ပြီးခဲ့သည့် ဇွန်လအကုန်ပိုင်းတွင် ထောင်ထောင်မောင်းမောင်းနှင့် ခန့်ညားလှ သော ရုရှားစစ်အရာရှိတစ်ဦး၏ ဘေးတွင် ဝတ်ရုံရှည်တစ်ခုကို ခြုံထားသော အရပ်ပုပု သက်ကြီးပိုင်း အာရှသားတစ်ဦး ယှဉ်တွဲရပ်နေသည့် ဓါတ်ပုံမှာ မြန်မာ့ လူမှုကွန်ရက်စာမျက်နှာများပေါ် ပျံ့နှံ့၍သွားခဲ့သည်။ ထိုအခမ်းအနား ဓါတ်ပုံတွင် ဝတ်ရုံရှည်ဝတ်ဆင်ထားသူမှာ မြန်မာစစ်တပ် အကြီးအကဲနှင့် အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်ပြီး ၎င်းကို အင်တာနက်လူမှုကွန်ရက်ပေါ်တွင် တိုက်ခိုက် သရော်ခဲ့ကြသော်လည်း ယင်းသို့တို က်ခိုက်သရော်ကြသည့်အထဲတွင် ရုရှား လူမျိုးများ မပါဝင်ခဲ့ပေ။ ဇွန်လ ၂၂ ရက်မှ ၂၄ ရက်အထိ မော်စကိုခရီးစဉ်တွင် မြန်မာစစ်တပ် ခေါင်း ဆောင်သည် ရုရှားစစ်ဘက် တက္ကသိုလ်မှ ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်သို့ ဝတ်ရုံရှည်ဝတ်ဆင်၍ တက်ရောက်ခဲ့ပြီး ဂုဏ်ထူးဆောင်ပါမောက္ခဟု ခံယူခဲ့ သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁ ရက် အာဏာရယူခဲ့ သည်။ထိုသို့ အာဏာရယူလိုက်သည် ကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ သည့်အတွက် ဆန္ဒပြပွဲများကို နှိမ်နင်းခဲ့သော်လည်း မြန်မာစစ်တပ်ကို ကမ္ဘာပေါ် တွင် စွမ်းအားအရှိဆုံး ထောက်ခံမှုအဖြစ် ရုရှားနိုင်ငံ ပေါ်ထွက်လာခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇွန်လ ၂၂ ရက် မြန်မာ စစ်ဗိုလ် ချုပ်ကြီးများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံကြား နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုတို့ ကို အခြေခံလျက် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင် ဆက်လက် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် အရှေ့တောင်အာရှနှင့် အာရှ-ပစိဖိတ်ဒေသတို့တွင် ယုံကြည် အားထားရသော မဟာဗျူဟာ မိတ်ဖက်သစ်အဖြစ် ရှုမြင်၍ ဤအစည်းအဝေး အတွင်း အထူးအာရုံစိုက်မိပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှားကို ထာဝရမိတ်ဆွေအဖြစ် ချီးကျူးထောပနာပြုခဲ့ကြောင်း ရုရှားပြည်တွင်းသတင်းများက ဖော်ပြကြသည်။ အနောက်အုပ်စုနိုင်ငံများက မြန်မာစစ်တပ် အာဏာသိမ်းမှုကို အပြစ်ပေးဖို့ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လက်နက် ရောင်းချမှု ပိတ်ပင်ထားသော်လည်း ရုရှားကတော့ မြန်မာစစ်တပ်ကို လက်နက်နှင့်ဟာ့ဒ်ဝဲများ အဓိက တင်ပို့သူ ဖြစ်နေသည်။ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနသိပ္ပံ၏အဆိုအရ မြန်မာနိုင်ငံ သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ရုရှားနိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ပြီး