ရေးသားသူ-သန့်မြင့်ဉီး
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က အပိုင်း-၁ အဖြစ်လည်းကောင်း၊ဇူလိုင်လ ၁ ရက်နေ့ က အပိုင်း-၂ အဖြစ်လည်းကောင်း ထုတ်လွှင့်ပေးခဲ့ပြီးဖြစ်ရာ ယခုအခါတွင် အပိုင်း-၃ နိချုပ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ (အပိုင်း-၂ အဆက်) သို့သော် မတ်လအကုန်ပိုင်းတွင် နိုင်ငံတကာမှ ဝင်ရောက် စွက်ဖက်မှုမရှိသဖြင့် လူငယ် အများ အပြားသည် လက်နက်ကိုင်ပုန်ကန်မှု အဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။ နမူနာအားဖြင့် ပြရလျှင် အိန္ဒိယနိုင်ငံအနီး ကလေးမြို့တွင် ဒေသခံများက “ကလေးမြို့ပြတပ်ဖွဲ့” အနေဖြင့် ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ် သည်။ လက်လုပ်အမဲလိုက်သေနတ်များ တပ်ဆင်ခြင်း၊ စစ်သားများကို တုံ့ပြန် သတ်ဖြတ်ခြင်းနှင့် စစ်တပ်က တပ်စွဲ ထားသော နေရာများကို တိုက်ခိုက်ခြင်း တို့ကို ၁၀ ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။ ဒေသခံ အဖွဲ့အစည်းများနှင့် ပေါ့ပါး လွယ်ကူသည့် လက်နက်အသီးသီး တပ်ဆင်ထားသောတပ်ဖွဲ့များ ဒေသအလိုက် လအနည်းငယ်အတွင်း ပေါ်ထွက်လာကြသည်။ မေလတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဟုခေါ်သည့် အဖွဲ့တစ်ဖွဲ့နှင့် စစ်တပ်တို့ မြန်မာနိုင်ငံအနောက်ပိုင်း ကုန်းမြင့် ဒေသရှိ မင်းတပ်မြို့၌ အမြောက်နှင့် ရဟတ်ယာဉ်ပစ် လက်နက်များသုံး၍ ရက်သတ္တသုံးပတ်တိုင် တိုက်ခိုက်ခဲ့ကြ သည်။ တစ်ချိန်တည်းမှာပင် ရာနှင့်ချီသော လူငယ်အမျိုးသား၊ အမျိုးသမီးများသည် တိုင်းရင်းသားလူနည်းစုတပ်များ ထိန်းချုပ်နယ်မြေများသို့ ဖောက်ခွဲရေး အပါ အဝင် လက်နက်ကိုင်သင်တန်းတက်ရန် ထွက်ခွာသွားကြသည်။ မေလနှောင်း ပိုင်းတွင် ရဲနှင့် ဒေသန္တရအုပ်ချုပ်ရေးမှူးရုံးများကို မီးရှို့ဖျက်ဆီးမှုများ၊ အခြား တိုက်ခိုက်မှုများ ရန်ကုန် အပါ အဝင် မြို့များတွင် ဖြစ်ပွားခဲ့သည်။စစ်တပ်နှင့် ဆက်စပ်နေသော ပစ်မှတ်များတွင် ဗုံးပေါက်ကွဲမှုပေါင်း ၁၀၀ ခန့်ရှိ လာသည်။ ယင်းသို့ ပြောက်ကျား လှုပ်ရှားမှုများသည် စစ်ကောင်စီကို ဟန်ချက်ပျက်အောင် ဟန့်တားနိုင်ခဲ့သည်။ သို့သော် လက်နက်ကိုင်တိုက်ခိုက်သူများသည် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံမှ ထိရောက်သည့် အကူအညီမပါဘဲ လက်ရှိ စစ်တပ်ကို အံတု စိန်ခေါ်နိုင်မည့် တပ်ဖွဲ့သစ် တည်ဆောက်နိုင်မည် မဟုတ်ပေ။ မြန်မာစစ်တပ်၏သမိုင်းတွင် ၎င်း၏ တပ်ဖွဲ့များမှ ကြီးမားသော အပိုင်းအစက ကွဲထွက်ပြီး ပုန်ကန်ခဲ့သည်ဟူ၍ မရှိခဲ့။ သို့ဖြစ်၍ တိုင်းရင်းသားလူနည်းစုတပ် များသည် ယခုလူထုအုံကြွမှု၏ အခြားဖြစ်နိုင်ခြေရှိသော ကိုယ်စားပြုမှု အဖြစ် သာ ဆက်လက်ကျန်ရှိ တော့ သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် အသီးသီးတိုက်ခိုက်မှုအသစ်များ ပြုခဲ့ကြ ပြီး ဖြစ်သည်။ အခြားအစုအဖွဲ့များသည်လည်း နိုင်ငံရေးထောက်ခံသည့် ကြေညာချက်များမှ နေ၍ လက်နက်ကိုင် လှုပ်ရှားမှုများ အဖြစ်သို့ ပြောင်းလဲနိုင်သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စုစုပေါင်းအင်အား ၇၅,၀၀၀ ခန့်သည် သာလွန်သော အမြောက်များနှင့် လေကြောင်းကာကွယ်ရေးစနစ် ရှိထားသည့် စစ်တပ်နှင့် ယှဉ် လျှင် အားချင်းမမျှပေ။ ထို့အပြင် အင်အား အကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တွင် တပ်သားအင်အား ၃၀,၀၀၀ ကျော်ရှိပြီး ထိုတပ်ဖွဲ့ကို ကွန်မြူနစ် လက်နက်ကိုင်ဟောင်းများမှ မွေးဖွားပေးခဲ့ကာ တရုတ် နိုင်ငံနှင့် ထဲထဲဝင်ဝင် ဆက်နွှယ်မှုရှိနေသည်။ ၎င်းတပ်သည် မြန်မာစစ်တပ်ကို နှစ်မြို့လှသည်တော့ မဟုတ်ဘဲ ပြည်တွင်းစစ်ကို မလိုလားသည့် တရုတ်၏ အကြံပြုချက်ကိုမူ လက်ခံ လိုက်နာလိမ့်မည်ဖြစ်သည်။ မြန်မာသည် ကျရှုံးသော နိုင်ငံတစ်နိုင်ငံ စစ်မြေပြင် အခြေအနေများထက် ပိုမိုဆိုးရွားသော စီးပွားရေးအခြေအနေက မြန်မာနိုင်ငံကို ကျရှုံးသောနိုင်ငံ တစ်နိုင်ငံ (A Failed State)အဖြစ် ပြောင်းလဲ စေလိမ့်မည်ဖြစ်သည်။ သာမန်အိမ်ထောင်စုများကို မှီခို အားထား နေရသည့် ခရီးသွားလုပ်ငန်းကဲ့သို့ စီးပွားရေးများသည် ပြိုလဲခဲ့ပြီး နိုင်ငံခြားမှ ငွေလွှဲပို့ခြင်း ကဲ့သို့ အခြားဝင်ငွေ ရင်းမြစ်များမှာ ၂၀၁၉ ခုနှစ်တွင် စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံသာ ရှိခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခု အတွင်း အထည်ချုပ် လုပ်ငန်းကြောင့် လူပေါင်းတစ်သန်းကျော် အလုပ်ရခဲ့ပြီး လုပ်သားအများစုမှာ အမျိုးသမီးငယ် များ ဖြစ်ကြသည်။ သို့သော် အထည်ချုပ်လုပ်ငန်းများမှာ ဥရောပနိုင်ငံများမှ မှာယူမှု လျော့ပါးသွားသည်နှင့်အမျှ ပျက်စီးသွားခဲ့ရသည်။ တိုင်းပြည်အတွက် အကြီးမားဆုံး အလုပ်အကိုင် ဖန်တီး‌ပေးနေသည့် စိုက်ပျိုး ရေးကဏ္ဍ၏ အနာဂတ်မှာလည်း မရေမရာ ဖြစ်နေဆဲရှိပြီး သပိတ် မှောက်မှု များနှင့် Covid-19 ကြောင့် တရုတ်နယ်စပ်ပိတ်ရခြင်းတို့ရှိနေ၍ သယ်ယူ ပို့ဆောင်ရေး အကျပ်အတည်းများ ကြုံနေရသည်။ အရေးကြီးဆုံးသော ကိစ္စရပ် တစ်ခုမှာ ဘဏ္ဍာရေးကဏ္ဍဖြစ်သည်။ သပိတ်မှောက်မှုများနှင့်အတူ ဗဟိုဘဏ်မှ ငွေ ထပ်မံ ထုတ်မချေးနိုင်တော့ခြင်း (သို့မဟုတ်) ဘဏ်လုပ်ငန်းအပေါ် အထွေထွေ ယုံကြည်စိတ်ချမှု အားနည်း လာခြင်းတို့ကြောင့် မထိန်းနိုင်ဘဲ ယိမ်းယိုင်လာခဲ့သည်။ ဘဏ်များ ပိတ်ထား ရသည့်သဘောမှာ ATM များထဲတွင် ငွေသားမရှိတော့ခြင်းနှင့် စီးပွားရေး လုပ်ငန်းများအနေဖြင့် လုပ်ခလစာ မပေးနိုင်တော့၍ ဖြစ်သည်။ ပုံမှန်လည်ပတ် နေကျ ငွေသားများမှာ လစဉ် ကျပ်ငွေထရီလီယံ (ဒေါ်လာ ဘီလီယံနှင့်ချီသော ပမာဏ) ရှိနေသည်။ ထိုသို့ ငွေ လည်ပတ်မှုသည် ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံ အတွက် သက်ရောက်မှုရှိကြောင်း ပေါ်လွင်နေပေသည်။ စီးပွားရေးမှာ အကျဘက်သို့ ယိုင်လာနေသော်လည်း စစ်ကောင်စီအနေဖြင့် ထိခိုက်မည်မဟုတ်ပါ။ သဘာဝ ဓါတ်ငွေ့နှင့် သတ္တု(ကျောက်မျက်)တူးဖော်ရေးမှ ဝင်လာသော ငွေကြေးများက ၎င်းတို့ဘဏ်တိုက်ထဲသို့ စီးဆင်း သွားလိမ့်မည် ဖြစ်သည်။ စစ်တပ်ပိုင် လုပ်ငန်းစုကြီးများသည် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အထိ ပုံမှန်ဘတ်ဂျက်အဖြစ် နှစ်စဉ်ရရှိနေသည်။ သို့သော် မြန်မာပြည်သူများမှာ အကြီးအကျယ် ဒုက္ခတွေ့စရာအကြောင်းက ရှိနေသည်။ မြန်မာလူဦးရေ ၅၅ သန်း ၏ ထက်ဝက်ကျော်သည် လာမည့် ၆ လအတွင်း ဆင်းရဲမွဲတေမှုအတွင်းသို့ သက်ဆင်းရလိမ့်မည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ခန့်မှန်းထားသည်။ မြန်မာပြည်သူ ၃ ဒသမ ၅ ကျော် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က စိုးရိမ်နေသည်။ အသက်ကယ်ဆေးနှင့်ကုသမှုများ အလွန် ရှားပါးနေပြီး ၂၀၂၁ ခုနှစ်အတွင်း မွေးကင်းစကလေးသူငယ် ၉၅၀,၀၀၀ မှာ ပုံမှန် ထိုးနှံပေးနေကျ တီဘီနှင့် ပိုလီယိုစသည့် ကာကွယ်ဆေးများ အလုံအလောက် ထိုးနှံခံရမည်မဟုတ်ပါ။ အထိခိုက်အလွယ်ဆုံး သူများထဲတွင် မြေယာမဲ့ကျေးလက်နေသူများ၊ တောင်ယာစိုက်ပျိုးသူများ၊ ရွှေ့ပြောင်း လုပ်သားများ၊ ဘင်္ဂလီ(မူရင်း-ရိုဟင်ဂျာ) များ၊ တောင်အာရှဒေသမှ ရောက်ရှိလာသူများနှင့် ပြည်တွင်းရှိ နေရပ် စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်များ ပါဝင်သည်။ မျိုးဆက်သစ်များအနေဖြင့် အာဟာရချို့တဲ့ခြင်းနှင့် ပညာ မတတ်ခြင်း အကျိုးဆက်တို့ ကြီးထွားလာသည် နှင့်အမျှ စီးပွားရေးအနေဖြင့် ပေါက်ကွဲသံ ကျယ်လောင် လိမ့်မည် မဟုတ်ဘဲ တိတ်တဆိတ် ပြိုကျသွားလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ် အောက်ပါအချက်များကို ထောက်ရှု၍ မြင်တွေ့ နိုင်ပါသည်။ စစ်တပ်သည် မြို့ကြီး များနှင့် ဧရာ၀တီမြစ်ကြောင်းတလျှောက် ချိုင့်ဝှမ်းဒေသကို ဆုတ်ကိုင်ထားသည်။ သို့သော် မြို့ပြပြောက်ကျား တိုက်ခိုက် မှုများနှင့် ကျယ်ပြန့်သော အမိန့်မနာခံခြင်းတို့က စစ်အုပ်ချုပ်ရေးကို ခိုင်မြဲစွာ စုစည်းထားခြင်းကို ဟန့်တားနိုင်သည်။ သပိတ်မှောက်မှုများ အဆုံးသတ်သွားသော်လည်း သန်းနှင့်ချီသောပြည်သူတို့မှာ အလုပ်လက်မဲ့ဖြစ်နေပြီး ပြည်သူ အများစုအတွက် အခြေခံဝန်ဆောင်မှုများ အနည်းငယ် (သို့မဟုတ်) လုံးဝကင်းမဲ့နေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့သည် နောက်ထပ်နယ်မြေများ သိမ်းယူနိုင်ပြီး လက်နက်ကိုင်အဖွဲ့ အချို့မှာ လေကြောင်း နှင့်ကြည်းကြောင်း တိုက်ခိုက်မှုဒဏ်ကို ခံရနိုင်သည်။ ရခိုင်ပြည်နယ်တွင် ရခိုင်တပ်(AA) သည် ၎င်း၏အုပ်ချုပ်ရေးကို ချဲ့ထွင်နေသည်။ နိုင်ငံအရှေ့ပိုင်း ကုန်းမြင့်ဒေသ များတွင် ပြည်သူ့စစ်အဖွဲ့ဟောင်းများနှင့် အသစ် များက နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ဒုစရိုက်ဂိုဏ်း ကွန်ရက် များနှင့် ဆက်ဆံရေး ပိုကောင်းလာစေသည်။ တရားမဝင် သယံဇာတတူးဖော်ရေးနှင့် စက်မှုလုပ်ငန်းများသည် မြန်မာ့စီးပွားရေး၏ ကြီးမားသော အပိုင်းအစ ဖြစ်လာသည်။ မြန်မာပြည်တွင်း လက်နက်ကိုင်တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဘေဂျင်းက မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်နေသည်။ သံလွင်မြစ်အရှေ့ခြမ်းရှိ နယ်မြေအားလုံးအပေါ် ဘေဂျင်းလွှမ်းမိုးမှု ပိုမိုတိုးမြှင့်ရမည်ဟု ခံစားရသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်များ ဆက်လက် ဖြစ်ပွား နေသော မြန်မာနိုင်ငံ သည် ကူးစက်ရောဂါပျံ့နှံ့မှု၊ ရာဇဝတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့အတွက် ဗဟိုချက်ဖြစ်လာသည်။ အတိတ်နွံမှ လွတ်မြောက်ခြင်း နက်ရှိုင်းသော အကျပ်အတည်းသည် အပြောင်းအလဲအတွက် အခွင့်အလမ်း တစ်ခုဖြစ်နိုင်သည်။ ရွေးကောက်တင် မြှောက်ထားသော လွှတ်တော်အမတ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံအနှံ့အပြားရှိ သပိတ်မှောက် ကွန်ရက်များ အပေါ် အမြစ်တွယ်နေသည့် တိုင်းရင်းသားလူမျိုးစု ခွဲထွက်ရေး ကြိုးစားမှုများက ဝုန်းခနဲ၊ ဒိုင်းခနဲ အပြောင်းအလဲကြီးဖြစ်စေဖို့ ကိုယ်စားပြုနေသည်။ ထိုအချက်သည် နောက်ဆုံး ဆယ်စုနှစ်တစ်ခုလုံး ဒီမိုကရေစီအရည်အသွေး မပြည့်မီခဲ့ရခြင်း၏ အကြောင်းတရား တစ်ခုလည်း ဖြစ်သည်။ ဖြစ်သင့်သည်မှာ ကိုလိုနီခေတ် လူမျိုးရေးခွဲခြားမှုနှင့် ရာစုနှစ်ချီ လူမျိုးစုအမျိုးသားရေးဝါဒ အရ ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ပြီး ယဉ်ကျေးမှုပေါင်းစုံ အမျိုးသားရေး လက္ခဏာ သစ်ကို ဖော်ဆောင်ရေးဟု ရှုမြင်နိုင်သည်။ အလားတူ အရေးကြီးသည့် စီးပွားရေးပြန်လည် ဆန်းစစ်မှုတွင်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်က အလွန်အမင်း မညီမျှမှုကို ဖြစ်ပေါ်စေခဲ့သည့် ဈေးကွက်ဖြေလျော့မှုအပေါ် မှီခိုခြင်းမှ ဖယ်ရှား ရေး၊ လူမှုဖူလုံရေး အခြေအနေသစ်နှင့်အတူ အားလုံးပါဝင်နိုင်သည့် တက်ကြွ သော ဖွံ့ဖြိုးတိုးတက်စေမှုကို ဖန်တီးနိုင်သည့် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှု ဦးတည်ရေးတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏အနာဂတ်သည် စိတ်ပျက်စရာ သိပ်ကောင်းလှသည်တော့ မဟုတ်။ အောင်မြင်သော အပြောင်းအလဲ သည် ဖေဖော်ဝါရီလက ဖြစ်ပျက်ခဲ့ သမျှအတွင်းမှ လာလိမ့်မည်ဆိုသည်က သံသယဖြစ်ဖွယ် မရှိ။ မြန်မာလူငယ် ထုက တိုင်းပြည်၏ သမိုင်းကြောင်းကို ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ကြသည်မှာ သေချာသည်။ ရှေ့ဆက်သွားရမည့် လမ်းကြောင်းကိုလည်း သူတို့ကပဲ ချမှတ်ရ မည်။ သို့သော် ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုသည် တိုင်းပြည် အတွင်းရှိ ဆင်းရဲဒုက္ခအချို့ကို လျော့ပါးသက်သာစေပြီး ကျရောက်လာတော့ မည့် ဘေးအန္တရာယ်မှ အလျင်အမြန်လွတ်မြောက်စေနိုင်သည်။ ပထမဦးစွာ ရွေးကောက်ခံ အရပ်သားအစိုးရထံသို့ အလျင်အမြန် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲတွင် အတိ အလင်း ဆုံးဖြတ်ချက်ထွက်ပေါ်လာရေး တောင်းဆိုဖို့ နိုင်ငံတကာ အသိုင်း အဝိုင်းက သဘောတူရန် လိုအပ်သည်။ တရုတ်နိုင်ငံ၏ရပ်တည်ချက်က အနေ အထား တစ်ခုအားဖြင့် ရှိနေရမည်ဖြစ်သည်။ တရုတ်အနေဖြင့် မြန်မာ့စီးပွားရေးအပေါ် ဩဇာရှိနေမှုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထဲထဲဝင်ဝင် ဆက်နွှယ်နေမှုတို့ကြောင့် တရုတ်၏ ပါဝင်ပတ်သက်မှုနှင့် ရပ်တည်ချက်ကို အစားထိုးဖို့ မလိုပေ။ တရုတ်နှင့် မပတ် သက်သော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများက ပုံဖော်နိုင်မှုသဘောအရ အရေးကြီးသော်လည်း စစ်တပ်သည် တရုတ်၏နည်းဗျူဟာထောက်ခံချက်ဖြင့် အသက်ဆက်နိုင်သည်။ သို့တည်းမဟုတ် ဘေကျင်းအနေ ဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်အသုံးတော်ခံနိုင်သည်။ ထုံးစံအတိုင်း စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး ခက်ခဲနေပြီး မတည်ငြိမ်မှုကို သတိကြီးကြီးထား၍ အရပ်သားအစိုးရဘက် ပြန်သွားသည့်တိုင် နောက်ထပ် အရွေ့များအတွက် မရေရာ မသေချာမှုများက ကျန်ရှိနေဦးမည်ဖြစ်သည်။ ဘေဂျင်းနှင့် ဝါရှင်တန်တို့ကြား သံတမန်ဆက်ဆံရေး သည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ရရှိရန်နှင့် မြန်မာ့အရေးကို နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအတွက် လိုအပ်သည့် မူဘောင်များ ထွက်ပေါ်လာရေးမှာ မရှိမဖြစ်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံ၏ အရေးပါသော အိမ်နီးချင်းများ အထူးသဖြင့် အိန္ဒိယနိုင်ငံ၊ ထိုင်း နိုင်ငံတို့နှင့် ဂျပန်နိုင်ငံတို့မှ အထောက်အပံ့များနှင့် ရင်းနှီးမြှုပ်နှံမှုက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိုင်းပြည်တိုးတက်ရေးအတွက် ကြီးမားသော အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့သည်။ ဒေသတွင်း အထင်ကရဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံ များအသင်း (အာဆီယံ) ၏ ကဏ္ဍကတော့ ပြောပလောက်အောင် များများ စားစား မရှိခဲ့ပါ။ အာဆီယံက စစ်ကောင်စီနှင့် ပြီးခဲ့သည့်ဧပြီလက တွေ့ဆုံ ဆွေးနွေးရေး အစပျိုးခဲ့သော်လည်း အသီးအပွင့် မယ်မယ်ရရ ဖြစ်ထွန်း မလာ ခဲ့ပေ။ ဒုတိယအချက်အနေဖြင့် ပြည်ပအင်အားကြီး နိုင်ငံများက မြန်မာ့ဒီမိုကရေစီရေး အတွက်သာမက မြန်မာ့နိုင်ငံရေး နှင့်လူ့အဖွဲ့အစည်း ကျယ်ကျယ်ပြန့်ပြန့် အသွင်ကူးပြောင်းရေး ဆောင်ရွက်နေသူအားလုံးကို ထောက်ခံအားပေးဖို့ ဖြစ်သည်။ ယင်းသို့ အားပေးရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန်နှင့် နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရေး စေ့စပ် ညှိနှိုင်းရန် အတွက် ကုလသမဂ္ဂတွင် အရပ်သားကိုယ်စားလှယ် ရောက်ရှိနေခြင်းမှ တစ်ဆင့် ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုလည်း ပါဝင်ရမည်ဖြစ်သည်။ သို့သော်ငြားလည်း မြန်မာပြည်သူများကို နိုင်ငံတကာက ကယ်တင်ဖို့ ကမ်းလှမ်း ရာတွင် လွဲမှားသော မျှော်လင့် ချက် မဖြစ်ဖို့က အရေးကြီးသည်။ ကယ်တင်ဖို့ စွမ်းအင်ကို ပြည်တွင်း၌ လိုအပ်‌နေသည့် ညွန့်ပေါင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့်သာ မောင်းနှင်နိုင်မည်ဖြစ်သည်။ တတိယအချက်မှာ အပြင်ကလာသည့် အကူအညီများသည် မြန်မာနိုင်ငံ၏ ထူးခြားသော သမိုင်းကြောင်း၊ အတိတ် က စစ်တပ်ကြောင့် နိုင်ငံတကာ အသိုင်း အဝိုင်းတွင် အထီးကျန်ခဲ့ရမှုနှင့် ဆယ်စုနှစ်များစွာ မတည်မငြိမ်ဖြစ်အောင် အကြမ်းဖက်ပုံသွင်းခဲ့သော စစ်ဗိုလ်ချုပ်များ၏ပင်ကိုယ်စိတ်ဓါတ်များအပေါ် အခြေခံဖို့ လိုအပ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ လုပ်နေကျပုံစံအတိုင်း “မုန်လာဥနီကျွေးလိုက်၊ တုတ်နဲ့ရိုက်လိုက်” ဖြင့် မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက် နည်းကတော့ အလုပ်မဖြစ်ပါ။ စတုတ္ထအချက်အနေဖြင့် နိုင်ငံခြားတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးပြီး ထိခိုက် လွယ်သော မြန်မာပြည်သူများကို တတ်အားသမျှ ကူညီပေးသင့်ပါသည်။ အစ ပျိုးမှုအနေဖြင့် Covid-19 ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အာရုံစိုက် သင့် သည်။ သို့သော် ထိုသို့ အကူအညီပေးမည်ဆိုလျှင် နိုင်ငံရေးကျွမ်းကျင်မှု အား ကောင်းကောင်းဖြင့် ကိုင်တွယ် သင့်ပြီး ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင် ကိုယ်ကျ အစီအစဉ် ပါဝင်ရေးဆွဲရမည်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူအများအပြားက တော်လှန်ရေးဆင်နွှဲဖို့ စီးပွားပျက်စေလိုသော်လည်း လနှင့် ချီ၍ ကြာလာသောအခါ ပိုမိုဆိုးဝါးသည့် လူသားချင်းစာနာထောက်ထားမှု ဘေးအန္တရာယ်ကို ကာကွယ်တားဆီး နိုင်ရန် အလို့ငှာ အရပ်ဘက်စီးပွားရေးကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်ပါမည်။ စစ်တပ်နှင့် စီးပွားရေး မလုပ် ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကမ္ဘာလုံးဆိုင် ရာ ကုမ္ပဏီများ ပြည်တွင်း၌ ရှိနေစေရန် အားပေးသင့်သည်။ ကျန်းမာသန်စွမ်း ပြီး အာဟာရပြည့်ဝသော လူဦးရေသည် နိုင်ငံရေးအပြောင်းအလဲအတွက် တွန်းအားပေးနိုင်မည့် လူဦးရေပဲ ဖြစ်သည်။ ပြည်ပအစိုးရများအနေဖြင့် နိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှုဖြင့် မတူညီသော အစပျိုးမှုများကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် မှော်ကျည်ဆန်လည်း မရှိသလို မူဝါဒတစ်စုံတစ်ရာလည်း မရှိပါ။ အကြောင်းမှာ လက်ရှိအကျပ်အတည်းသည် ဖေဖော်ဝါရီအာဏာသိမ်းမှု၏ ရလဒ်မဟုတ်၍ပဲ ဖြစ်သည်။ ရလဒ်အနေဖြင့် စဉ်းစားလျှင် ဆယ်စုနှစ်များစွာ ကြာမြင့်အောင် ပျက်ကွက်ခဲ့သော နိုင်ငံတော် တည်ဆောက်ရေးနှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ ကြောင့် လူပေါင်းများစွာတို့အတွက် ထိုကာလ တလျှောက်လုံး တရားမဲ့ပြုမူ ကျင့်ကြံခံခဲ့ရခြင်း၏ရလဒ်ပင် ဖြစ်သည်။ ပြင်ပကမ္ဘာသည် မြန်မာ့ပြည်တွင်းရေး အရှုပ်အထွေးများကို သပွတ်အူလိုက် နေသည့် ပုံပြင်တစ်ပုဒ်အဖြစ် ရှုမြင်ခဲ့ သည်မှာ နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ် သည်။ ထိုပုံပြင်သည် ယခုအခါ အဆုံးသတ်သွားစေဖို့အရေးမှာ သံတမန် ရေးရာနှင့် ကောင်းမွန်ပြီး အသိပညာလည်းရှိ၊ လက်တွေ့လည်းကျသော နည်းဗျူဟာများဖြင့် အစားထိုးရမည် ဖြစ်သည်။ ဤသို့ဖြင့် ရှေ့ချီတက်မည်ဆိုလျှင် ပဉ္စလက်မှော်ဆန်သော နေ့ချင်းညချင်း ပြောင်းလဲမှုမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ တွင် လူထုလိုလား၍ အာသီသပြင်းပြနေ သည့် ငြိမ်းချမ်းသော ဒီမိုကရေစီ ဖြစ်တည်လာနိုင်စရာ အခွင့်အရေးရှိပါ သတည်း။

အပိုင်း- ၁ https://www.facebook.com/.../a.101896655.../117761883879586/
အပိုင်း-၂ https://www.facebook.com/.../a.101896655.../118042463851528/
(ဆောင်းပါးရှင် သန့်မြင့်ဉီး ရေးသားသည့် Myanmar’s Coming Revolution What Will Emerge From Collapse? ဆိုတဲ့ ဆောင်းပါးကို CNI News မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)