအဝင် ကက်ရှ်မီးယားကို ထိန်းချုပ်ထားသည့် အိန္ဒိယစစ်တပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ စီမံကွပ်ကဲခဲ့သူ ဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှကိုလိုနီ လက်အောက်မှ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရရှိခဲ့ပြီးကတည်းက သူပုန်ထမှုများ၊ ပိတ်ဆို့ခြင်းများနှင့် နိုင်ငံရေး အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသည်။
အိန္ဒိယသည် ၎င်း၏ အိမ်နီးချင်းများဖြစ်ကြသော ပါကစ္စတန်တို့၊ တရုတ်တို့နှင့် ဆင်နွှဲခဲ့သော စစ်ပွဲလေးခုအနက် နှစ်ခု၏ အချက်အချာ ဖြစ်ခဲ့သည်။ သုံးနိုင်ငံလုံး တင်းမာနေကြသော နယ်နိမိတ်မျဉ်း သတ်မှတ်ချက်သည် နျူက လီးယား ပိုင်ရှင်များ ကမ္ဘာ့တစ်ခုတည်းသော ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ တွင် ဆုံမိကြသည်။
အိန္ဒိယသည် ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ ဘက်မလိုက် လှုပ်ရှားမှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့သည် ထိုခေတ် သီအိုရီအရ စစ်အေးတိုက်ပွဲတွင် ဆိုဗီယက်(ရုရှား)ဖြစ်စေ၊ အမေရိကန် ဖြစ်စေ မည်သည့် အင်အားကြီးနိုင်ငံ၏ ထီးရိပ်ကိုမှ မခိုလှုံလိုသော နိုင်ငံပေါင်း ၁၀၀ ကျော်ကို စုစည်း တည်ထောင် ထားခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်း ပါကစ္စတန်တို့၊ တရုတ်တို့နှင့် အငြင်းပွားနေသော်လည်း အိန္ဒိယသည် ၎င်း၏ ဘက်မလိုက်သော ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲခဲ့ပြီး နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် ယနေ့အထိ ထားရှိသည်။ အိန္ဒိယသံတမန်များသည် ပါကစ္စတန်နှင့်ပတ်သက်၍ ကက်ရှ်မီးယား အရေးကို တွန်းအားပေးရန် အဓိက အာရုံစိုက် ထားကြသည်။
“ကက်ရှ်မီးယားဟာ ကျွန်ုပ်တို့၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိုးရိမ်ပူပန်မှုတွေရဲ့ အချက်အချာတစ်ခု ဖြစ်ပါတယ်” ဟု အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ထိပ်တန်းသံတမန်ရေးရာ ကိုင်တွယ်ခဲ့ရသူ ကန်ဝဲလ်စီဘယ် (Kanwal Sibal) က ပြောကြားခဲ့သည်။
အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်
သို့သော်လည်း အိန္ဒိယနှင့် တရုတ်တို့အကြား အငြင်းပွားနေသော နယ်စပ်ဒေသဖြစ်သည့် လာဒက်တွင် အာရှ အင်အားကြီး နှစ်နိုင်ငံကြား လက်ရှိစစ်ရေးအရ တင်းမာမှုများက ပြင်းထန်လာစေသည်။ သံတမန်ရေးနှင့် စစ်ရေး အရ ဆွေးနွေးပွဲ ၁၇ ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။
တရုတ်သည် စစ်ရေးအရ ခြိမ်းခြောက်မှုကို ကိုယ်စားမပြုဟု အိန္ဒိယက ဆယ်စုနှစ်များစွာ ကြာအောင် ယုံကြည်ခဲ့မိ ကြောင်း စစ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဟိုးဒါးက ပြောကြားခဲ့သည်။
သို့သော် လာဒက်ဒေသ၊ ဂယ်ဝမ် (Galwan) တောင်ကြားရှိ ကရာကိုရမ် (Karakoram) တောင်တန်းများတွင် ထိပ်တိုက် တွေ့ဆုံမှု ပြင်းထန်လာသောအခါ စစ်ရေးတင်းမာမှုများမှ ၂၀၂၀ ပြည့်နှစ် အလယ်ပိုင်းအရောက်၌ အဆိုပါ ကဲကူလပ်သင်္ချာပုံစံ (calculus) သည် ပြောင်းလဲသွားရလေတော့၏။
“ဂယ်ဝမ်ဟာ မဟာဗျူဟာမြောက် ထိုးဖောက်မှု အနေအထားကို ကိုယ်စားပြုပါတယ်” ဟု နယူးဒေလီ အခြေစိုက် မူဝါဒရေးရာအဖွဲ့ဖြစ်သော လူမှုရေးနှင့် စီးပွားရေး တိုးတက်မှုစင်တာမှ အတွင်းရေးမှူး ကွန်စတန်တီနိုဇာဗီယာက ပြောကြားခဲ့သည်။
“နယ်နိမိတ်ပြဿနာကို ဖြေရှင်းရုံတင်မကဘဲ တရုတ်နဲ့ ဆက်ဆံရေး တစ်ခုလုံးကို ပြန်ပြီး သတ်မှတ်ဖို့ လိုအပ်ဆို တာ အိန္ဒိယရဲ့အသစ်ကို ဖန်တီးရန်အလို့ငှာ အထောက်အကူ ပြုခဲ့ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နှစ်ဘက်တပ်များမှ စစ်သားများသည် ကျောက်တုံးများ၊ လက်သီးများနှင့် အခြားလက်သုံး ကိရိယာများဖြင့် အလယ်ခေတ်ပုံစံ ခင်းကျင်း၍ တိုက်ပွဲဝင်ခဲ့ကြရာ အနည်းဆုံး အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဦးဆောင်သော အစိုးရသည် ကက်ရှ်မီးယား ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တပိုင်းတစကို ဖျက်သိမ်းခဲ့ပြီး ထိုဒေသထဲရှိ နိုင်ငံရေးသမားများ၊ သတင်းသမားများနှင့် ဆက်သွယ်ရေးများကို ချုပ်ကိုင်ခဲ့သည်။
ထို့နောက် တစ်နှစ်အကြာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။
တရုတ်နဲ့ အိန္ဒိယ စစ်သားများ တိုက်ခိုက်မှုဖြစ်ပွား(GETTY IMAGES)
ဗဟိုအစိုးရသည် မွတ်ဆလင် အများစု နေထိုင်ရာဒေသကို ပြည်ထောင်စု အုပ်ချုပ်ခွင့်ရနယ်မြေ နှစ်ခုဖြစ်သည့် လာဒက်နှင့် ဂျမူး-ကက်ရှ်မီးယားဟူ၍ ခွဲထုတ်ပြီး မြေယာနှင့် အလုပ်အကိုင်များတွင် အမွေဆက်ခံသော အကာ အကွယ် ပေးမှုများကို တစ်ခန်းရပ်စေခဲ့သည်။
အစိုးရသည် အဆိုပါ လှုပ်ရှားမှုများတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲများသာ ပါဝင်ကြောင်း အခိုင်အမာ ပြောကြားထားပြီး ကာလကြာရှည် ဆုပ်ကိုင်ထားသည့် ဟိန္ဒူ အမျိုးသားရေးဝါဒီ ကတိကဝတ်များ ရှိခဲ့သည့် ကက်ရှ်မီးယား ဒေသအတွင်းသို့ တခဲနက် မွတ်ဆလင်များ ပေါင်းစည်းသွားမည့် အရေးကို ချင့်ချိန်ခဲ့သည်။
ကက်ရှ်မီးယားသည် နိုင်ငံတကာ အငြင်းပွားမှုဖြစ်ပြီး ၎င်း၏ အဆင့်အတန်းတွင် တစ်ဖက်သတ် ပြောင်းလဲမှုသည် နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်က တုံ့ပြန်ခဲ့သည်။
သို့သော် ကက်ရှ်မီးယားတွင် နယူးဒေလီ၏ လှုပ်ရှားဆောင်ရွက်မှုအတွက် အဓိက သံတမန်ရေး စိန်ခေါ်မှုမှာ မမျှော်လင့်ထားသော ပြိုင်ဘက်ဖြစ်သည့် တရုတ်ထံမှ လာလေတော့၏။