ထိုကာလ အတွင်း လက်နက်တင်သွင်းမှု စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းမှာ ရုရှားထံမှ ဖြစ် ကြောင်း သိရသည်။ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ MiG-29 တိုက်လေယာဉ်များနှင့် Yak-130 ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ အပါအဝင် ရုရှားလုပ် စစ်လက်နက်ကိရိယာများကို ယခုအခါ မြန်မာနယ်စပ်ဒေသများရှိ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို လေကြောင်းစစ်ဆင်ရေး ပြုလုပ်ရန်နှင့် အခြားနည်းလမ်းများဖြင့် သုံးစွဲရန် လုပ် ဆောင်နေသည်။ ဒီမိုကရေစီရေး ဆန္ဒပြသူ အများအပြားတို့သည် နိုင်ငံအနှံရှိ မြို့အသီးသီးတွင် စစ်တပ်၏ပြင်းထန်သော ဖြိုခွင်းမှုက နေ လွတ်မြောက်ရန် မကြာသေးမီက တိုင်းရင်းသားဒေသများသို့ သွားရောက်ခိုလှုံနေခဲ့ကြသည်။ ဒုက္ခသည်များ ထိုင်းနှင့်အိန္ဒိယနယ်စပ်များသို့ စီးဝင်လာနေသည်။ တချိန်တည်းမှာပဲ ရုရှားစစ်လက်နက်များသုံး၍ ဖိနှိပ်နေခြင်း အပေါ် ဒေသတွင်း လူသားချင်း စာနာထောက်ထားမှု အသစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားလာရတော့သည်။ မြန်မာစစ်တပ် (သို့မဟုတ်) တပ်မတော်အတွက် ရုရှား၏ အပေးအယူ လုပ်မှု များသည် တရုတ်လုပ် လက်နက်များ ကိုသာ ကာလရှည်ကြာ မှီခိုနေရမှုကို လျော့ချဖို့ ပိုမိုကျယ်ပြန့်သည့် မူဝါဒ၏ အစိတ်အပိုင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် အစောပိုင်းကပင် ရုရှားအစိုးရပိုင် MiG လေယာဉ်ကောပိုရေးရှင်းကို ယခုအခါ United Airways ကော်ပိုရေးရှင်း အဖြစ် ပြန်လည်ဖွဲ့စည်းပြီး ရန်ကုန်တွင် ရုံးခန်းဖွင့်ခြင်းဖြင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုကို အဆင်ပြေ ချော မွေ့စေခဲ့သည်။ မော်စကိုသည် မကြာသေးမီနှစ်များအတွင်း ထောင်နှင့်ချီသော မြန်မာ့ တပ်မတော်သားများကို စစ်သင်တန်းများနှင့် တက္ကသိုလ်ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့ကြောင်း ဇွန်လ ၂၃ ရက်နေ့ ရိုက်တာသတင်းများတွင် ဖော်ပြ ထားသည်။ သို့သော် တပ်မတော်နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးတည်ဆောက်ရန် မော်စကို၏ ရည်ရွယ်ချက်မှာ လက်နက် ရောင်းချမှု အမြတ်အစွန်းနှင့် စစ်ပညာ သင်စရိတ် ရရှိမှုတို့ထက် သာလွန်ကြောင်း လေ့လာသုံးသပ်သူများနှင့် ကျွမ်း ကျင် သူများက ဆိုကြသည်။ “နိုင်ငံရေးအကျပ်အတည်းတွေမှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့ အနောက်အုပ်စုက ကြိုးပမ်းနေတာတွေကို မော်စကိုအနေနဲ့ ဆက် လက် အနှောင့်အယှက်ပေးနေဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပထဝီဝင်နိုင်ငံ ရေး ဦးတည်ချက်နဲ့ အခုကိုက်ညီနေတယ်ဆိုတာ ပြသလိုက်တာပဲလို့ ကျနော် ယူဆပါတယ်” ဟု ဩစတြေးလျအခြေစိုက် ပညာရှင် ဟန်တာမာစတန်က ဒေသတွင်း မီဒီယာတစ်ခုကို သုံးသပ်ပြသည်။ ဤသည်မှာ ဒေသတွင်း မဟာဗျူဟာမြောက် ခြေကုပ်ပြန်ယူရေးအတွက် ရုရှား ၏ ကျယ်ပြန့်သည့် ရည်မှန်းချက် တစ်ခုလည်း ဖြစ်သည်။ တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုသည် အရှေ့တောင်အာရှတွင် အဓိက အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ခဲ့ဖူး သည်။ ထိုစဉ်က ကွန်မြူနစ်အစိုးရများ ကြီးစိုးကြသည့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့နှင့် မော်စကိုက အနီးကပ် မဟာမိတ်ဖွဲ့ခဲ့ပြီး ၁၉၇၈-၉ ဗီယက်နမ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့ သည်။ (စကားချပ် - ဆိုဗီယက်ပြည်ထောင်စုသည် ကွန်မြူနစ်မဟုတ်သော အိန္ဒိယနိုင်ငံ နှင့်လည်း ခိုင်မာသည့် မဟာ ဗျူဟာ မိတ်ဖက်အဖြစ် ဆက်ဆံရေးရှိခဲ့ပြီး ယင်း ဆက်ဆံရေးမှာ ယနေ့တိုင် တည်တံ့ခိုင်မြဲဆဲဖြစ်သည်) ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ပြီး ထိုစဉ်က ရုရှားသမ္မတ ဘောရစ်ယဲ့ဆင် လက်ထက် (၈)နှစ်တာ ကသောင်းကနင်းကာလတွင် မော်စကို ၏ဩဇာသည် အာရှ-ပစိဖိတ်ဒေသတွင်းမှ အလျင်အမြန် ပျောက်ကွယ်သွား ခဲ့ သည်။ သို့သော် ဗလာဒီမာပူတင်၏ အာဏာရှင်စနစ်က ယင်းသို့ယိုယွင်းခဲ့သော အဆက်အသွယ် ချိတ်ဆက်များကို လက်နက်ရောင်းဝယ်ဖောက်ကားခြင်းဖြင့် တဖြည်းဖြည်း ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ် အာဏာရယူမှုကို အနောက်အုပ်စု၏ဩဇာအစားထိုးရန် အခွင့် အလမ်းအဖြစ် ပူတင်အစိုးရက အတိအလင်း ရှုမြင်ထားသည်။ သေချာသည့်အချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇွန်လ မော်စကို ခရီးစဉ်သည် ၎င်း၏ပထမဆုံးခရီးစဉ် မဟုတ်ခြင်းပဲ ဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်၊ ဇွန်လကလည်း ရုရှားကာကွယ်ရေးဝန်ကြီး Shoigu က လက်နက် ရောင်း ဝယ်ရေးနှင့် ပတ်သက်၍ “အပြန်အလှန်အကျိုးဖြစ်ထွန်းမှု” ရည်ညွှန်း၍ ဆွေးနွေးရန် ဖိတ်ကြားချက်အရ ရုရှားသို့ သွားခဲ့ သေးသည်။ ၂၀၁၆ ခုနှစ် နောက်ထပ် ခရီးစဉ်တစ်ခုတွင် ရုရှားနှင့်မြန်မာတို့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယင်းစာချုပ် တွင် ရုရှားနှင့်မြန်မာ တပ်မတော်နှစ်ရပ်တို့၏ တိုက်ခိုက်ရေး အသင့် ဖြစ်မှုကို အားဖြည့်ရန် လိုအပ်သည့် လက်နက်ခဲယမ်း မီးကျောက်များကိစ္စ ပါဝင်ခဲ့သည်။ ထိုနှစ်ကပင် ရုရှားကာကွယ်ရေးဝန်ကြီး Shoigu နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံ ခဲ့ပြီး ရုရှားစစ်တပ်အနေဖြင့် သဘောတူညီချက်၏ မဟာဗျူဟာမြောက် အရေး ပါမှုကို Shoigu က အလေးအနက် ပြောကြားခဲ့ရာတွင် “မြန်မာ ဆိပ်ကမ်းတွေ မှာ ရုရှားစစ်သင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့ ကျနော်တို့ အထူးအလေးထားပါတယ်။ မြန်မာဘက်က လည်း ရုရှားကို စစ်သင်္ဘောတွေ လာရောက်ဖို့ ကျနော်တို့ မျှော် လင့်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ယင်းသို့ လည်ပတ်မှုများနှင့် သဘောတူညီချက်များသည် ၂၀၁၀ ပြည့်နှစ် ဗိုလ်ချုပ်ကြီ ဦးသိန်းစိန်(ငြိမ်း) ဦးဆောင်သည့် အရပ်သားအမည်ခံ အစိုးရက ရုရှားသို့ လေ့ကျင့်သင်ကြားရန် ဝန်ထမ်းများ ပို့ဆောင်တော့မည် မဟုတ် ကြောင်း ကြေညာခဲ့သည့် အချိန်တိုအတွင်း ပြန်လည်အဆင့်မြှင့်ထားသော ဆက်ဆံရေးများကို ပြောင်းပြန် ဖြစ်စေခဲ့သည်။ ဦးသိန်းစိန်အစိုးရ ကြေညာချက်သည် အနောက်အုပ်စုနိုင်ငံများကို တံခါးဖွင့်ပေး ခြင်းနှင့် ဆယ်စုနှစ်များစွာ တရုတ် ကို အဓိကနှင့် ရုရှားကို အတန်ငယ် မှီခိုခဲ့ရ ခြင်းအပေါ် ပိုမိုကြားနေသည့် နိုင်ငံခြားရေးမူဝါဒကို ပြသရန်အတွက် တစ်ခန်း တစ်ကဏ္ဍအနေဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုသို့သဘောထားကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ သမိုင်းဝင်မြန်မာ ခရီးစဉ်တွင် ထင်ဟပ်ပြသခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ပကတိဖြစ်ရပ်မှန်အနေဖြင့် မြန်မာစစ်တပ် အရာရှိများ သည် Omsk သံချပ်ကာ အင်ဂျင်နီ ယာ သိပ္ပံ၊ မော်စကိုရှိ လေတပ်အင်ဂျင်နီယာ အကယ်ဒမီကျောင်းနှင့် Nizhniy Novgorod အကယ်ဒမီကျောင်း စသည့် ရုရှားစစ်ကျောင်းများနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ယခုတိုင် ရှိနေဆဲဖြစ်ပါသည်။ ၎င်းတို့ထဲမှ အချို့သည် ရုရှားလေတပ်တွင် အရာရှိလောင်းများအဖြစ် အမှုထမ်း ခဲ့ကြပြီး တပ်မတော်ပိုင် MiG တိုက် လေယာဉ်များ ပျံသန်းမှု အတွေ့အကြုံများ ရှိနေကြောင်း သတင်းများ ရရှိခဲ့သည်။ ပျော့ပျောင်းညင်သာသည့်စွမ်းအား (soft-power) အနေဖြင့်လည်း ရုရှား ဘာသာစကားကို ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် စတင်သင်ကြားခဲ့ပြီး မြို့တော်ဟောင်း ရန်ကုန်တွင် ရုရှားယဉ်ကျေးမှုဌာနဖွင့်လှစ်ရန် ၂၀၁၄ ခုနှစ်က ဆုံးဖြတ်ခဲ့သည်။ သေချာသည်က ရုရှားသည် မြန်မာကို လက်နက်ရောင်းရုံတင်မကဘဲ အရှေ့တောင်အာရှနိုင်ငံများအကြား မော်စကိုအနေဖြင့် ရာဇဝင်ကြွေးဆပ်သည့် သဘောနှင့် စစ်လက်နက် အပြိုင်အဆိုင်ရောင်းချပြီး မီးထိုးပေး နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဗီယက်နမ်သည် ရုရှားထံမှ လက်နက်အမြောက်အမြား ဝယ်ယူခဲ့ရာ ၁၉၉၅ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အကြား ဝယ်ယူမှု ဒေါ်လာ ၇ ဒသမ ၃၈ ဘီလီယံ (သို့မဟုတ်) စုစုပေါင်း လက်နက်တင်သွင်းမှု၏ ၈၄ ရာခိုင်နှုန်းရှိကြောင်း စင်ကာပူ အခြေစိုက် အရှေ့တောင်အာရှလေ့လာရေးသိပ္ပံ၏ အချက်အလက်များအရ သိရသည်။ လာအိုနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် အကန့်အသတ်ရှိသော်လည်း ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်ကြားတွင် ဒေါ်လာ ၁၀၂ သန်းတန်ဖိုးရှိ ရဟတ်ယာဉ်များ၊ တင့်ကားများနှင့်စစ်လက်နက် အများအပြားကို ရုရှားထံမှ ဝယ်ယူ ဖြည့်တင်းခဲ့ သည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့လည်း ရုရှားထံမှ တိုက်လေယာဉ်များနှင့် အခြား စစ်သုံး ပစ္စည်းများ ဝယ်ယူခဲ့သည်။ ထိုင်း-ရုရှား မဟာဗျူဟာ ဆက်ဆံရေးသည် ထိုင်းစစ်တပ်လွှမ်းမိုးမှုအောက်တွင် ပိုမိုတိုးတက်လာခဲ့သည်။ သို့သော် ကျယ်ပြန့်သော ပထဝီဝင် မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင် ရုရှား စစ်တပ်၏ တရားဝင် ထုတ်ပြန် ကြေညာချက်များအရ ၎င်းတို့အနေဖြင့် မြန်မာ နှင့်ရင့်ကျက်သော ဆက်ဆံရေးပုံစံသစ်မှာ လက်နက်ရောင်းချ မှုမျှသာ မဟုတ် ကြောင်း ဖော်ပြနေပေသည်။ စင်စစ်အားဖြင့်လည်း ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဗေစလီ- ဗစ်ဖိုမင်သည် နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားကို ယူနီဖောင်းအပြည့်အစုံဖြင့် တက်ရောက်ပေးခြင်းကြောင့် ရှေ့လျှောက် ပိုမို နီးကပ်သည့် ဆက်ဆံရေးအတွက် ခိုင်မာသောသက်သေပြမှု ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးများ အကျိုးစီးပွားရှိနေသည့် ပူးတွဲ စစ်ဘက် အဆင့်မြင့် နည်းပညာ သုံး မာလ်တီမီဒီယာ Complex အသစ်ဖွင့်လှစ် ရာသို့လည်း ရုရှားအရာရှိများ တက်ရောက်ခဲ့ကြသည်။ သို့သော် အာဏာရယူမှုကိုတော့ သူတို့အနေဖြင့် ချီကျူးထောပနာပြုရင်း အပြောင်းအလဲ ကာလတစ်ခုအတွင်း နှစ်ဘက်ကြား မဟာဗျူဟာမြောက် ဆက်ဆံရေးအရ ဒေသတွင်း အင်အားချိန်ခွင်လျှာကို ပြန်ညှိရသည်။ သစ်လွင်ပြီး အားကောင်းလာသည့် ရုရှားအနေဖြင့် အရှေ့တောင်အာရှ ဒေသ တွင်းသို့ အတိအလင်း ပြန်လည် အခြေချနေပြီး မြန်မာနိုင်ငံသည် ၎င်း၏ မဟာဗျူဟာ တံခါးပေါက်ပင် ဖြစ်ပေသတည်း။
Source: https://asiatimes.com/.../russia-lends-myanmar-a.../...
(ဆောင်းပါးရှင် ဘာတီးလင့်တနာရေးသားသည့် Russia lends Myanmar a lethal helping hand ကို ဆီလျော်အောင် ပြန်ဆိုပါသည်)
မြန်မာကို ကူညီပံ့ပိုးနေသော ရုရှား
- By CNI
- Category: ဆောင်းပါး
- Hits: 1379