CNI International Article

၂၀၂၆ ခုနှစ်၊ ဧပြီ ၄

ကမ္ဘာပေါ်တွင် ဟော်မုဇ် ရေလက်ကြားမှတဆင့် ရေနံအများဆုံး တင်သွင်းနေသည့် တရုတ်နိုင်ငံသည် ထိုရေလမ်းကြောင်း ပိတ်ဆို့မှုကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ဒေသမှ ရေနံ အများအပြားကို သုံးစွဲနေပြီး အဆိုပါဒေသကနေ ရေနံတင်သွင်းမှု ပမာဏမှာ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံပေါင်း တင်သွင်းမှုနှင့် တူညီနေသည်။

ရေလက်ကြား ပိတ်ဆို့မှုအပေါ် တုန့်ပြန်သည့် အနေဖြင့် အာရှတစ်လွှားရှိ တာဝန်ရှိသူများသည် စွမ်းအင်ချွေတာ ရန်အတွက် အစီအစဉ်များ ချမှတ်လုပ်ဆောင်လျက်ရှိသည်။

သို့သော် တရုတ်နိုင်ငံတွင်မူ ကွန်မြူနစ်ပါတီ၏ အဓိက သတင်းစာက နိုင်ငံအတွင်း စွမ်းအင်များ လုံလုံလောက် လောက် ရှိကြောင်း ရေးသားဖော်ပြနေသည်။

အဆိုပါ သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် တရုတ်အစိုးရသည် စွမ်းအင်များ သိမ်းဆည်းရန်အတွက်  ပြည်ပသို့ စက်သုံးဆီ တင်ပို့မှုကို တရားမဝင် ပိတ်ပင်ထားခြင်း ရှိ၊ မရှိ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

သို့သော် တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုများကို လျှော့ချနိုင်ရန် မူဝါဒပိုင်းအရ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည့်အတွက် အိမ်နီးချင်း နိုင်ငံများထက် ပိုမို ခံနိုင်ရည် ရှိနေသည်။

တရုတ်နိုင်ငံတွင် တစ်ကမ္ဘာလုံးရှိ လျှပ်စစ်ကား (EV) အရေအတွက် စုစုပေါင်းနှင့် ညီမျှလုနီးပါးရှိသော EV ကားများ ရှိနေခြင်း၊ ရေနံ အမြောက်အမြားကို သိုလှောင်ထားနိုင်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရရှိနိုင်မည့် လမ်းကြောင်း များကို နည်းမျိုးစုံဖြင့် ချဲ့ထွင်ထားခြင်းတို့အပြင် ပြည်တွင်းဖြစ် ကျောက်မီးသွေးနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် များကြောင့် ပြည်ပသွင်းကုန်များအပေါ် မှီခိုနေရခြင်းမှ ကင်းဝေးသည့် လျှပ်စစ်ဓာတ်အားကွန်ရက်ကို ပိုင်ဆိုင် ထားခြင်းတို့ကြောင့် ဖြစ်သည်။

“လက်ရှိ အခြေအနေဟာ တရုတ် မူဝါဒရေးဆွဲသူတွေ ဆယ်စုနှစ် ပေါင်းများစွာ ကြိုတင်မျှော်လင့် စဉ်းစားထားခဲ့တဲ့ အခြေအနေမျိုးနဲ့ တကယ်ကို နီးစပ်နေပါတယ်။ ဒါဟာ ပင်လယ်ရေကြောင်းက တစ်ဆင့် တင်သွင်းရတဲ့ လောင်စာ တွေအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးပမ်းအားထုတ်မှုတွေဟာ မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါ တယ်”ဟု ဖင်လန်နိုင်ငံ အခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ (CREA) ၏ ပူးတွဲ တည်ထောင်သူ လော်ရီ မီလီဗာတာ (Lauri Myllyvirta) က ပြောကြားခဲ့သည်။

ရေနံသိုလှောင်မှုကိန်းဂဏန်းကိုတွေ့ရစဉ်

မျှော်လင့်မထားသော EV အရှိန်အဟုန်
**********************************
တရုတ်အစိုးရသည် ၂၀၂၅ ခုနှစ်၌ ကားသစ်ရောင်းချမှု၏ ၂၀ ရာခိုင်နှုန်းကို EV များ ဖြစ်လာစေရန် ၂၀၂၀ ပြည့်နှစ်က ရည်မှန်းချက် ချမှတ်ခဲ့သည်။

သို့သော် ၂၀၂၅ ခုနှစ်တွင် ကားသစ်ရောင်းချမှု စုစုပေါင်း၏ ထက်ဝက်ခန့်မှာ EV များဖြစ်ပြီး ရည်မှန်းချက်ထက် ပိုမိုရောင်းချနိုင်ခဲ့သည်။

မျှော်လင့်မထားသော EV အရှိန်အဟုန်ကြောင့် တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်က ခန့်မှန်းထား ခဲ့သည်ထက်စာလျှင် ရေနံကို ပိုမိုလျှော့ချ အသုံးပြုနေပြီး ပြည်ပမှ တင်သွင်းမှုကိုလည်း လျှော့ချနေပြီဖြစ်သည်။

စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ (CREA) ၏ ခန့်မှန်းချက်များအရ ပြီးခဲ့သည့်နှစ်အတွင်း EV များကြောင့် အစားထိုးနိုင်ခဲ့သည့် ရေနံပမာဏမှာ တရုတ်နိုင်ငံက ဆော်ဒီအာရေဗျထံမှ ဝယ်ယူတင်သွင်းသည့် ပမာဏနှင့် အကြမ်းဖျင်း တူညီနေကြောင်း သိရသည်။

စိတ်ချရသော လျှပ်စစ်ဓာတ်အားကွန်ရက်
***********************************
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကွန်ရက်ကို ကျောက်မီးသွေးနှင့် ပြန်ပြည့်မြဲ စွမ်းအင်များဖြင့် အဓိက လည်ပတ်နေခြင်း ဖြစ်သည်။ 

တရုတ်အစိုးရ၏ မူလရည်မှန်းချက်များထက်ပင် ကျော်လွန်သွားခဲ့သော သန့်ရှင်းသော စွမ်းအင်ကဏ္ဍသည်  အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာမှုကြောင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် နှစ်စဉ်လိုအပ်ချက် ရှိနေသော ပိုလျှံ လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို နေရောင်ခြည်စွမ်းအင်သုံး သို့မဟုတ် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ အသစ်များမှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ထိုကြောင့် ပြည်ပမှ ကျောက်မီးသွေး တင်သွင်းမှု လျော့ကျသွားခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် သဘာဝဓာတ်ငွေ့ကို အသုံးပြုနေသည့် ကမ်းရိုးတန်းပြည်နယ် အနည်းငယ်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းရမှု လျော့နည်းသွားသည်။

ရေနံဝယ်ယူနိုင်သည့် လမ်းကြောင်း များပြားခြင်း
******************************************
တရုတ်နိုင်ငံသည် ရေနံကို အများအပြား တင်သွင်းနေသော်လည်း အခြားအာရှ နိုင်ငံကြီးများနှင့် မတူသည့် အချက်မှာ ရေနံဝယ်ယူရေးအတွက် နိုင်ငံတစ်နိုင်ငံတည်း အပေါ်တွင်သာ မှီခိုနေရခြင်းမျိုး မရှိစေရန် အထူးဂရုပြု ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဂျပန်နိုင်ငံသည် ပုံမှန်အားဖြင့် ၎င်းတို့လိုအပ်သော ရေနံ၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ဆော်ဒီအာရေဗျ နှင့် ယူအေအီးနိုင်ငံတို့ထံမှ ဝယ်ယူနေရသည်။

