ပြီးခဲ့သည့် လေးလတာကာလအတွင်း လူ ၈၀၀ ကျော်သေဆုံးပြီး ၅၀၀၀ ကျော် နီးပါး ဖမ်းဆီးခံရသော်လည်း ဆန္ဒ ပြမှုများနှင့် သပိတ်မှောက်မှုများက ဆက် လက် ဖြစ်ပွားနေခဲ့သည်။ ဧပြီလ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စား လှယ်များနှင့် အခြားနိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပူး ပေါင်းပြီး စစ်အုပ်စု၏အာဏာကို ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကို ကြေညာခဲ့သည်။ ဧပြီလနှင့် မေလတို့တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လူနည်းစုတပ် များ၊ မျိုးဆက်သစ် ဒီမိုကရေစီ အင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်လာ သည်နှင့်အမျှ နိုင်ငံအနှံ့အပြားရှိ စစ်ကောင်စီ တပ်စွဲထားသော နေရာများနှင့် အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံခဲ့ရသည်။ လာမည့်နှစ်တွင် စစ်ကောင်စီက ၎င်း၏အုပ်ချုပ်ရေးကို တစိတ်တပိုင်း ခိုင်မာ အောင် လုပ်နိုင်သော်လည်း တည်ငြိမ် ရေးကို ဦးတည်နိုင်လိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများမှာ အလွန် ရှုပ်ထွေး လှသည်။ အထီးကျန်ဆန်၍ အင်အားကြီးမားသော အင်စတီကျူးရှင်းကို ထိန်း ကျောင်းလိုသည့် စစ်တပ် အပေါ် တင်ရှိနေသော ရန်လိုမုန်းတီးမှုများက ဒုနှင့် ဒေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တော်လှန်ရေး ဆင်နွှဲ သူများက အလဲထိုး မည့် ပွဲသိမ်းလက်သီး မထိုးနိုင်သေးဘဲ ရှိသည်။ စီးပွားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင်သွားပြီးနောက် လက်နက်ကိုင် အကြမ်းဖက်မှုများ ပိုမို ပြင်းထန်လာကာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ ဒုက္ခသည် လှိုင်းတံပိုးများ ပိုမိုရိုက်ခတ် စေလိမ့် မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ (Failed State) ဖြစ်လာမည်ဖြစ်ပြီး အင်အားစုသစ်များက ထိုကျရှုံးမှု ကို အားသာချက်အဖြစ် မှတ်ယူကြပေမည်။ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီသော မက်သာဖက်တမင်းဆေးဝါး စီးပွားဖြစ် ထုတ်လုပ်မှု ကြီးထွားလာမည်ဖြစ်ပြီး ကမ္ဘာ့ တန်ဖိုးအရှိဆုံး ဇီဝသယံဇာတ ရင်းမြစ်ရှိရာ ဇုန်အချို့တွင် သစ်တောများ ခုတ်လှဲခံရကာ တောရိုင်း တိရစ္ဆာန် ကုန်ကူးမှုကွန်ရက် ပိုမိုကျယ်ပြန့်လာမည့် အရေးကိုလည်း အာဏာသိမ်းသူများ က တာဝန်ယူရမည် ဖြစ်သည်။ ထို့အပြင် အိမ်နီးချင်း တရုတ်နိုင်ငံမှ Covid-19 ကူးစက်မှုနှုန်း တိုးလာခဲ့သော် စစ်ကောင်စီအနေဖြင့် နိုင်နိုင်နင်းနင်း ကိုင်တွယ် ဖြေရှင်းဖို့ တာဝန်ရှိသည်။ ယင်းရောဂါသည် ကူးစက်မှုနှုန်း လျော့သေးသည့် အနေအထားလည်း မရှိသေးပေ။ ယခုအချိန်အတွင်း ကျရောက်လာသည့် တာဝန်များမှာ ကျရှုံးနိုင်ငံအဖြစ်မှ ရုန်း ထွက်ရန်၊ အဆင်းရဲဆုံးနှင့် ထိရှ အလွယ်ဆုံး သူများကို အကာအကွယ် ပေးရန် နှင့် ပိုမိုလွတ်လပ်၊ မျှတ၊ သာယာဝပြောသော လူ့အဖွဲ့အစည်းကို တည်ဆောက် ရန် ဖြစ်ပါသည်။ အနာဂတ်ကာလ ငြိမ်းချမ်းသည့် မြန်မာနိုင်ငံတွင်လည်း အမျိုးသားရေး လက္ခဏာ အပေါ် လုံးဝကွဲပြားခြားနားသော အယူအဆ၊ အတိတ် က လူမျိုးရေးခွဲခြားမှု သမိုင်းကြောင်းနှင့် နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်း မှုများကိုသာ အခြေတည်နိုင်ဦးမည်ဖြစ်သည်။ ယင်းသို့ အခြေတည်နိုင်ရေးမှာ သမိုင်းကြောင်း ဖိစီးမှုအရ လက်ခံရမည့် တစ်ခု တည်းသော ရလဒ်ဖြစ်သလို အောင်မြင်မှုရဖို့ အင်နှင့်အားနှင့် စိုက်ထုတ်လုပ် ကိုင်ရမည့် တာဝန်လည်း ဖြစ်သည်။ ထိုမှတစ်ပါး အခြားရွေးချယ် စရာမှာ အာဏာရှင်စနစ် မဟုတ်ချေ။ အာဏာရှင်စနစ်ဖြင့် တည်ငြိမ်မှု မတည်ဆောက် နိုင်ခဲ့ပါ။ သို့သော် နိုင်ငံ၏ ရှုံးနိမ့်မှုနှင့်အတူ ဆယ်စုနှစ်များစွာကြာအောင် အာရှ တိုက်၏ အလယ်ဗဟိုတွင် မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက် မင်းမဲ့စရိုက် အလားအလာကို ပိုမို ကျွံဝင်လာစေခဲ့သည်။ ကိုလိုနီအမွေအနှစ်တစ်ခု မြန်မာနိုင်ငံသည် ကိုလိုနီခေတ် ဖန်တီးမှုတစ်ခုဖြစ်သည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းက ဗြိတိသျှတို့သည် ဘင်္ဂလားမှ မလေးကျွန်းဆွယ်အထိ သိမ်းပိုက်ခဲ့ရာတွင် ဧရာဝတီမြစ်ဝှမ်း၌ မြန်မာစကား ပြောဆိုသုံးစွဲပြီး ဗုဒ္ဓ ဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ဒေသနှင့် ကမ်းလွန် ပင်လယ်ပြင် တို့လည်း ပါဝင်ခဲ့သည်။ ထိုသို့ ဗြိတိသျှ သိမ်းပိုက်မှု မခံရမီက အာရှကုန်းတွင်း ပိုင်းရှိ မြန်မာနိုင်ငံသည် ပြည်ပ ကျူးကျော်သိမ်းပိုက်ခံရခြင်းမှ အစဉ် ကင်းဝေး လို့ နေခဲ့သည်။ ဘားမား(Burma) ဟုခေါ်သော မြန်မာနိုင်ငံကို ဗြိတိသျှစစ်တပ်က သိမ်းပိုက် လိုက်ပြီးနောက် လူမျိုးရေးအဆင့်အရ အုပ်ချုပ်ခဲ့သည်။ နယ်ချဲ့သန်းခေါင်စာရင်း ကောက်ယူရေး အုပ်ချုပ်ရေးမှူးများက ဤရေမြေပိုင်နက်အတွင်း နေထိုင်သူများ အချင်းချင်း ကွဲပြားခြားနားသည့် စရိုက်လက္ခဏာမျိုးစုံတွေ့ရှိရကြောင်း စောဒကတက်၍ “လူမျိုး ရေး မတည်ငြိမ်မှုဇုန်တစ်ခု” အဖြစ် အစီရင်ခံခဲ့ကြ သည်။ ၎င်းတို့က မည်သို့ပင်အစီရင်ခံစေခဲ့ကာမူ နေထိုင်သူ အားလုံးကို တိကျ သည့် လူမျိုးတစ်စုစီအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယမှ အလုပ်သမားများ အလုံးအရင်းဖြင့် မြန်မာ့မြေပေါ် ပြောင်းရွှေ့အခြေချစေခဲ့ပြီး အဓိက အားဖြင့် ဆန်၊ ဆီနှင့် ကျွန်းသစ်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို အခြေခံလျက် မယုံကြည် နိုင် လောက်အောင် မျှတမှုကင်းသည့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ကိုလိုနီနိုင်ငံ ရေးနှင့် စီးပွားရေးကို တည်ထောင်ခဲ့ကြသည်။ ခေတ်သစ် မြန်မာနိုင်ငံရေးသည် ပြီးခဲ့သည့် ၂၀ ရာစုနှစ်က ပေါ်ပေါက်လာခဲ့ သည်။ အဆိုပါ နိုင်ငံရေး၏ အဓိက အချက်မှာ ဗမာစကားပြောသည့် ဗုဒ္ဓဘာသာ လူမျိုးရေးလက္ခဏာကို အခြေခံသည့် လူမျိုးရေး ခွဲခြားမှုဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ်တို့သည် အိန္ဒိယမှ ပါကစ္စတန်ကို ဘာသာရေးအရ ခွဲခြားခြင်းမပြုမီ ဆယ်နှစ်အကြာ ၁၉၃၇ ခုနှစ် တွင် မြန်မာ့လူမျိုးရေး ကွဲပြားမှုများကို မူတည် လျက် မြန်မာနိုင်ငံကို အိန္ဒိယ၏ အစိတ်အပိုင်းအဖြစ်မှ ခွဲထုတ်ခဲ့ သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာပြည်သစ်တွင် တိုင်းရင်းသား လူမျိုးများဟုခေါ်သည့် ကရင်လူမျိုး၊ ရှမ်းလူမျိုးစသည်ဖြင့် ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့သော်လည်း ဗမာလူမျိုးရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ မူဘောင်အတွင်းမှ ကြိုးပမ်းခြင်းသာ ဖြစ်ခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဘင်္ဂလီ(မူရင်း-ရိုဟင်ဂျာမွတ်ဆလင်)အသိုင်းအဝိုင်းမှ လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခြင်းကဲ့သို့ ဧည့်သည်အဖြစ် သတ်မှတ်ခံရသူများအရေးကိစ္စမှာ ပိုမို ဆိုးရွားခဲ့သည်။ နိုင်ငံတည်ဆောက်ရေး စီမံကိန်းများမှာ ဆယ်စုနှစ်များစွာ ကြာ အောင် ပျက်ပြားခဲ့ရပြီး အုပ်စု လိုက် လက်နက်ကိုင်ပဋိပက္ခမျိုးစုံနှင့် လုံးချာ လည်ရင်း တိုင်းပြည်တစ်ခုလုံး တပေါင်းတစည်းတည်း မဖြစ်ခဲ့ပေ။ မြန်မာစစ်တပ်က အထက်ပါ လူမျိုးစုဆိုင်ရာဝါဒကို စောင့်ကြပ်ပေးဖို့ တာဝန်ကို သူ့ဘာသာသူ ခန့်အပ်ခဲ့သည်။ ၎င်း စစ်တပ်သည် ဒုတိယကမ္ဘာစစ်ကတည်းက ယနေ့အထိ ကမ္ဘာပေါ်တွင် မနားမနေ တိုက်ခိုက်နေခဲ့သော စစ်တပ်ဖြစ်သည်။ စစချင်းတွင် ဗြိတိသျှတို့ကို တိုက်ခဲ့ပြီးနောက် ဂျပန်ကို ဆက်တိုက်သည်။ လွတ်လပ်ရေးရပြီးနောက် ဝါရှင် တန် ကျောထောက်နောက်ခံရှိသည့် တရုတ် အမျိုးသားတပ်(တရုတ်ဖြူ)များကို ၁၉၅၀ ပြည့်လွန်နှစ်များက တိုက်ခဲ့ သည်။ တဖန် ဘေဂျင်း ကျောထောက်နောက်ခံပြုပေးသည့် ကွန်မြူနစ်တပ်များကို ၁၉၆၀ ပြည့်လွန်နှစ်များက တိုက်ခဲ့သည်။ တစ်ချိန်တည်းမှာ ဘိန်းဘုရင်များကို တိုက်ခိုက်ခဲ့သည့်အပြင် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အတွက် ရုန်းကန် နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း အကြီးအကျယ် သေကြေဒဏ်ရာရစေခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တိုက်ပွဲအများစုမှာ ကုန်းမြင့်ဒေသများတွင်သာ ရှိခဲ့ပြီး စစ်တပ်သည် တိုင်းရင်းသား လူနည်းစုများအပေါ် ဗဟိုမှ အုပ်ချုပ်ရန် သိမ်းပိုက်ထားနိုင်သည့် အင်အားဖြစ်လာခဲ့သည်။ သို့သော် ယခုအချိန် အထိ သဘောထားကွဲ လွဲမှုများကို ဖြိုခွင်းရန် ဧရာ၀တီမြစ်ဝှမ်းနှင့် ချိုင့်ဝှမ်းဒေသများ သို့လည်း မြန်မာစစ်တပ်က မကြာခဏ ဆင်းရလေ့ရှိသည်။ ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်သားအင်အား ၃ သိန်းကျော်အထိ တိုး တက်လာသည်။ မကြာသေးမီနှစ်များက မြန်မာစစ်တပ်သည် တရုတ်နှင့်ရုရှား လုပ် တိုက်လေယာဉ်သစ်များ၊ မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးကျည်များ၊ အမြောက်များ ဝယ်ယူဖြည့်တင်းခဲ့သည်။ ၎င်းအချင်းအရာများကို မြန်မာနိုင်ငံ တွင် အကန့်အသတ်မဲ့ ထိန်းချုပ်ခွင့်အား ဆုတ်ကိုင်ထားသော တပ်ထိပ်ပိုင်း