ဘေဂျင်းသည် နယူးဒေလီကို မှိုချိုးမျှစ်ချိုးဝေဖန်ခဲ့သည်။
ကက်ရှ်မီးယား အငြင်းပွားမှုကို ဆယ်စုနှစ် ၅ ခုနီးပါး တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပထမဆုံး အကြိမ် အခြေအတင် ဆွေးနွေးခဲ့ပြီး ထိုကိစ္စ ဇာတ်ထုပ်အပြည့်အစုံကို ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်အလံကို တွေ့ရစဉ် (AP)
အိန္ဒိယကတော့ အငြင်းအခုံရှိသည့် နယ်နိမိတ်မျဉ်းအတိုင်း တသမတ်တည်း ရပ်တည်ခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းက ကက်ရှ်မီးယားသည် ပါကစ္စတန်နှင့် အိန္ဒိယ နှစ်နိုင်ငံ ပြဿနာသာ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုပေးခဲ့ကြသည်။
ပါကစ္စတန်အတွက် ကက်ရှ်မီးယားသည် အိန္ဒိယပြည်တွင်းရေး ကိစ္စဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြ သည်။
မြေပြင်ပေါ်ရှိ ဝေဖန်သူများကိုလည်း ကက်ရှ်မီးယားသည် အကြမ်းဖက်ဝါဒနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ခေါင်းမာမာဖြင့် အခိုင်အမာ ပြောဆိုခဲ့ကြသည်။
အစပိုင်းတွင် နယူးဒေလီသည် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုကို အကြီးအကျယ် ဖြစ်ခဲ့ သော်လည်း ငြိမ်းချမ်းစွာ ရင်ဆိုင်ခဲ့သည်။
သို့သော်လည်း သဘောထား ကွဲလွဲမှုများကို ဖြိုခွဲလိုက်ခြင်းကြောင့် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယထိန်းချုပ်မှုအပေါ် လက်နက်ကိုင် ပုန်ကန်မှု အပြည့်အဝ ဖြစ်လာခဲ့ရာ ကြာရှည်သော ပဋိပက္ခကြောင့် ဒေသတွင်း၌ လူထောင် ပေါင်းများစွာ သေဆုံးခဲ့ရသည်။
၁၉၉၉ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားလက်နက် ကိုယ်စီပိုင်ဆိုင်သော နိုင်ငံများ ဖြစ်လာ သောကြောင့် ကက်ရှ်မီးယားသည် အလားအလာရှိသော နျူကလီးယား အားပြိုင်စရာ ဆုံချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အိန္ဒိယနဲ့ တရုတ် နယ်နိမိတ်မျဉ်းသတ်မှတ်ချက်အနီးက -အိန္ဒိယစစ်သားတစ်ဦး
၎င်းတို့၏ ထိပ်တိုက်တွေ့မှုသည် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ခံခဲ့ရပြီး ထိုအချိန်က အမေရိကန်သမ္မတ ဘီလ်ကလင်တန်က ကက်ရှ်မီးယားကို “ကမ္ဘာ့အန္တရာယ် အရှိဆုံးနေရာ” ဟုပင် ပြောကြားခဲ့သည်။
ကက်ရှ်မီးယား ဒေသအတွင်း အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်သည့် နက်ရှိုင်းသော စိတ်ဓာတ်များ ရှိနေသော်လည်း နိုင်ငံခြားရေး ဖိအားများကို ပိတ်ဆို့တားဆီးရာတွင် နယူးဒေလီသည် ဆယ်စုနှစ်များအတွင်း အောင်မြင်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူအများစုက ယုံကြည်ကြသည်။
ယခုအခါ နယူးဒေလီ မူဝါဒ ချမှတ်သူများသည် အာရှတွင် ပိုမိုအားကောင်းလာပြီး ကက်ရှ်မီးယားအပေါ် ပါကစ္စတန်၏ ရပ်တည်ချက်ကို ထောက်ခံသည့် တရုတ်၏ အခြေခံ စိန်ခေါ်မှုကို ထပ်မံ ရင်ဆိုင်နေရသည်။
ပါကစ္စတန်သည် ယခုအခါ တရုတ်ဩဇာ လွှမ်မိုးမှုကြောင့် ဘေဂျင်းအစိုးရ၏ မိတ်ဖက်အဖြစ် ပိုမိုရှုပ်ထွေးသော နိုင်ငံရေး အခန်းကဏ္ဍတွင် လုပ်ဆောင်နေပြီဟု ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Paul Staniland က ပြောကြားခဲ့သည်။
“ဒါက သူတို့အပေါ် သြဇာလွှမ်းမိုးမှု တစ်ခုခု ပေးတာပဲဖြစ်တယ်” ဟု ၎င်းက ကောက်ချက်ချသည်။
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(AP)
တိုးချဲ့ဒေသတွင် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အိန္ဒိယသည် သဘောထား ကွဲလွဲ မှုပုံစံကို လုံးဝသည်းမခံကြောင်း ပြသထားသောကြောင့် ကက်ရှ်မီးယား ဒေသခံများသည် ၎င်းတို့၏ အရပ်ဘက် လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ် ခံရသည့်ကြားက အများစုမှာ နှုတ်ဆိတ်လို့ နေပေးခဲ့ရသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကောင်းလာမှုသည် အိန္ဒိယကို အမေရိကန်နှင့် ပိုမိုနီးကပ်စေခဲ့ပြီး အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်တို့ကြားရှိ အင်ဒို-ပစိဖိတ် မဟာဗျူဟာမြောက် မဟာမိတ်အသစ်ဖြစ်သော Quad ထံသို့လည်း အိန္ဒိယရောက်ရှိစေရန် တွန်းအားပေးခဲ့သည်။
စစ်အေးခေတ်တွင် အမြစ်တွယ်နေသည့် အိန္ဒိယ၏ ဘက်မလိုက်သော ရပ်တည်ချက်ဟောင်းသည် ၎င်း၏ နယ်နိမိတ်မှ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာရှိ ဘေဂျင်းပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရပြီးနောက် နိဋ္ဌိတံ သွားခဲ့သည်။
ကက်ရှ်မီးယား ဒေသတစ်ခုလုံးသည် အိန္ဒိယနိုင်ငံ၏ နယ်နိမိတ်အနေဖြင့် ပထဝီဝင်ဆိုင်ရာ ပြိုင်ဆိုင်မှုနှင့် အင်အား ပြိုင်ဆိုင်မှု၏ အဓိကနေရာတစ်ခု ဖြစ်လာခဲ့သည်။

Quad ဟုခေါ်သည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်မဟာမိတ် (AP)
“Quad ၏ အဓိက အချက်ဖြစ်သည့် တရုတ် ရန်လိုမှု မှန်သမျှကို ဆန့်ကျင် တည်ဆောက်နေသည့် လုံခြုံရေးစည်း အသစ် ရှိနေကြောင်း သိရှိစေခြင်းဖြင့် ၎င်း၏ ရည်မှန်းချက်များကို တားဆီးရန် တရုတ်နိုင်ငံအား ခုခံကာကွယ်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်” ဟု ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကန်ဝဲလ်စီဘယ်က ပြော ကြားခဲ့သည်။
