အဆိုပါကာလအတွင်း လူထုကလည်း နွေဦးတော်လှန် (ဝါ) လူထုတော်လှန်ရေး ဟုဆိုကာ စစ်တပ်ဆန့်ကျင် ခြင်းများကို ဆောင်ရွက်နေဆဲပင်။ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် ခြင်းကနေ စစ်တပ် အာဏာရယူထားခြင်းကို ဆန့်ကျင်တော်လှန်ရန် မဖြစ်နိုင်တော့ဘူးဟု ယုံကြည်လာသော လူထုသည် လက်ရှိတွင် လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်း ဘက်သို့ ပြောင်းလဲကာ တိုက်ပွဲဝင်ရင် စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးကို ကြိုးပမ်းလာခဲ့သည်။

 

အဆိုပါ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ဧပြီ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ကနေ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) ဟုခေါ်သည့် လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်း၍ ဆောင် ရွက်နေခြင်း ဖြစ်သည်။ ထို PDF ကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ပြီး စစ်သင်တန်းများ တက်ရောက်ကာ ဖွဲ့ စည်းထားသလို တခြားသော ဒေသများ မှာတော့ ဒေသခံများက စုဖွဲ့၍ ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး NUG နှင့် ချိတ်ဆက် ဆောင်ရွက်နေကြသည်။

NUG က ဖွဲ့စည်းပေးထားသည့် PDF နှင့် မိမိဒေသကို ကာကွယ်ရေးအတွက် ဒေသခံများက ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖွဲ့များသည် တိုင်းရင်းသား လက်နက်ကိုင်များက လေ့ကျင့် သင်ကြားပေးထားကြသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ(နစက)ကတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) စသည့် တိုင်းရင်းသား လက်နက်ကိုင်များက လေ့ကျင့်သင်ကြား ပေး ခဲ့ကြသည်ဟု ပြောသည်။ ထိုအဖွဲ့များကလည်း မိမိတို့မဟုတ်ကြောင်း ငြင်းဆိုကြသော်လည်း ဖမ်းဆီးခံရ သူများနှင့် စစ်သင်တန်းများ တက် ရောက်နေကြသူများ၏ ပြောစကားများ၊ ပုံ များကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းတို့ကို စစ်သင်တန်း များ ပေးနေသည်ဟု သက်သေပြထားကြသည်။ ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုတော်လှန်ရေး အခန်း ကဏ္ဍတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အနေဖြင့် မည်သည့် အခန်း ကဏ္ဍကနေ ပါဝင်နေကြသလဲ စိတ်ဝင်စား စရာကောင်းသလို လေ့လာရန်လည်း သင့်လာသည်။

မြန်မာနိုင်ငံတွင် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့(ပသစ)၊ နယ်ခြားစောင့်တပ် (BGF)၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် (EAOs) စသည့် လက်နက်တပ်ဆင်ထား သည့် အဖွဲ့အစည်းပေါင်း ၅၀၂၃ ဖွဲ့ရှိ သည်။ထိုအထဲမှ ပြည်သူ့စစ်အဖွဲ့ များနှင့် နယ်ခြားစောင့်တပ်(BGF)များသည် တပ်မတော် လက်အောက်ခံများ ဖြစ်ရာ တပ်မတော်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များကိုသာ ရွေးချယ် လေ့လာရန် တိုက်တွန်းအပ်ပါသည်။ လက်နက်ကိုင် တော်လှန်ရေး လုပ်နေသည့် တိုင်းရင်းသား လက်နက် ကိုင် (EAOs) အဖွဲ့များမှာ “ဝ”ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုတပ်တော် (AA)၊ မြန်မာနိုင်ငံအမျိုးသားဒီမို ကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ဇိုမီးအမျိုးသား တော်လှန်ရေးတပ်မ တော်(ZRA/ZRO)၊ ကူးကီးအမျိုးသားအစည်းအရုံး (KNO)၊ ကချင်အမျိုးသား အစည်းအရုံး(KNO)၊ရခိုင်အမျိုးသားကောင်စီ(ANC)တို့ရှိကြသည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင် အမျိုးသား အစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်း ရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNL O)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက် တစ် အစည်းအရုံး(LDU) တို့ဖြစ် ကြသည်။

ဤသို့သော် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့အနက် RCSS၊ KNU၊ DKBA၊ KNU/KNLA-PC၊ CNF၊ ALP၊ PNLO၊ ABSDF၊ NMSP၊ LDU တို့သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုး ထားကြသည်။ ကျန် UWSA၊ NDAA၊ SSPP/SSA၊ KIA၊ AA၊ MNDAA၊ TNLA၊ KNPP၊ NSCN-K၊ SNA၊ ZRA/ZRO၊ KNO (ကူးကီး)၊ KNO(ကချင်)၊ ANC တို့ကတော့ NCA မထိုးရသေးသည့် အဖွဲ့များဖြစ်သလို တချို့ SNA၊ ZRA၊ KNO (ကူးကီး)၊ KNO (ကချင်)၊ ANC အဖွဲ့များဆိုလျှင် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးသည့်အထဲသို့ ပါဝင်ခွင့် မပြုထားပေ။

အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်(EAOs) ၂၄ ဖွဲ့အနက် UWSA၊ NDAA၊ SSPP/SSA၊ KIA၊ AA၊ MNDAA၊ TNLA၊ RCSS၊ KNU တို့သည်သာ လက်နက် အင်အား၊ လူ အင်အား တောင့်တင်းကြပြီး ကျန်အဖွဲ့များမှာ လက်နက်နှင့် လူ အင်အားမှာ အားမကောင်းလှသည့်အတွက် စစ်တပ်သည် သိပ်အလေးထားခြင်း မရှိပေ။ လက်ရှိ စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးတွင် စစ်တပ် ဆန့်ကျင်ရေးအုပ်စု ဘက်ကနေ UWSA၊ NDAA၊ SSPP/SSA၊ KIA၊ AA၊ MND AA၊ TNLA၊ RCSS၊ KNU တို့ ကူညီပေးမည်ကို စိုးရိမ်မှုရှိသော်လည်း လက်တွေ့ မှာတော့ KIA၊ KNU၊ KNPP၊ CNF တို့သာ NUG နှင့် တစ်နည်းတစ်ဖုံ ချိတ် ဆက်ကာ PDF များ ကို စစ်သင်တန်းပေးခြင်းများ ပြုလုပ်လျက်ကြောင်း သတင်းများက ဆိုသည်။

ဤသို့သော် အခြေအနေမှာပင် နောက်ထက် စစ်တပ်နှင့် သီးသန့် တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင် များမှာ KIA နှင့် KNU လက်အောက်ခံ တပ် မဟာ (၁-၂-၅) အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ ဖြင့်သာ တိုက်ပွဲများ ဖြစ်ပွားနေသည်။ ကျန် အင်အားတောင့်တင်းသည့် UWSA၊ NDAA၊ SSPP/SSA၊ AA၊ တို့သည် တပ်မတော်နှင့် ဆက်ဆံရေး ကောင်း တစ်ရပ်ကို ထိန်းသိမ်းထားပြီး စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်ကိုလည်း မပါသလို လူထုတော်လှန်ရေးကို ဖြိုခွင်းနေသော စစ်တပ်ဘက်ကလည်း မပါဘဲ သီးသန့် ရပ်တည်လျက်ရှိနေသည်။ MNDAA နှင့် TNLA တို့သည် စစ်တပ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဖြစ်ပွားနေသော် လည်း ပြင်းထန်သည့် တိုက် ပွဲများ မဟုတ်ဘဲ နယ်မြေရှင်းလင်းရေး (သို့မဟုတ်) ထိတွေ့ တိုက်ပွဲများ အဆင့် မှာသာ ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် TNLA သည် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေး ဘက်ကနေ ရပ်တည်ပေးလိုသော်လည်း UWSA နှင့် တရုတ်၏ သြဇာကို အတိုက်အလျောက် မလွန်ဆန်နိုင်ခြင်းကြောင့် တင်းပြည့် ကျပ်ပြည့် မပါဝင်နိုင် ဘဲ ၎င်းနှင့် နယ်မြေ အငြင်းပွားနေသည့် RCSS ဖြင့်သာ အပြင်းအထန် တိုက်ခိုက် နေရသည်။

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေး ဘက်ကနေ ရပ်တည် တိုက်ခိုက်ပေးနေသည့် KIA အနေဖြင့်လည်း ယခုအခါတွင် တရုတ်ကနေတဆင့် စစ်တပ်နှင့် အပစ် အခတ်ရပ်စဲလိုကြောင်း ကမ်းလှမ်း ဆွေးနွေးမှု တချို့ရှိနေ ကြောင်း သိရသည်။ အလားတူ KNU အတွင်းမှာလည်း NCA အတိုင်း ရပ်တည် လိုသော အုပ်စုနှင့် စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေး ဘက်ကနေ ရပ်တည်လိုသော အုပ်စုဟု၍ ကွဲပြား ခြားနားနေသည်။