သို့သော် တရုတ်သည် ရေနံဝယ်ယူမှုပမာဏ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံပေါင်း ၈ နိုင်ငံထံမှ ဝယ်ယူနေခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် အခြားနိုင်ငံများအတွက် ဝယ်ယူရန် ခက်ခဲသည့် ရုရှား၊ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့ထံမှ လျှော့ဈေးဖြင့် ရရှိသော ရေနံများကို အများအပြားကို ဝယ်ယူခြင်းလည်း ပါဝင်သည်။

ထို့နောက် တရုတ်သည် တင်သွင်းလာသော ရေနံအချို့ကို ၎င်း၏ မဟာဗျူဟာမြောက် ရေနံသိုလှောင်ကန်များ အတွင်း ဖြည့်တင်းထားသည်။

တရုတ်၏ ရေနံ သိုလှောင်ထားမှု ပမာဏ မည်မျှရှိသည်ကို မည်သူမျှ အတိအကျ မသိရှိသော်လည်း စီးပွားဖြစ် ရေနံချက် စက်ရုံများတွင် ရှိနေသော လက်ကျန်များနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် တရုတ်နိုင်ငံ၌ သိုလှောင် ထားသော ရေနံပမာဏမှာ ဟော်မုဇ်ရေလက်ကြားမှ တင်သွင်းနေရသည့် ရေနံပမာဏကို ၇ လစာအထိ အစားထိုး နိုင်မည့် အနေအထားတွင် ရှိနေကြောင်း ခန့်မှန်းထားကြသည်။

 တရုတ်ရဲ့ ဟော်မုဇ်ရေလက်ကြား အခြေပြကိုတွေ့ရစဉ်

ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာခြင်း
**********************************
ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၄ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ထိုပမာဏ သည် စံချိန်သစ် တစ်ခုဖြစ်သလို ပြည်ပမှ ရေနံတင်သွင်းမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသော ပမာဏ ဖြစ်သည်။

ပြည်တွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေပြီး ပိုက်လိုင်းများမှတဆင့် တင်သွင်းလာသော ဓာတ်ငွေ့များနှင့် ပေါင်းစပ်လိုက်ပါက တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် (LNG) ဝယ်ယူ တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်ကထက်ပင် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပိုက်လိုင်းကွန်ရက်သည် ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းရမှု အပေါ် မှီခိုနေရခြင်းကို လျှော့ချပေးနိုင်ပြီး ရုရှား၊ ဗဟိုအာရှနှင့် မြန်မာနိုင်ငံတို့ထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရယူနိုင်ရန် အခွင့်အလမ်း ရှိထားသည်။

ပိုမိုလုံခြုံစိတ်ချရသော အနာဂတ်
*****************************
ဆယ်စုနှစ် ပေါင်းများစွာ တိုင်အောင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ပမှ တင်သွင်းရသော ရုပ်ကြွင်းလောင်စာများ၊ အထူးသဖြင့် ရေနံစိမ်းအပေါ်တွင်သာ အမှီပြုခဲ့ရသည်။

သို့သော် လျှပ်စစ်ကား (EV) များ အရှိန်အဟုန်ဖြင့် ထိုးတက်လာမှုကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေး မောင်းနှင်အားကို ပြည်ပရေနံအပေါ် မှီခိုနေရခြင်းမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

“တရုတ်နိုင်ငံရဲ့ ရေနံလိုအပ်ချက်ဟာ ဒီနှစ်မှာ အမြင့်ဆုံးကို ရောက်ရှိသွားနိုင်ပြီး အဲဒီနောက်ပိုင်းမှာတော့ တဖြည်း ဖြည်း လျော့နည်းသွားဖို့ ရှိပါတယ်။ ဒါကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ အချိုးအစားက မြင့်မားနေဦးမှာ ဖြစ်ပေမဲ့ အခြေအနေကတော့ လက်ရှိထက် ပိုဆိုးသွားဖို့ မရှိပါဘူး” ဟု Rystad Energy မှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ သုတေသနဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ချန်လင်း (Chen Lin) က ပြောကြားခဲ့သည်။

Source: ရိုက်တာ