ယခုအခါ Quad သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် တွေးခေါ်ရှင်များအကြား ဆွေးနွေးမှုများတွင် အဓိက ဗဟိုချက်အဖြစ် မှတ်ယူ၍ နယူးဒေလီအစိုးရသည် နယ်နိမိတ် ထိစပ်မှု ရှည်လျားလှပြီး အိမ်နီးချင်း ဖြစ်သော်လည်း သစ္စာမဲ့လှသည့် တရုတ်နှင့် အကန့်အသတ်မရှိ နယ်နိမိတ်တလျှောက်ဟု ယူဆလျက် အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခဲ့သည်။
ဘေဂျင်းသည် Quad အား ၎င်း၏စီးပွားရေး တိုးတက်မှုနှင့် သြဇာလွှမ်းမိုးမှုကို ချုပ်ကိုင်ရန် ကြိုးပမ်းမှုအဖြစ် အတိ အလင်း ရှုမြင်သည်။
“ဒါက ခင်ဗျားကို တားဆီးဖို့ တခြားသူတွေနဲ့ ပူးပေါင်းရေး အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အချက်ကို တရုတ်နိုင်ငံကို ပြလိုက်တာပါပဲ" ဟု ကန်ဝဲလ်စီဘယ်က ပြောကြားခဲ့သည်။
Source: The Diplomat
(The Diplomat ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Aijaz Hussain ၏ At 75, India’s Kashmir Challenge Shifts Foreign Policy Focus ခေါင်းစဉ်ဖြင့် ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 2015
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀
အမေရိကန် ပိတ်ဆို့အရေးယူမှု ရှိနေစဉ်အတွင်း ယခင်လကုန်ပိုင်းက ကုန်တင်သင်္ဘောတစ်စင်းသည် ဆီးရီးယားမှ စတင် ခုတ်မောင်းလာခဲ့ပြီး တူရကီနိုင်ငံ၏ ဘောစဖောရက် ရေလက်ကြားကို ဖြတ်သန်းပြီး ရုရှားနိုင်ငံသို့ ဦးတည်သွားခဲ့သည်။
ယူကရိန်းတွင် တိုက်ခိုက်နေဆဲ သမ္မတဗလာဒီမာပူတင်၏ စစ်ပွဲကို အားဖြည့်တင်းရန်အတွက် အဆိုပါ Sparta II ကုန်တင် သင်္ဘောအကြောင်းကို ဥရောပထောက်လှမ်းရေး အရာရှိများက ခြေရာခံခဲ့သည်။
နိုဗိုရိုစီယက်ခ် ပင်လယ်နက် ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော အဆိုပါ သင်္ဘောခရီးစဉ်ကို ကြည့်လျှင် ယခုအခါ ၆ လကြာပြီ ဖြစ်သည့် ကျူးကျော်စစ်အတွက် အရင်းအမြစ်များ ထပ်မံရှာဖွေဖို့ ကရင်မလင် သမ္မတနန်းတော်၏ ကြိုးပမ်းမှုကို ကွင်းကွင်း ကွက်ကွက် တွေ့ရမည်ဖြစ်သည်။
ဖြစ်ပွားနေဆဲ ယူကရိန်းစစ်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမြေပေါ်၌ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုဖြစ်နေ၍ ကုန်စည်ထောက်ပံ့ရေးလိုင်းများလည်း အဆင်မချောဘဲ တင်းမာခက်ခဲနေသည်။
ယူကရိန်းသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှ လက်နက်များ ဒေါ်လာဘီလီယံနှင့်ချီ၍ လက်ခံ ရရှိထားသော်လည်း ရုရှားကတော့ အဆုံးအရှုံး များပြားနေသည့်ကြားမှ ရှေ့တန်းတပ်များကို ထောက်ပို့ပေးနိုင်ရန် အတွက် ၎င်း၏ ကိုယ်ပိုင် အရင်းမြစ်များကိုသာ အားကိုးရမည် ဖြစ်သည်။
ယူကရိန်းစစ်မျက်နှာတွင် ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့ပြီး သံချပ်ကာ ယာဉ်ပေါင်း ထောင်နှင့် ချီ၍ ပျက်စီးခဲ့ကြောင်း အမေရိကန်က ခန့်မှန်းသည်။
ရုရှားသည် ပင်လယ်နက်ထဲသို့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် ကုန်တင်သင်္ဘောများကို သုံးနေကြောင်း အမေရိကန် အစိုးရအနေဖြင့် ယုံကြည်ထားသည်ဟု ဥရောပ ထောက်လှမ်းရေး သတင်းများ ပဲ့တင်ထပ်နေခဲ့သည်။

Sparta II ကုန်တင်သင်္ဘောကိုတွေ့ရစဉ်(GETTY IMAGES)
ထိုဖြစ်စဉ်နှင့်နီးစပ်သူ ထောက်လှမ်းရေးအရာရှိက Bloomberg မီဒီယာသို့ ဖွင့်ချခဲ့သော်လည်း အတွင်းစည်း လျှို့ဝှက်ချက်များ ဖြစ်သဖြင့် အဆိုပါ ထောက်လှမ်းရေးအရာရှိ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်ခြင်း မရှိပါ။
Sparta II သင်္ဘောသည် ဆီးရီးယားနိုင်ငံ တာတက်စ်ဆိပ်ကမ်းမှာ စစ်သုံးယာဉ်များ သယ်လာသည်မှာ သေချာပေါက်ဖြစ်ကြောင်း ထောက်လှမ်းရေး အရာရှိများ၏ ပြောကြားချက်နှင့်အတူ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်ကြား ရိုက်ကူးထားသော ဂြိုဟ်တု သတင်းဓာတ်ပုံများကိုပါ Bloomberg မီဒီယာက တွေ့မြင်ခဲ့ရသည်။ တာတက်စ်ဆိပ်ကမ်းသည် ရုရှားတို့ သုံးစွဲနေကျ ကုန်တင် ကုန်ချ ဆိပ်ကမ်းလည်း ဖြစ်သည်။
ထိုသင်္ဘောဖြင့် တင်ဆောင်လာသည့် စစ်သုံးယာဉ် အမျိုးအစားများကိုတော့ အတိအကျ မသိရသေးကြောင်း အဆိုပါ ထောက်လှမ်းရေး အရာရှိများက ဆက်လက် ပြောကြားခဲ့သည်။
သင်္ဘောကို ကနဦး ဆီးရီးယားတွင် မြင်တွေ့ခဲ့ရပြီးနောက် စစ်သုံးယာဉ်များ တင်ဆောင်ကာ ဘောစဖောရက် ရေလက်ကြား ဖြတ်ကျော်ခဲ့ကာ နိုဗိုရိုစီယက်ခ် ဆိပ်ကမ်းတွင် ချခဲ့သည်မှာ အနည်းဆုံး စစ်သုံးမော်တော်ယာဉ် ၁၁ စီးအထိ ရှိကြောင်း သိရ သည်။
အဆိုပါသင်္ဘောကို ပိုင်ဆိုင်သူမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်မှုအောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီကို ပြီးခဲ့သည့် မေလ၌ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း ရေကြောင်း ခြေရာခံ အချက်အလက်များအရ သိရသည်။
သင်္ဘောသည် နေတိုးအဖွဲ့ဝင် တူရကီ၏ ရေလက်ကြားထဲသို့ အတားအဆီးမရှိ ရက်စွဲစဉ်အလိုက် ပင်လယ်ရေလမ်းခရီးကို အောင်မြင်စွာ ခုတ်မောင်းနိုင်ခဲ့သည်။
ပူတင်၏ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုအပြီး မကြာမီမှာပင် တူရကီနိုင်ငံ၏ ဘောစဖောရက် ရေလက်ကြားကို စစ်သင်္ဘော များ သွားလာခြင်းကို Montreux ကွန်ဗင်းရှင်းအရ အန်ကာရာအစိုးရ(တူရကီ)က တားဆီးရန် ပိတ်ပင်ခဲ့သည်။ သို့သော် ကုန်သွယ်ရေး လုပ်ငန်းသုံး သင်္ဘောများကိုတော့ ဖြတ်သန်းခွင့် ပြုထားသည်။
ရုရှားသည် အော်ဘိုရိုလော်ဂျစ်စတစ်ကာ OOO ကုမ္ပဏီမှ ကုန်တင်သင်္ဘောများကို ယခုနှစ်အတွင်း တူညီသော လမ်းကြောင်း တလျှောက် အခေါက်ခေါက်အခါခါ သုံးခဲ့ကြောင်း တွေ့ရသည်။ ထိုကုမ္ပဏီသည် ယခင်ကလည်း ရုရှားမှ ဆီးရီးယားသို့ စစ်ဘက်သုံး ကိရိယာနှင့် လက်နက်များကို ကူးချည်သန်းချည် လုပ်ပေးခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက တူရကီ အစိုးရထံသို့သာ မေးမြန်းရန် တုံ့ပြန်ခဲ့သည်။
ထို့ကြောင့် တူရကီထံသို့ ဆက်လက်မေးမြန်းရာ တူရကီအစိုးရ တာဝန်ရှိသူတစ်ဦးက “ကုန်တင်သင်္ဘောတစ်စင်းကို အကြံပြု ခြင်း (သို့မဟုတ်) မှားယွင်းနေခြင်း စသည့် သံသယရှိမှသာ စစ်ဆေးကြောင်း” ဖြေကြားခဲ့သည်။

ရုရှားတပ်ဖွဲ့၀င်များကိုတွေ့ရစဉ် (GETTY IMAGES)
ထိုသို့ အခြေအနေနှင့်ပတ်သက်၍ တူရကီတာဝန်ရှိသူများနှင့် အမေရိကန်တို့ စကားပြောခဲ့ခြင်း ရှိ/မရှိဆိုသည့် သဘောထား မှတ်ချက်ကိုတော့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားရန် ငြင်းဆန်ခဲ့သည်။
အလားတူ ကရင်မလင်သမ္မတနန်းတော်နှင့် အော်ဘိုရိုလော်ဂျစ်စတစ်ကာတို့ကလည်း မှတ်ချက်ပေးရန် တောင်းခံခြင်းကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။
သေချာသည်မှာ ရုရှားနိုင်ငံတွင် သမ္မတပူတင် ကြီးကြပ်၍ ဆယ်စုနှစ်တစ်ခုကြာ ခေတ်မီတိုးတက်ရေး အစီအစဉ်များ၌ လက်နက် သိုလှောင်ရုံ အမြောက်အမြား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုစစ်ပွဲ၌ လက်နက် ထောက်ပံ့ရေး အစီအစဉ်များကိုတော့ ကရင်မလင် တာဝန်ရှိသူများက ထုတ်မပြောကြပေ။
ဆယ်စုနှစ်များစွာ သက်တမ်းရင့်နေပြီဖြစ်သည့် T-62 တင့်ကားနှင့်သံချပ်ကာယာဉ် အများအပြား ဆုံးရှုံးရခြင်းသည် မော်စကို အပေါ် စစ်လက်နက်ပစ္စည်းများ ထပ်မံသိုလှောင်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း အမေရိကန်နှင့်ဥရောပ အစိုးရအရာရှိများက ပြောကြားခဲ့ကြသည်။
အထူးသဖြင့် စစ်ပွဲအစတွင် မိမိထက် သာလွန်အင်အားရှိသော ရန်သူနှင့် ထောက်ပို့ဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသော် လည်း ယူကရိန်း၏ စစ်ရေးဆုံးရှုံး ပမာဏကို ရုရှားကဲ့သို့ပင် ထုတ်မပြောခဲ့ပေ။
ပြီးခဲ့သည့် မေလမှ ဇွန်လအတွင်း စစ်မြေပြင် သေဆုံး/ဒဏ်ရာရသူ စာရင်းမှာ နေ့စဉ် ၁၀၀ မှ ၂၀၀ အထိ ရှိသော်လည်း တစ်ရက်လျှင် အရေအတွက် ၃၀ ခန့် ကျဆင်းသွားကြောင်း ဝေါစထရိဂျာနယ်နှင့် ဇူလိုင် ၂၂ ရက် အင်တာဗျူးတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။ ထိုအရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

အမေရိကန်ထံမှ ယူကရိန်းရသည့် ဟိမာ့စ် (HIMARS) တာဝေးပစ် လက်နက်ကြီး (GETTY IMAGES)
၂၀၁၅ ခုနှစ်တွင် ပူတင်သည် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်ကို ကျားကန်ပေးရန်အတွက် စစ်ဆင်ရေး အမိန့်ပေး ပြီးနောက် ဆီးရီးယားမြေပေါ်သို့ ရုရှားတပ်များ ပို့ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဆီးရီးယား၌ တိုက်လေယာဉ်များ၊ လေဆာပဲ့ထိန်း ဒုံးကျည်များ၊ တင့်ကားများ၊ အီလက်ထရောနစ် စစ်ဆင် ရေး နည်းလမ်းများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါအဝင် အဆင့်မြင့် စစ်လက်နက် အမျိုးအစား ၁၆၀ ကို စမ်းသပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂုက ပြောကြားခဲ့သည်။
ကရင်မလင်သည် နောက်ထပ် စစ်လက်နက်ရနိုင်မည့် အရင်းအမြစ်များကို ကမ္ဘာ့အခြား နေရာများတွင်လည်း ရှာဖွေနေသည်။
ယူကရိန်းကို စေလွှတ်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်အင်အား ၂၀၀၀ အထိ လျှော့ချလိုက်သည့် သတင်းကို မော်စကိုက ငြင်းဆန်နေသည့်ကြားမှပင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း နာဂေါ်နို-ကာရာဘတ်ချ်ဒေသအတွက် အာမေးနီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန်တို့ တင်းမာမှုဖြစ်ခဲ့ကြသည်။
၂၀၀၈ စစ်ပွဲ ပြီးကတည်းက ထောင်နှင့်ချီသော စစ်သားများကို ထားရှိသည့် ဂျော်ဂျီယာခွဲထွက်ဒေသ တောင်ပိုင်း အိုဆက်တီ ယားမှ ရုရှားစစ်သားအချို့ကို ယူကရိန်းသို့ လမ်းကြောင်းပြောင်း၍ ပို့ပေးခဲ့ကြောင်း အမေရိကန်က ပြီးခဲ့သည့် မတ်လတွင် ပြောကြားခဲ့သည်။
တဖန် လက်နက်တင်ဆောင်ထားသည့် မောင်းသူမဲ့လေယာဉ်(ဒရုန်း) များ ဝယ်ယူရန် ရုရှားက အီရန်ထံသို့ ခြေဦးလှည့်လာ ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ်က ယခင်လ အမေရိကန် လုံခြုံရေးဖိုရမ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယနေ့ ရုရှား၏ ကာကွယ်ရေးပစ္စည်းထုတ် စက်မှုလုပ်ငန်းများ၏ ချို့ယွင်းအားနည်းချက်နှင့် သိသာထင်ရှားသော ဆုံးရှုံးများ ကြောင့် မော်စကို ရင်ဆိုင်နေရသော အခက်အခဲများကိုပါ ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အသင့်အတင့် အရည်အသွေးရှိသော စနစ်များ တပ်ဆင်နိုင်ပြီဖြစ်သည့် မြောက်ကိုရီးယားသည်လည်း အမြောက် လက်နက် ရရှိရေး ရင်းမြစ်အသစ်တစ်ခု ဖြစ်လာနိုင်သည်။ အကြောင်းမှာ ယခင်လ၌ မြောက်ကိုရီးယားသည် ယူကရိန်းအရှေ့ပိုင်းရှိ ကရင်မလင် ထိန်းချုပ်ရာ ဒွန်နက်စ်နှင့်လူဟန့်စ် သမ္မတနှစ်နိုင်ငံ၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့၍ ဖြစ်သည်။

ယူကရိန်းစစ်မြေပွဲကိုတွေ့ရစဉ် (GETTY IMAGES)
မြောက်ကိုရီးယား၏ အလားအလာကိုတော့ ရုရှားကာကွယ်ရေးမူဝါဒ ကျွမ်းကျင်သူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ပူတင်သိမ်းခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ အခြေစိုက် စခန်းများကို ပြန်လည်ထောက်ပံ့ရန် နိုဗိုရိုစီယက်ခ် ဆိပ်ကမ်းကို သုံးနေသဖြင့် ယင်းဆိပ်ကမ်းသို့ပင် ဆီးရီးယားမှ ရုရှားသင်္ဘောများ အလုံးစုံထောက်ပံ့ ပို့ဆောင်ရေး ဝင်ရောက် နိုင်ဖွယ်ရှိကြောင်း၊ ထိုမှတဆင့် ယူကရိန်းတောင်ပိုင်းရှိ ခါဆွန်နှင့်ဇာပိုရေဇီးယားဒေသများကို ရုရှား သိမ်းပိုက်ရန် ကြံရွယ်နေ ကြောင်း ဥရောပထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသည်။