အလားတူ NCA ထိုးထားသည့် KNU အပါအဝင် RCSS၊ DKBA၊ KNU/KNLA-PC၊ CNF၊ ALP၊ PNLO၊ ABSDF၊ NMSP၊ LDU ထဲမှာလည်း တချို့အဖွဲ့က NCA အတိုင်း ရပ်တည် လိုကြပြီး တချို့အဖွဲ့ကတော့ NUG နှင့် နားလည်မှု စာချုပ် (Bilateral)ရေးထိုးကာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန် ရေး အုပ်စုဘက်ကနေ ရပ်တည်ထား၍ ဘုံသဘောတူညီချက်ကို ရယူနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ဥပမာ ပြောရပါက CNF သည် NUG နှင့် Bilateral ထိုးထားပြီး စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန် ရေး ဘက်ကနေ ရပ်တည်လျက် ရှိရာ DKBA၊ KNU/KNLA-PC၊ PNLO တို့ကမူ ဘယ်ဘက်မှ မပါဘဲ NCA အတိုင်း ရပ်တည်လျက်ရှိသည်။

RCSS ကမူ NUG နှင့် ဆွေးနွေးမှုများရှိ သော် လည်း မည်သည့်ဘက်က ရပ်တည်မလဲ ပြတ်ပြတ်သားသား မရှိသေးဘဲ ဖြစ်နေ ကာ ၎င်းနှင့် နယ်မြေအငြင်းပွား၍ TNLA-SSPP တို့ဖြင့် စစ်တိုက်နေရခြင်းကို အာရုံစိုက် ဖြေရှင်းရန် အလေးထားလာနေရသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကျိုးစီးပွားများ မတူညီကြသလို သမိုင်းဖြစ်တည်မှုများလည်း ကွဲပြား ခြားနားနေခြင်းကြောင့် မည်သို့ပင် ရပ်တည်စေကာမူ သူတို့၏ စဉ်းစား ချက်များသည် သူတို့ ဖြစ်တည်မှု အပေါ်မှာ အခြေခံ၍ စဉ်းစားနေကြပါလိမ့်မည်။

မြန်မာနိုင်ငံသည် ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့် ၅ နိုင်ငံ မှာ အိမ်နီးချင်း နိုင်ငံများဖြစ်ရာ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့သည် လက်ရှိ နစက ဘက်က ရပ်တည် သည့် အနေအထားမှာ ရှိနေခြင်းကြောင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs)များသည် စစ်တပ်ကို ဖြုတ်ချရေး၊ တိုက်ပွဲများ ဖော်ဆောင်ရေး၊ လူထု တော်လှန်ရေး စသည့် လုပ်ငန်းစဉ်များတွင် တင်းပြည့် ကျပ်ပြည့် ပူးပေါင်း ပါဝင်ရန် အလွန်ခက်ခဲကြသည်။ ဘာကြောင့်ဆိုလျှင် မြန်မာနိုင်ငံတွင် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ(EAOs)အားလုံးသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း နယ်စပ်များတွင် အခြေစိုက် လှုပ်ရှားလျက်ရှိကြရာ ထိုသုံးနိုင်ငံက သူ့နယ်မြေကို အသုံး ချခွင့်မပြုပါက စစ်တပ်ကို တိုက်ခိုက်ရန် မဖြစ်နိုင်သလို ၎င်းတို့ လုပ်နေသည့် တော်လှန်ရေး အသက်ရှည်ရန် ရပ်တည်နိုင်ရန်လည်း ခက်ခဲလှပေသည်။

ပြီးခဲ့သည့် မေလက ထိုင်းအစိုးရသည် KNU၊ KNPP၊ RCSS တို့မှ ကိုယ်စားလှယ် များကို တွေ့ဆုံ၍ NCA အတိုင်း သွားရန်၊ တိုက်ပွဲမဖော်ဆောင်ရန်၊ တိုက်ပွဲ ဖော် ဆောင်မည်ဆို ပါက မိမိတို့နယ်မြေကို အသုံးမပြုရန် ပြောခဲ့သည်။ အလားတူ တရုတ်ကလည်း သူ့နယ်စပ်တွင် လှုပ်ရှားကြသည့် UWSA၊ SSPP၊ MNDAA၊ NDAA တို့ကို မည်သည့် ဘက်မှ မပါဝင်ဘဲ ရပ်တည်ကြရန် တိုက်တွန်းထား သလို AA၊ TNLA တို့ကိုလည်း တိုက်ပွဲများ မဖြစ်ပွားရေး ထိန်းသိမ်းထားရန် တိုက်တွန်းထားကြောင်း သိရသည်။

အိန္ဒိယနယ်စပ်တွင် လှုပ်ရှားကြသည့် SNA၊ ZRA၊ ကူးကီး(KNO)၊ NSCN-K၊ CNF တို့မှာလည်း စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေး ဘက်က ရပ်တည်သည့် အဖွဲ့များမှာ ကူးကီး(KNO)၊ CNF၊ ZRA တို့ရှိ သည့်တိုင် ယနေ့ချိန်ထိ စစ်တပ်နှင့် တိုက်ပွဲများ မရှိသေးပေ။ NSCN-K နှင့် SNA ကမူ မည်သည့်ဘက်က ရပ်တည်ကြောင်း တရားဝင် ထုတ် မပြောပေ၊ သို့သော် SNA နှင့် စစ်တပ်ကြားမူ တိုက်ပွဲ အနည်းငယ်ရှိသည်။ ထိုအဖွဲ့များကို အိန္ဒိယအစိုးရက လက်ခံထားခြင်းမရှိသလို အိန္ဒိယ နယ်မြေကို အသုံးချခွင့် မပေး ထားပေ။ အိန္ဒိယအစိုးရက NSCN-K ကို အကြမ်းဖက် အဖွဲ့ဖြင့်တောင် ကြေညာထားပြီး တိုက်ခိုက် ချေမှုန်းလျက်ရှိသည်။ အထက်ပါ အခြေအနေများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထု တော်လှန်ရေးနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ(EAOs)တို့၏ ပကတိအခြေအနေများ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးသည် မည်ကဲ့သို့ ဖြစ်တည်လာမလဲဆိုသည်မှာ စောင့်ကြည့်ရမည်။ အလားတူ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ(EAOs)က မည်ကဲ့သို့ ရပ်တည်ကာ ပါဝင်ကြမလဲဆိုသည်မှာလည်း စောင့်ကြည့်ရပေမည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ သမိုင်းတွင် ဗမာတိုင်းရင်းသားများ အင်အားကြီးစွာ ပါဝင်ကြသည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ခေတ်က စစ်တပ်ဆန့်ကျင်တော်လှန် ရေး ကြိုးပမ်းစဉ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ(EAOs)သည် မူလက မဟာမိတ်ဖွဲ့၍ ပူးပေါင်း ပါဝင်ခဲ့ကြသော်လည်း နောက်ပိုင်း တပ်လှုပ်ရှားမှု နယ်မြေ အငြင်းပွား ကာ အချင်းချင်း ပြန်လည် တိုက် ခိုက်ခဲ့ကြရသလို ဗကပ၏ လူတန်းစားအရေးသာ ဦးစားပေးပြီး ဗမာမဟုတ် သော တိုင်းရင်းသားလူမျိုးများ၏ အရေးကို အလေးမထားခြင်း ကြောင့် ပုန်ကန် မှုများဖြစ်ကာ ပြိုကွဲသွားခဲ့ရသည်။

အလားတူ ၁၉၆၂ ခုနှစ်၊ ဦးနေဝင်း အာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ် ဦးနုက သူကိုယ်တိုင် ဦးဆောင်၍ ပြည်ချစ် တပ်မတော်ကို ထူထောင်၍ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ရေး လူထုတော်လှန်ရေးအနေဖြင့် လက်နက်စွဲကိုင်ကာ လူထု တော်လှန်ရေး ဖော်ဆောင်ခဲ့ရာ KNU အပါအဝင် ဗမာမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်များဖြင့် မဟာမိတ် ဖွဲ့ပြီး တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်း လှုပ်ရှားနယ်မြေအငြင်းပွား၍ အချင်းချင်း မသင့် မမြတ်ဖြစ်ကာ မဟာမိတ်ဖွဲ့မှုများ ရပ်ဆိုင်းခဲ့ကြသည့် အဖွဲ့များ ရှိလာခဲ့သလို ပြည်ချစ်တပ်မတော် ထဲမှာပင် စေ့စပ်ဆွေးနွေးခြင်း နည်းလမ်းဖြင့် အာဏာ ပြန်လည် ရယူရေးအုပ်စုနှင့် မစေ့စပ်ဘဲ လက်နက်စွဲကိုင် အပြုတ်တိုက်ရေး အုပ်စုဆိုကာ ကွဲလာပြီးနောက် ပြည်ချစ် တပ်မတော် ပြိုကွဲသွားခဲ့သည်။ ယခု ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေး သမိုင်းတကျော့ပြန်လည် ဖြစ် တည်လာခဲ့ပြန်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ(EAOs)အနေဖြင့် သမိုင်းသင်ခန်းစာများနှင့် လက်ရှိ မိမိတို့ အဖွဲ့အစည်း ရပ်တည်ရေး ပကတိမြေပြင် အနေအထားများကို သေချာလေ့လာ ဆန်းစစ်၍ မည်ကဲ့သို့ ရပ်တည်ရမလဲကို အဖြေရှာနေကြနိုင်သည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs)၏ အရွေ့သည် မည်သို့မည်ပုံ ဖြစ်လာမည်ကိုတော့ဖြင့် ဆက်လက်၍သာ စောင့်ကြည့်ရပေအုံးတော့မည်။