၂၀၁၀ ပြည့်လွန်နှစ်များအတွင်း စစ်တပ်သည် ငွေရှာခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ပိုမိုအလေးထား လုပ်ဆောင်ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့ကိုင်စွဲ ထားသော လက်နက်များ အဆင့်မြှင့်တင်ရန် ဦးတည်ပြီး သူတို့လက်သုံး စကား အရ ပြောရလျှင် အရည်အသွေးပြည့် ခေတ်မီ တပ်မတော်ဖြစ်လိုကြသည်။ သူတို့အိပ်မက်မှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို သူတို့ကပဲ အဆုံး အဖြတ်ပေးဖို့နှင့် သွေးဆောင်ဖျားယောင်းမှု အမျိုးမျိုးတို့ဖြင့် တိုင်းရင်းသား လူနည်းစုများကိုယ်စား တိုက်ခိုက်နေကြသော မတူကွဲပြားသည့် အင်အားစုများ အဆုံးသတ်စေဖို့ ဖြစ်သည်။ သူတို့သည် ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း တိုင်းရင်းသားလူနည်းစု တပ်ဖွဲ့ များနှင့် တိုက်ခိုက်မှုများရှိခဲ့ရာ အထူးသဖြင့် ရခိုင်၊ ကိုးကန့်၊ တအာင်းတို့အပြင် ဘင်္ဂလီ (မူရင်း-ရိုဟင်ဂျာ)လူမျိုးရေးသုတ်သင်မှုပါ ဖြစ်ပွားခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ဗမာလူမျိုးစုအယူဝါဒ တိုးပွားလာသည်နှင့်အမျှ အစ္စလာမ် နှင့် တိုင်းတစ်ပါးမှ အရာအားလုံး အနေဖြင့် စစ်တပ်က ဇောင်းပေးသည့် ရှေးရိုးစွဲ အစဉ်အလာကို ခြိမ်းခြောက်သူများအဖြစ် လူထုထောက်ခံမှုရရန် ရှာကြံခဲ့ကြ သည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် စစ်တပ်ကို သူ၏သီးသန့်ကမ္ဘာထဲတွင် ကျန်ရစ်နေစေခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စစ်တပ်သည် ပြုပြင်ပြောင်းလဲရေးသမားများ ဖြစ်ကြသော USDP ပါတီရှိ ယခင် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် အပြန်အလှန် ဆက်ဆံရေးများ ပိုမိုဖြစ်ထွန်းခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက် ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင် ရပြီးနောက် နှစ်ရှည်လများ နိုင်ငံရေးအရ ရန်သူဖြစ်နေသူများနှင့် အစိုးရတစ်ဖွဲ့တည်း၌ တပ်ထိပ်ပိုင်းခေါင်းဆောင်များ ရောက်ရှိလို့ သွားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ကာကွယ်ရေး၊ ပြည်ထဲရေး(ရဲများကို ထိန်း ချုပ်လျက်)နှင့် နယ်စပ်ရေးရာစသည့် ဝန်ကြီးဌာန ၃ ခုအပြင် လွှတ်တော်တွင်လည်း အမတ်များအဖြစ် ၄ ပုံ ၁ ပုံ နေရာယူထားပြီး ဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့အားဖြင့် အာဏာပိုင်ဆိုင်ခဲ့ ပါသည်။ ၎င်း၏အရှိန်အဝါဖြင့် မည်သည့်ဥပဒေမဆို အတည်ပြုနိုင်သကဲ့သို့ တိုင်းပြည်၏ ဘတ်ဂျက်နှင့် အစိုးရမူဝါဒတစ်ခုလုံးကို လွှမ်းမိုး နိုင်ခဲ့သော်လည်း လုံခြုံရေးကိစ္စမှာမူ စစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့ သည်။ သူမနှင့် စစ်ဗိုလ်ချုပ်ကြီးများသည် အသက်အရွယ်အရ လေးစားခြင်း၊ ဗုဒ္ဓ ဘာသာကို အလေးအမြတ် ပြုခြင်း အပါအဝင် ရှေးရိုးစွဲတန်ဖိုးများကို သဘော ထားချင်း မျှခဲ့ကြသည်။ ဘင်္ဂလီ (မူရင်း-ရိုဟင်ဂျာ)များကို နှင်ထုတ် ခြင်းအပေါ် အနောက်အုပ်စုနိုင်ငံများ၏ တုံ့ပြန်မှုများမှာ မျှတမှုမရှိကြောင်း ၎င်းတို့ ယုံကြည် ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ရှေ့တွင် စစ်တပ်ကို ခုခံကာကွယ် ပေးဖို့ သည်ဟိဂ်မြို့သို့ သွားသည့်အခါ ထိ ရောက်မှု မရှိခဲ့ပေ။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများနှင့် သူမ၏ ဆက်ဆံရေးမှာ အလွန်စိတ်ဝင်စားစရာ ကောင်းခဲ့သည်။ NLD ပါတီအနေဖြင့်လည်း အာဏာ အသိမ်းခံရမည်ကို စိုးရိမ်မှုရှိသည်။ စစ်တပ်ခေါင်းဆောင်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်အုပ်စု နိုင်ငံများက ၎င်းတို့ကို အစိုးရထဲမှ လုံးဝဖယ်ရှားပစ်ရန် ပူးပေါင်းကြံစည်မည်ကို စိုးရိမ်နေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စိုးရိမ်မှုမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမအပေါ် နိုင်ငံတကာက ထောက်ခံလာသည့် အင်အားကို အသုံးပြု၍ သူ့ကို လွှတ်ချမည့်အရေး ဖြစ် သည်။ နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံသူ အများအပြား ရှိရာတွင် ဘင်္ဂလီ (မူရင်း- ရိုဟင်ဂျာ)များ ထွက်ပြေးရမှုကြောင့် သူမကို ကန့် ကွက်နေသူများလည်း ပါဝင်သည်။ နိုင်ငံရေးတင်းမာမှု ကြီးထွားလာသည်နှင့်အမျှ တိုင်းပြည်စီးပွားရေးတွင်လည်း သိသာထင်ရှားသည့် အပြောင်းအလဲ များ ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြံပြုချက်ကို လိုက်နာပြီး မြန်မာ နိုင်ငံရှိ ချေးငွေအားလုံး၏ ထက်ဝက်ခန့် မစွမ်းဆောင်နိုင်သေးချိန်နှင့် တစ်ခါက အိမ်ခြံမြေဈေးကွက်ကြောင့် နှာခေါင်းသွေးထွက်ခဲ့ဖူးသည့် အတိတ်သာဓကရှိ လင့်ကစား ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအပေါ် လက်တွေ့ကျသည့် စည်းမျဉ်းအသစ်များ ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမအပေါ် ထောက်ခံသူအများစု ရွံမုန်း ကြသည့် စီးပွားရေးလုပ်ငန်း တစ်ခုအပေါ်တွင် ဩဇာညောင်းနေကြောင်း ရုတ်တရက်ဆိုသလို တွေ့ရှိခဲ့ရသည်။ စစ်အစိုးရဟောင်းလက်ထက်က ချမ်းသာလာခဲ့သော ခရိုနီများသည် ခေတ် ပြောင်းချိန်တွင် သူမကို အာရုံစိုက်လာ ကြသည်။ သူမဘေးတွင် ရှိနေသည့် ပညာရှင်များက နောက်ထပ်လွတ်မြောက်ဖို့ တိုက်တွန်းကြသည်။ တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သောဆက်ဆံရေး ရှိခဲ့ သည့် ဘေဂျင်းက ယူနန်ပြည်နယ်မှ ဘင်္ဂလားပင်လယ်အော်အထိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အပါအဝင် ဒေါ်လာဘီလီယံနှင့် ချီသော အခြေခံ အဆောက်အဉီး စီမံကိန်းများအတွက် BRI စီးပွားရေးရပ်ဝန်း (Belt & Road Initiative) မှတစ်ဆင့် အဆိုပြုလာခဲ့ သည်။ ထို့နောက် Covid-19 ကပ်ရောဂါ ကူးစက်ခံရသည်။ ကပ်ရောဂါအသွင်ဖြင့် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုး သက်ရောက်မှု အနည်းအကျဉ်းသာ ရှိခဲ့သော် လည်း နိုင်ငံခြားကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေပြီး စီးပွားရေး ကမောက် ကမ ဖြစ်သွားသည်။ အစိုးရ၏အတတ်နိုင်ဆုံး တုံ့ပြန်မှုမှာ အားရစရာ မကောင်း လှဘဲ ထိုအခိုက်အတန့် ထိခိုက်နစ်နာသူများအတွက် ငွေကြေးထောက်ပံ့မှုကို အားလုံးနီးပါး မပေးနိုင်ခဲ့ပေ။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ဆင်းရဲနွမ်းပါးသူ လူဦးရေအချိုးအစား (နေ့စဉ်ဝင်ငွေ ၁ ဒသမ ၉၀ ဒေါ်လာ အောက်ရှိသူ)မှာ ယင်းနှစ်စမှ ဩဂုတ်လအထိ ၈ လတာကာလအတွင်း ၁၆ ရာခိုင်နှုန်းမှ ၆၃ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး စစ်တမ်းကောက်ယူသူ သုံးပုံတစ်ပုံ မှာ ဝင်ငွေမရှိကြသူများ ဖြစ်ကြ သည်။ ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပေါ်ထွက် လာခဲ့၍ သူမအပေါ် လူထုယုံကြည် မှု တိုးလာရုံသာဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ အခြားသူများနှင့် စကားပြောဆိုခန်းကိုပဲ အင်တာနက်မှ (live-streaming) တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ သန်းနှင့်ချီသောလူထုက စီးပွားရေး အခြေအနေ မကောင်းခြင်းကြောင့် သူမအပေါ် အပြစ်မတင်ခဲ့ကြဘဲ နောက်ဆုံး တွင် သူတို့ကို ကြည့်ရှုပေးနေသော ခေါင်းဆောင်တစ်ဦးရှိနေသည်ဟု ခံစားခဲ့ကြ သည်။ သို့သော် အချက်ပေး ခေါင်းလောင်းသံများက မြည်လာခဲ့သည်။ အထူးသဖြင့် ဗမာအများစုနေထိုင်ရာ အပြင်ဘက် တွင် မြည်လာသည့် ခေါင်းလောင်းသံများ ဖြစ်သည်။ ဘင်္ဂလီ (မူရင်း- ရိုဟင်ဂျာမွတ်ဆလင်)များကို လူမျိုးရေး သုတ်သင်မှု အပြီး နိုင်ငံ၏အနောက်ဘက်ရှိ ရခိုင်ပြည်နယ်တွင် ပြောင်းလဲမှုအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ရာ ယင်း မှာ ရခိုင်တပ်တော်(AA) နှင့် ရခိုင်ဘာသာ စကားပြော ကြားသည့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးဖြစ် သည်။ ၂၀၁၈ ခုနှစ်တွင် AA သည် အစိုးရနေရာများကို ပစ်မှတ်ထား၍ သည်းကြီးမည်း ကြီး တိုက်ခိုက်ခဲ့သည်။ ၎င်းသည် မျိုးဆက်တစ်ဆက်အတွင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပုန်ကန်မှု၌ အထင်ရှားဆုံး ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်း တွင် ၎င်းသည် စိုးမိုးနယ်မြေများ အရှိန်မြှင့်နိုင်ခဲ့ပြီး ရခိုင်ကျေးလက်ဒေသများရှိ ရွာကြီး များတွင် အမှန်တကယ် အခွင့်အာဏာရလာခဲ့သည်။ နိုင်ငံ၏အခြားတဖက်တွင် ဂျပန်နှင့်နယူးဇီလန်ကဲ့သို့ ဈေးကွက်များသို့ တင်ပို့ ရောင်းချနေသည့် မက်သာဖက်- တမင်း ဆေးဝါး ထုတ်လုပ်သည့်လုပ်ငန်းက လျော့မသွားဘဲ ပိုတိုးလာခဲ့သည်။ ယင်းမူးယစ်ဆေးဝါးများကို တရုတ် နယ်စပ် အနီးရှိ ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ထုတ်လုပ်ပြီး အမြတ်အစွန်း အမြောက် အများကို မြန်မာနိုင်ငံမှ မည်သူမျှ မရရှိဘဲ တရုတ် နိုင်ငံရောက် ကနေဒါနိုင်ငံသား ချင်းစီလော်က အစုရှယ်ယာ အများစု ပိုင်ဆိုင် ထားကြောင်း အမ်စတာဒမ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလက ဖမ်းဆီးရမိမှု သတင်းက ဆိုသည်။ ၎င်း၏နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရရှိသည်ဟု ခန့်မှန်းရ သည်။ မူးယစ်ဆေးဝါး၊ ငွေကြေး ခဝါချခြင်းနှင့် အခြား တရားမဝင်လုပ်ငန်းတို့က တိုးပွားလာသော ဂေဟစနစ်ကို တွန်းအားပေးနေပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ် အရှေ့မြောက်ဘက်တွင် လောင်းကစားရုံပေါင်း တစ်ရာကျော်ရှိနေသည်။ ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း လောင်းကစားလုပ်ငန်း ကြီးမား စွာ ရပ်တည်နေပြီး လျှို့ဝှက်ငွေကြေးလုပ်ငန်းများဆုံချက် ဖြစ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက ရွေးကောက်ပွဲသည် ပဋိပက္ခများ ဆူဝေနေချိန်နှင့် စီးပွားရေး ကျဆင်းနေချိန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်သူလုထု က ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျ မဲပေးနေကြဆဲဖြစ်သည်။ NLD ပါတီအနေဖြင့် စီးပွားရေးကျဆင်းနေ၍ နောက်ထပ် လာမယ့်သမ္မတသစ် ရွေးချယ်ရာမှာတော့ အနည်း ဆုံး ပြောစရာတစ်ခုအဖြစ် ဤရွေးကောက်ပွဲတွင် NLD ကို ထောက်ခံမှုအားနည်းလိမ့်မည်ဟု ယုံကြည်ထား ကြသော စစ်တပ် ခေါင်းဆောင်ပိုင်း တုန်လှုပ်သွားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ ၏ အနိုင်ရရှိမှု အတိုင်းအတာကြောင့် ပိုမိုအင်အားတောင့်တင်းလာမည်ဟု ယူဆ ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် နားလည်မှု ရရှိရန် မည်သည့် အစိတ်အပိုင်း တွင်မှ ကြိုးပမ်းခဲ့ခြင်း မရှိပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုစွပ်စွဲချက်များကို ဆုတ် ကိုင်ခဲ့ပြီး ရွေးကောက်ပွဲအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ စဉ်းစားဖို့ ငြင်းဆန်ခဲ့သည်။ ထို့အတွက် စစ်တပ် အရှက်ရစရာဖြစ်လာသည်။ အာဏာသိမ်းမှုနှင့် အုံကြွမှု ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် အခြား NLD ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ ၎င်းကို အာဏာ သိမ်းမှုအဖြစ် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေဟု သတ်မှတ်ထားသည်။ စစ်ကောင်စီကို NLD မှလွဲ၍ နိုင်ငံရေးပါတီများမှ အဖွဲ့ ဝင်များနှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ဝန်ကြီးအဖွဲ့ထဲသို့ အဆင့်မြင့်ပညာရှင်အချို့လည်း ထည့်သွင်းဖွဲ့စည်းခဲ့ပြီး စီးပွားရေးပြန်လည် နာလန်ထူလာမှု ဦးစားပေးမည်ဟု ပထမဆုံး လူသိရှင်ကြား ကတိပြုခဲ့သည်။ ဒေါ်လာဘီလီယံနှင့်ချီသော လှုံဆော် ရေးအစီအစဉ်များပင် ကြားလာရသည်။ NLD ကို ဘေးဖယ်ထားပြီးလျှင် အငြင်းပွားစရာ များများစားစား မရှိဟု သူ ယူဆပုံရသည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို အာရုံစိုက်ပြီး ရွေးကောက်ပွဲ အသစ်များ ကျင်းပပေးနိုင်မည်ဟုလည်း ထင်မြင်ထားဟန်ရှိသည်။ ထို့သို့ဆိုလျှင် သူသည် လူထုသဘောထားကို လုံးဝလွဲမှားစွာ နားလည်နေခြင်းပဲ ဖြစ်တော့ သည်။ အာဏာသိမ်းမှုကို တုံ့ပြန်ကြပုံမှာ အလိုအလျောက် ဖြစ်ပွားလာသည်။ ရက် အနည်းငယ်အတွင်းမှာပင် ရာနှင့်ချီ သော ပြည်သူများက လမ်းပေါ်ထွက်လာ ကြပြီး စစ်တပ်အုပ်ချုပ်မှုကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အရပ်သားခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် ရွေးကောက်တင်မြှောက် ခံရသည့် အစိုးရ ပြန်လည် ထားရှိပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် လူထုအမိန့်မနာခံမှု (Civil Disobedience Movement) လှုပ်ရှားမှုစတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ ဆေးရုံပြင်ပသို့ ထွက်ခွာသွား ကြပြီး ဝန်ကြီးဌာနများမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များအထိ အများ ပြည်သူ ဝန်ဆောင်မှု ကဏ္ဍအသီးသီးသို့ အဆိုပါလှုပ်ရှားမှု အလျင် အမြန် ကူးစက်ပျံ့နှံ့သွားသည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် အထွေထွေသပိတ်မှောက်မှုကြောင့် နိုင်ငံတဝန်းရှိ ဘဏ်များအပါအဝင် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့သည်။ ထို့အပြင် ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ် လှုပ်ရှားမှုများက စစ်တပ်နှင့် ဆက်စပ် သည်ဟု ယူဆရသော မည်သူမဆို ၎င်းပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို အများ ပြည်သူမသုံးစွဲရေး တိုက်ခိုက် သည့်ပုံစံဖြင့် လူမှုပြစ်ဒဏ် (Social Punishment) များ ချမှတ်ကြသည်။ စစ်တပ်က ဆန္ဒပြမှုများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ အစောပိုင်း က ဆန္ဒပြမှုများကို ၎င်းတို့ဘာသာ ချုပ်ငြိမ်းသွားလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် စစ်တပ်က တွန့်ဆုတ်နေခဲ့သည်။ သို့သော် ဖေဖော်ဝါရီ နောက်ဆုံး ပတ်တွင် ဘင်္ဂလီ (မူရင်း- ရိုဟင်ဂျာ)လူမျိုးရေး သုတ်သင်မှုတာဝန်ယူသည့် တပ်များ အပါအဝင် အားထားရဆုံး ခြေလျင်တပ်ရင်းများကို စစ်ရေးအရ ခိုင်မာသည့် တပ်စုတပ်ဖွဲ့များအဖြစ် ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ ပို့ ဆောင်ခဲ့သည်။ အင်အားသုံးဖြိုခွင်းမှုနှင့်အတူ ဖိနှိပ်တိုက်ခိုက်မှုများ ပါလာခဲ့သည်။ ညဉ့်နက်လာ ချိန်တွင် အင်တာနက်ကို ပိတ်ပစ်သည်။ စစ်သားများက လူနေပတ်ဝန်းကျင်များ ကို ခွဲခြားမှုမရှိဘဲ ပစ်ခတ်မှုများ စတင်ကြ သည်။ ဆန္ဒပြလူအုပ်ကြီး ပြန့်ကျဲသွား သော်လည်း သေးငယ်သည့် အစိတ်အပိုင်းများအနေဖြင့် ဆန္ဒပြမှုများ ဆက် လက် ဖြစ်ပွားခဲ့သည်။ လူငယ်များနှင့်အမျိုးသားများက ယာယီအတားအဆီး များနှင့် ဒိုင်းကာများ တပ်ဆင်ပြီး စစ်သားများ၏ ပစ်ခတ်မှုများကို ခုခံကာကွယ် ရန် လက်သုံးကိရိယာလက်နက်များ ပိုမိုကြံဆ တီထွင်သုံးစွဲကြသည်။ မတ်လ ၁၄ ရက်တွင် ရန်ကုန်ရှိ စက်မှုဇုန် ဆင်ခြေဖုံးရပ်ကွက်တွင် လူဆယ် ဂဏန်းမျှအထိ သေဆုံးခဲ့သည်။ မတ်လ ၂၇ ရက်တွင် မြန်မာနိုင်ငံအနှံ့အပြား တွင် လူစုလူဝေးထဲသို့ သေနတ်ဖြင့် ပစ်ခတ်၍ လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ခုခံမှုကို စစ်တပ်က လူအစုအလိုက်အပြုံလိုက် သေကြေစေခြင်းဖြင့် ဖိနှိပ်ဖြိုခွင်း နေခဲ့သည်။ အရပ်သားများကို ရိုက်နှက်သတ်ဖြတ်သည့် ဗီဒီယိုဖိုင်များကို အင်တာနက်ပေါ် ဝေငှပေးခြင်းဖြင့် စစ်တပ်အာဏာသိမ်းမှုကို ရပ်တန့် စေလို သည့်ဆန္ဒများ ပိုမိုပြင်းပြလာကြသည်။ ရပ်ကွက်အချို့တွင် စစ်တပ် လုံးဝ အဆုံးသတ် စေရေး ပြသရန် ဆုံးဖြတ်လာကြသည်။ ဆန္ဒပြသူများက R2P ဟု အတိုကောက်ခေါ်သော ကာကွယ်စောင့်ရှောက်ရေးတာဝန်ရှိမှု (responsibility to protect) ဟူသော နိုင်ငံတကာနည်းလမ်းကို ရည်ညွှန်းပြောကြားလာခဲ့ကြ သည်။ ထိုလုပ်ဆောင်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက် သည့်တိုင် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးရန် အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ရခြင်းဖြစ်သည်။ မြန်မာပြည်သူ များစွာတို့က စစ်အာဏာသိမ်းမှုကနေ သူတို့ကို ကမ္ဘာက ကယ်တင်လိမ့်မည်ဟု အမှန်တကယ် မျှော်လင့်ခဲ့ကြသည်။
Source: https://www.foreignaffairs.com/.../myanmars-coming...
(ဆောင်းပါးရှင် သန့်မြင့်ဉီး ရေးသားသည့် Myanmar’s Coming Revolution What Will Emerge From Collapse? ဆိုတဲ့ ဆောင်းပါးကို CNI News မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)
မှတ်ချက် ။ ။ ဆက်လက်၍အပိုင်း-၃ ကို ဖော်ပြပေးသွားမည်။