ခါဆွန်ဒေသတွင် တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူကရိန်းက ခြိမ်းခြောက်နေ၍ ရုရှားသည် မကြာသေးမီက ခရိုင်းမီးယား ဘက်ခြမ်းသို့ တပ်ဖွဲ့ဝင်နှင့် စစ်လက်နက်များ ပြန်ချထားခဲ့သည်။
ယူကရိန်းတောင်ပိုင်းသို့ တပ်စွဲပြင်ဆင်ရာ၌ ခရိုင်းမီးယားသို့ တပ်အင်အားများ အရွှေ့အပြောင်းလုပ်သည်။ ရုရှားစစ်သား ၈၀၀ မှ ၁၀၀၀ ခန့်အထိ ပါဝင်သော နည်းဗျူဟာအဖွဲ့ ၈ ဖွဲ့ကို အရှေ့ပိုင်း ဒွန်ဘတ်စ်မှ ပြန်ခေါ်ခဲ့သည်။
မကြာသေးမီက အမေရိကန်ထံမှ ရသည့် ဟိမာ့စ် (HIMARS) တာဝေးပစ် လက်နက်ကြီးများဖြင့် ယူကရိန်းတပ်များသည် ရုရှားထောက်ပံ့ရေး လမ်းကြောင်းနှင့် ဖိုခနောက်ဆိုင် ခဲယမ်းမီးကျောက် ယာယီဂိုဒေါင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လာနိုင်ခဲ့သည်။
ပူတင်သည် အတုံးအတစ်လိုက် ဝါဒဖြန့် စည်းရုံးနည်းဖြင့် ၎င်းစစ်တပ်ကို အားကောင်းစေဖို့ မကြိုးစားခဲ့ပေ။ အကြောင်းမှာ ၎င်း သည် ရုရှားလူထု၏ လက်တကမ်းအကွာတွင် ရှိနေသော စစ်ပွဲကုန်ကျစရိတ်များ သိရှိသွားနိုင်သည့် အန္တရာယ်ကို ကြိုမြင်နေ၍ ဖြစ်သည်။
သို့သော် ဒေသအလိုက် တာဝန်ရှိသူများကို ကာလတို စာချုပ်များဖြင့် အပျော်တမ်း စစ်မှုထမ်း လုပ်အားပေးရန်အတွက် ပြည်သူများထံသို့ ငွေသားမက်လုံးများ ပေးရန် ညွှန်ကြားထားသည့်အပြင် ဒူးမား အောက်လွှတ်တော်ကလည်း စစ်မှုထမ်းရန် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်၍ နောက်ဆုတ်ပေးခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပူတင် (GETTY IMAGES)
ရုရှားအစိုးရသည် ကာကွယ်ရေးပစ္စည်းထုတ် ကုမ္ပဏီများတွင် ဝန်ထမ်းစည်းကမ်းများ ဖြေလျော့ပေး၍ လက်နက် ထုတ်လုပ် ရေး မြှင့်တင်ရန် ယခင်လ၌ လှုံ့ဆော်ပေးခဲ့သည်။ ရေတိုလက်နက်များနှင့် စစ်သုံးကိရိယာများ မွမ်းမံထိန်းသိမ်းရေးမှာလည်း အရေးတကြီး လိုအပ်လာခဲ့သည်။
ရုရှား၏ စစ်ဘက်နည်းပညာပိုင်းတွင် အမေရိကန်၊ ဥရောပနှင့် အရှေ့အာရှဒေသတို့တွင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော အနုစိတ် အီလက်ထရောနစ် စက်ပစ္စည်း အစိတ်အပိုင်းများကို မှီခိုအားထားနေရကြောင်း လန်ဒန်မြို့၊ တော်ဝင်ယူနိုက်တက် ဝန်ဆောင်မှုသိပ္ပံ၏ အစီရင်ခံစာအရ သိရသည်။
ထိုအစီရင်ခံစာကို ယူကရိန်းစစ်မျက်နှာတွင် ရုရှားတို့သုံးခဲ့သည့် စစ်လက်နက် ပစ္စည်း အကြွင်းအကျန် သဲလွန်စများကို စုဆောင်း၍ ဆန်းစစ် ပြုစုထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရုရှား၏ လက်နက် ထုတ်လုပ်သည့် နည်းစနစ်သည် နိုင်ငံခြားနည်းပညာကို အလွန်အမင်း မှီခိုနေရကြောင်း အစီရင် ခံတွင် ကောက်ချက်ချထားသည်။
ရုရှားသည် ယူကရိန်းတွင် စစ်အင်အား ထပ်မံဖြန့်ကြက်ရန် ကြိုးစားနေသော်လည်း ယူကရိန်းအရှေ့ပိုင်းမှ ၎င်း၏စစ်ရေး တိုးတက်မှုမှာ မကြာသေးမီ ရက်ပိုင်းအတွင်း အကန့်အသတ်နှင့် နှေးကွေးနေသေး ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်က ဆိုသည်။
မော်စကို စီးပွားရေးတက္ကသိုလ်မှ ရုရှားစစ်ရေးကျွမ်းကျင်သူ ဗက်စီလီကာရှင်ကတော့ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရုရှား၏ အရင်း အမြစ်များကို လျှော့မတွက်သင့်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယားတွင် ရုရှားဒုံးကျည်များထက် ပိုမို အားကောင်းသော တာဝေးပစ်စနစ်များ ရှိကြောင်း သတိပြုမိ၍ လက်နက်တင်သွင်းခြင်းသည် အကျိုးရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“သေချာပါတယ်။ ရုရှားဟာ စစ်မြေပြင်မှာ ပြဿနာတချို့ရှိပေမယ့် ယူကရိန်းနဲ့စစ်အတွက် လက်နက်တွေ ဘယ်လို သွင်းနေ တယ်ဆိုတာ သက်သေသက္ကာယ အခိုင်အမာ မပြနိုင်ကြပါဘူး။ ဒါပေမယ့် သွင်းသင့်လို့ သွင်းနေတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဗက်စီလီကာရှင်က မှတ်ချက်ချခဲ့သည်။
Source: Bloomberg
- By CNI News
- Category: ဆောင်းပါး
- Hits: 1501
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၇
မြန်မာနိုင်ငံရှိ အတိုက်အခံသမား ၄ ဦးကို နစက-က ကွပ်မျက်ပြီးနောက် တစ်ပတ်အကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့ကြသည်။
အဆိုပါ သတ်ဖြတ်မှုကို အာဆီယံက ဝေဖန်ခဲ့သည်။ တပ်မတော်က အာဏာရယူပြီးနောက် ဖြုတ်ချခဲ့သည့် ရွေးကောက်ခံ နိုင်ငံရေးသမားများ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာ အတွက် တာဝန်ခံထားသည့် ၁၀ နိုင်ငံပါ အာဆီယံအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ မြန်မာသည် ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရယူပြီးနောက် လူထုဆန္ဒပြပွဲများနှင့် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် အကျပ်အတည်း တစ်ရပ် ထဲ ကျရောက်သွားခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အထူးကျင်းပသော အာဆီယံအစည်းအဝေးသို့ နစက ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ရပြီး အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် အကျပ်အတည်း ဖြေရှင်းရန် အချက် ၅ ချက်ပါ အစီအစဉ်ကို သဘောတူစေခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဟု အမည်တပ်ထားသည့် စစ်တပ်သည် အချက်ငါးချက် သဘောတူညီမှုကို လျစ်လျူရှုခဲ့ပြီး အတိုက်အခံများကို ဆက်လက် နှိမ်နင်းရာမှာ သေဆုံးသူ ဦးရေသည် ၂၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ SAC သည် အာဏာရယူမှုအတွင်း ဖယ်ရှားခံခဲ့ရသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့် မပြုပေ။
“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ လူဦးရေတစ်ခုလုံးကို ဓားစာခံ ဖမ်းဆီးထားတဲ့ ရာဇ၀တ်မှု ဆိုင်ရာ အဖွဲ့အစည်း ဖြစ်လာကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များဆိုင်ရာ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ အီဗာဆန်းဒါရီက ပြောကြားခဲ့သည်။
“အချက်ငါးချက်ပါ သဘောတူညီချက်ကို လိုက်နာဖို့ အချိန် အများကြီး ပေးထားပြီး ဖြစ်ပေမယ့် သဘောတူညီချက်ကိုရော၊ အာဆီယံကိုရော မလေးစားကြောင်း ပြသခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ကို ဘယ်လိုတည်ထောင်ခဲ့တာလဲ
********************************************
အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ငါးနိုင်ငံများအဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အမြုတေ ပါဝင်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်ဆုံး အချိန်တွင် မကြာသေးမီက ကိုလိုနီအုပ်ချုပ်မှုမှ လွတ်မြောက်ခဲ့သော အရှေ့တောင်အာရှနိုင်ငံအချို့သည် ၎င်းတို့၏ ခက်ခက်ခဲခဲ ရရှိထားသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်လိုကြသည်။
မလေးရှားနိုင်ငံကို တည်ထောင်ခြင်းအား ဆန့်ကျင်မှုကိုလည်း အင်ဒိုနီးရှားမှ စတင်ခဲ့သော 'ထိပ်တိုက်ရင်ဆိုင်မှု' ဖြင့် စံနမူပြု ပေးထားသည့် ဒေသတွင်း နာကျင်ခံစားမှုများလည်း ရှိခဲ့ပါသည်။
ရလဒ်အနေဖြင့် အာဆီယံအသင်း၏ အဓိကမူများမှာ အဖွဲ့ဝင် အချင်းချင်း၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံက ဘယ်အချိန်မှာ အဖွဲ့ဝင် စဖြစ်လာသလဲ
**************************************************
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် အပြည့်အဝ ဖြစ်လာခဲ့သည်။ မြန်မာသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ် ကျင့်သုံးခဲ့သည့် နိုင်ငံတစ်ခု၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပတို့၏ စိုးရိမ်မှုများက ထိုစဉ်ကလည်း ရှိခဲ့သည်။
ထိုင်းနှင့် ဖိလစ်ပိုင်တို့လည်း မြန်မာကို သတိကြီးကြီး ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု ကို ပြသနိုင်ခဲ့ပါသည်။
အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ဖြစ်လာချိန်တွင် “အခု အလားအလာဟာ အလွန်ကြီးမားပါသည်။ ကျနော်တို့က အာရှနဲ့ ကမ္ဘာမှာ အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာမယ်” ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဖွဲ့အစည်းကို ချဲ့ထွင်ဖြစ်ထွန်း လာခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးနောက်တွင်ပင် ထိုစဉ်က မြန်မာစစ်ခေါင်းဆောင်များသည် အာဆီယံ၏ ဆိတ်ငြိမ်သော သံတမန်ရေး အမှတ်တံဆိပ်နှင့် အဓိကကျသော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်နေသော်လည်း အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာရေး သဘောထား အနည်းငယ်သာ ပြသခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို လူအုပ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျူးလွန် သူများအား ဖမ်းဆီး အရေးယူခြင်း မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျဉ်းချခြင်းအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က ပိုမိုတင်းကျပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေခြင်းကိုလည်း အာဆီယံ၏ အထူးသံတမန်က ဖျန်ဖြေရန် ကြိုးစားပေးခဲ့ပါသည်။
ထိုအကြောင်းများကြောင့် မြန်မာသည် ၂၀၀၅ ခုနှစ်တွင် ၎င်း၏ အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် ရာထူးမှ စွန့်လွှတ်ခဲ့သည်။ နောက် နှစ်နှစ်အကြာတွင် ရွှေဝါရောင် အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အာဆီယံက ဘယ်လိုတုံ့ပြန်ခဲ့သလဲ
****************************************************************
မြန်မာနိုင်ငံ၏ လွှတ်တော်အသစ် အစည်းအဝေး စတင်ကျင်းပတော့မည့် နံနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးလိုက်သည်။
၎င်းတို့နှင့် ဆက်နွှယ်နေသည့် ပါတီကို ထောက်ခံရန် ရုန်းကန်နေခဲ့ရသည့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် အာဏာရစေခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခြင်းကြောင့် အာဏာသိမ်းခဲ့ရသည်ဟု အကြောင်းပြခဲ့သည်။
အာဏာသိမ်းမှုသည် မြန်မာနိုင်ငံက ပြည်သူများ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အောက်မှာ ဆယ်စုနှစ် တစ်ခုကြာ ကြီးပြင်းလာခဲ့တဲ့ မျိုးဆက်သစ် လူငယ်များကို ဒေါသထွက်စေခဲ့သည်။
၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံး တုံ့ပြန်ခဲ့ပြီး သေဆုံးသူဦးရေ တိုးလာသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျကာတာမြို့၊ အထူးအစည်းအဝေးသို့ အာဆီယံက ဖိတ်ခေါ်ကာ Five Point Consensus ဟု ခေါ်တွင် သည့် အာဆီယံအချက် ၅ ချက်ကို လက်ခံဖို့ ဆွေးနွေးခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆိုခွန်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထိုစဉ်က အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံက ၎င်း၏ အထူးသံတမန်တစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
တဖန် အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲယူခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်သည် စစ်တပ် အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခြားခေါင်းဆောင် ဖြစ်ခဲ့သည်။
၎င်း၏ အာဆီယံ သဘောတူညီမှု အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းမှာ COVID-19 နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြောင်းပြခဲ့ကြောင်း ယခုသီတင်းပတ် မြန်မာစစ်တပ်အာဘော် မီဒီယာများမှ ထုတ်ပြန်သည့် သဘောထား မှတ်ချက်များတွင် တွေ့ရသည်။
“မိမိတို့နိုင်ငံတွင် ပြင်းထန်သော အဓိကရုဏ်းများနှင့် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရင်း COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှု များကို ကျော်လွှားရန် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့ရသည်” ဟု ယခင်သီတင်းပတ်ထုတ် Global New Light of Myanmar သတင်းစာတွင် ဘာသာပြန် ပုံနှိပ်ဖော်ပြသော မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။
ကွပ်မျက်မှုက အာဆီယံ၏ တုံ့ပြန်မှုကို ပြောင်းလဲစေခဲ့လား
*******************************************************
NLD လွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယုတို့ကို တံခါးပိတ် ရုံးတင်စစ်ဆေးပြီးနောက် ဇူလိုင် ၂၅ ရက်က ကြိုးမိန့်ပေးခဲ့သည်။
စစ်တပ် သတင်းပေးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အခြားအမျိုးသား နှစ်ဦးကိုလည်း ကွပ်မျက်ခဲ့သည်။ ကွပ်မျက်မှုသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံတွင် ပထမဆုံး ကြိုးမိန့်ဖြစ်ပြီး ကမ္ဘာတဝန်းမှ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် မေတ္တာရပ်ခံ ခဲ့ကြသော်လည်း လူပေါင်း ၁၀၀ ကျော်အထိ သေဒဏ်ချမှတ်ခံခဲ့ရရာ ၇၀ မှာ ထောင်ဒဏ် ကျခံနေရပြီး ကျန်ရှိသူမှာ မျက်ကွယ်တွင် စီရင်ချက် ချခံရခြင်း ဖြစ်သည်။
ထိုသို့ သတ်ဖြတ်မှုများကြောင့် အလွန်စိတ်ပူပန်ပြီး လေးလေးနက်နက် အထူးဝမ်းနည်း မိကြောင်းနှင့် အာဆီယံ အစည်းအဝေး နှင့် နီးကပ်လွန်းသည့် အချိန်တွင် စီရင်ခဲ့သဖြင့် အပြစ်တင် ဝေဖန်ကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားက ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့က အစီရင်ခံစာများက အာဆီယံသည် ပိုမိုခက်ခဲသောမျဉ်းကို တွန်းအားပေးနိုင်ကြောင်း အကြံပြုထားသည်။
AFP သတင်းဌာနမှ ကြိုတင်ရရှိခဲ့သော ကြေညာချက်မူကြမ်းတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ “အလွန်စိုးရိမ်ပူပန်မှု” ရှိကြောင်းနှင့် အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့မှုအပေါ် အတိအလင်း အရေးယူ ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး စိုင်ဖူတင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံအပေါ် အပြောအဆို အရှိဆုံး သူများထဲတွင် ပါဝင်ခဲ့သည်။ ကွပ်မျက်မှုသည် လူသားဆန်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှု တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး “နစကသည် အချက်ငါးချက် သဘောတူညီမှုကို ပြက်ရယ်ပြုနေသည်” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
မလေးရှားက ထိပ်သီး အစည်းအဝေးများအပြင် အာဆီယံပွဲများအားလုံးမှ SAC အရာရှိများကို ပိတ်ပင်ရန် အကြံပြုထားခဲ့ သည်။
လူ့အခွင့်အရေး စောင့်ကြည့်နေကျဖြစ်သည့် Human Rights Watch အပါအဝင် အဖွဲ့အချို့က “အာဆီယံ၏ လုပ်ဆောင် ချက်တွင် မြန်မာအာဏာသိမ်း ခေါင်းဆောင်များအတွက် လက်နက်ကိစ္စနှင့် နိုင်ငံခြားငွေများရရှိရန် ပိုမိုခက်ခဲစေခြင်းအပြင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းအတွက် ပံ့ပိုးကူညီမှုများလည်း ပါဝင်သင့်သည်”ဟု စောဒက တက်ခဲ့ကြ သည်။
အာဏာသိမ်းမှုမှ အစပြုသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် မကြာသေးမီ အချိန်က အာဆီယံအတွက် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုသို့ မကြာသေးမီက ရောက်ရှိခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်သည် ယခင်သီတင်းပတ်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
ယခင်သီတင်းပတ် မိန့်ခွန်းထဲတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံတွင် ကတိကဝတ် များ ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
SAC သည် “အာဆီယံဘောင်အတွင်း တတ်နိုင်သမျှ အတိုင်းအတာအထိ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည် ဖော်မည်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြောရမည်ဆိုလျှင် တပ်မတော်၏ အာဏာရယူလိုက်ခြင်းမှ အစပြုသည့် မြန်မာ့အကျပ်အတည်းသည် အာဆီယံ၏ ရှေ့အလားအလာကို ကာလအတန်ကြာ တိမ်မြုပ်သွားစေရန် ပုံဖော်လာခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် သုံးသပ်ရေးထားသည်။
Source: Aljazeera
#ASEAN #စိန်ခေါ်မှု #SAC #မြန်မာ့အကျပ်အတည်း #ဆောင်းပါး #CNImyanmar #cninews
(အယ်လ်ဂျာဇီးယားမီဒီယာဝက်ဘ်ဆိုက်တွင် ဇူလိုင် ၃ ရက် ရက်စွဲဖြင့် ရေးသားဖော်ပြထားသော Why is the Myanmar crisis such a challenge for ASEAN? သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1164
CNI Article
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇
အင်္ဂလန် အမျိုးသမီးအသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင် အယ်လန်ဝှိုက်ဟာ အသက် ၉ နှစ် အရွယ်တုန်းက အမျိုးသမီးဖြစ်နေလို့ ဆိုပြီးတော့ ဘောလုံးကစားခွင့် ပိတ်ပင် ခံခဲ့ရဖူးပါတယ်။
အခုအချိန်မှာတော့ အယ်လန်ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းနဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး ဂျာမနီကို အနိုင်ရကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကြီး ပွဲကောင်းမှာ အယ်လန်ဝှိုက် ဟာဆိုရင် ရှေ့တန်းမှာ ပွဲစတည်းက ပါဝင်ခဲ့ပါတယ်။ သူမဟာဆိုရင် ကလပ် အသင်း အနေနဲ့ မန်စီးတီးအသင်းမှာလည်း ကစားနေသူဖြစ်ပါတယ်။ ဒီမန်စီးတီး ကစားသမားဟာ ၂၀၁၀ မှာ အင်္ဂလန်အမျိုးသမီး အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၅၂ ဂိုး သွင်းယူထားပါတယ်။
အယ်လန်ဝှိုက် ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နည်းပြ ဝီဂ်မန်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အင်္ဂလန်မှာ အမျိုးသမီး ကစားနည်း ကို ပိုမိုကြီးထွားလာစေဖို့ အထောက်အကူဖြစ်မယ့် မျှော်လင့်ချက်များစွာ ရှိနေခဲ့ပါတယ်။
ဝှိုက်ဟာ ကလေးဘဝ ကတည်းက အားကစားကို ချစ်မြတ်နိုးလာခဲ့တာဖြစ်ပြီး ဒါက ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုကို ဖြစ်စေ ခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ စကော့အော့ဒ်ဝေးက အသက် ၉ နှစ်အရွယ်ရှိ ဝှိုက်ကို ပြည်တွင်းလိဂ်မှာ ကစားနေတာကနေ တားမြစ်ခံခဲ့ရတဲ့ ၁၉၉၈ စက်တင်ဘာလက ထုတ်ဝေခဲ့တဲ့ သတင်းစာ တစ်စောင်ကို ပြန်လည် ဖော်ပြခဲ့ပါတယ်။

အယ်လန်ဝှိုက် ငယ်ဘ၀ကိုတွေ့ရစဉ် (Nokia News)
သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်က မိန်းကလေးတွေကို ယောင်္ကျားလေးတွေနဲ့ တွဲကစားခွင့် မပေးဘူးဆိုတာပါ။ ယောင်္ကျား လေးတွေရဲ့ လိဂ်ပြိုင်ပွဲမှာ မိန်းကလေးတွေကို ကစားခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝှိုက်ဟာ ကစားခွင့် ပိတ်ပင်ခံခဲ့ ရတာ ဖြစ်ပါတယ်။ ဝှိုက်ဟာ ယူ-၁၁ အဆင့်မှာ အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ပိတ်ပင်ခံ ခဲ့ရတာပါ။
The Chiltern Youth League ကတော့ အဝတ်လဲခန်းကို ရောနှောပြီး အသုံးပြုနေရတာကြောင့် စိုးရိမ်မှု ရှိတဲ့အတွက် သူမကို ကစားခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဝှိုက်ဟာ Herald ရဲ့ အရှေ့စာမျက်နှာမှာ အာဆင်နယ်အသင်း ဂျာစီဝတ်ပြီး ဘောလုံးနဲ့ အိပ်နေတဲ့ပုံ ပါဝင်လာခဲ့တာပါ။
လိဂ်ဥက္ကဋ္ဌဖြစ်သူ ခရစ်ဒါဗစ်ဆန်က အဲဒီအချိန်က The Herald ကို “ကျနော်တို့လိဂ်က ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ ကျနော် တို့ အဲဒီအတိုင်း ရပ်တည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Bedfordshire FA ကို အယူခံဝင်နိုင်ကြောင်း သူက ဝန်ခံခဲ့ပါတယ်။ အဆိုပါ ဆောင်းပါးရဲ့ ဖော်ပြမှုအရ ဝှိုက်ဟာ ပြီးခဲ့တဲ့ ရာသီက ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် The Chiltern Youth League က သူမရဲ့ မှတ်ပုံတင်မှုကို ငြင်းဆိုခဲ့ပြီး ဒီလိုလုပ်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဝှိုက်ရဲ့ ဖခင်က သူ့သမီးကစားနေတဲ့ အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ဆန္ဒပြတာကို ဦးဆောင်ခဲ့ပါတယ်။ ဝှိုက်ဟာ ဒီဆုံးဖြတ်ချက်တွေ အတွက် အလွန်စိတ်မကောင်း ဖြစ်ခဲ့တယ်လို့ ဖခင်ဖြစ်သူက The Herald ကို ပြောခဲ့တာပါ။ အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ ကြီးမားတဲ့ ကြယ်ပွင့် ဖြစ်လာခဲ့ပါပြီ။

အယ်လန်ဝှိုက် ကစားသမားဘ၀ သတင်းဖော်ပြခံရမှု (The Mirror)
အသက် ၃၃ နှစ်အရွယ်ရှိ ဝှိုက်ဟာ ၁၉၆၆ က အမျိုးသားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် နိုင်ငံအတွက် ပထမဆုံး အဓိက ဆုဖလားအဖြစ် အမျိုးသမီးယူရို ချန်ပီယံဆုကို ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူမဟာ ယူရိုပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဒီဂိုးတွေကို အုပ်စုအဆင့်မှာ တွေ့ခဲ့တဲ့ နော်ဝေနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာပါ။ နည်းပြ ဝီဂ်မန်းဟာ စံချိန်တင် ပရိသတ်ဦးရေ ၈၇,၁၉၂ အရှေ့မှာ ကစားခဲ့ရတဲ့ ဗိုလ်လုပွဲမှာ ဝှိုက်ကို ပွဲထွက် တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အယ်လန်ဝှိုက်ဟာ ဒီပြိုင်ပွဲမှာ၂ ဂိုး သွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဝိန်းရွန်နီရဲ့ နောက် ၁ ဂိုးသာ လိုအပ်တော့တာပါ။ ဝှိုက် အနေနဲ့ စက်တင်ဘာလမှာ ကစားမယ့် သြစတြီးယား၊ လူဇင်ဘတ်တို့နဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ ဝိန်းရွန်နီရဲ့ သွင်းဂိုးကို ကျော်ဖြတ်နိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်နေပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုအတွက် ဆက်လက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။
Source: Mirror