အရာရှိများက ဦးဆောင်သည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် လေးခုကြာမြင့်အောင် အရပ်သားအစိုးရ နှင့် စစ်အစိုးရများက ကိုလိုနီခေတ် စီးပွားရေး မမျှတခဲ့မှုကို တုံ့ပြန်သည့် အနေ ဖြင့် ဆိုရှယ်လစ်စနစ် ကျင့်သုံးခဲ့ကြသည်။ အာဏာရ အစိုးရများ၏ အဓိက ဆန့်ကျင်ဘက်မှာ ကွန်မြူနစ်များဖြစ်ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း စစ်အစိုးရသည် အဓိက စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းခြင်းနှင့်အတူ အခြားကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့မှုနည်းပြီး အလွန်အမင်း အထီးကျန်စေခြင်းကို ပေါင်းစပ်ပေးခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် စစ်အစိုးရသစ် အာဏာယူပြီးနောက် ဆိုရှယ်လစ်စနစ်ကို ပစ်ပယ်ခဲ့ပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံခြား ကုန်သွယ်မှုနှင့် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများကို အားပေးအားမြှောက်ပြုလျက် လမ်းကြောင်းပြောင်း ခဲ့သည်။ အာဏာယူပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်း အနောက်အုပ်စု နိုင်ငံ များက ဒီမိုကရေစီ အရေး လှုပ်ရှားမှုနှင့်အတူ ပိတ်ဆို့မှုများ စတင်ချမှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်၏ အဓိက စစ်မြေပြင်ရန်သူဖြစ်သည့် ကွန်မြူနစ်များ ပြိုလဲသွားခဲ့သည်။ ထိုကွန်မြူနစ်များကို ဘေဂျင်းက ကျောထောက်နောက်ခံ ပေးခဲ့ခြင်းဖြစ်သည်။ ကွန်မြူနစ်များ ပြိုလဲမှုနှင့် တစ်ဆက်တည်းမှာပင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နှင့် ကုန်သွယ်ရေး ချိတ်ဆက် လာနိုင်ခဲ့သည်။ အကျိုးရလဒ်အနေဖြင့် မြန်မာအရင်းရှင်စနစ်ကို တရုတ်ပြည်၏ကြီးမားသော စက်မှုတော်လှန်ရေး နှင့် နီးကပ်စွာ ချိတ်ဆက်နိုင်ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၁ ရာစုအစောပိုင်းကာလ ပေါ်ပေါက်ခဲ့သော နိုင်ငံ ရေး ဆိုင်ရာစီးပွားရေးမှာ ကိုလိုနီ ခေတ် ကတည်းက အခြေအနေနှင့် နှိုင်းစာ လျှင် မညီမျှမှု အများဆုံးဖြစ်ခဲ့သည်။ အထူးသဖြင့် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ဒေသများတွင် တရားမဝင် မူးယစ်ဆေးဝါးဂိုဏ်းများ ကြီးထွား လာသည်။ သစ်နှင့် သတ္တုတူး ဖော်ရေး(အထူးသဖြင့် ကျောက်စိမ်း)တို့မှ ရရှိ သော အမြတ်အစွန်းများဖြင့် ဗိုလ်ချုပ်ကြီးများ၊ ပြည်သူ့စစ် ခေါင်းဆောင် များနှင့် ၎င်းတို့၏ စီးပွားရေး မိတ်ဖက်များသည် တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်ရှိ အိမ်ခြံမြေ လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံနိုင်သည်အထိ ကြွယ်ဝချမ်းသာ လာစေခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အသစ်တွေ့ရှိသော ကမ်းလွန်သဘာဝဓါတ်ငွေ့ လုပ်ကွက်များ က စစ်အစိုးရကို တစ်နှစ်လျှင် ဒေါ်လာ ၃ ဘီလီယံကျော် ရှာပေးခဲ့သည်။ အဆက်အသွယ် ကောင်းသူများအနေဖြင့် ငွေလဲနှုန်းသက်သာစွာ ဖော်ထုတ် လုပ်ကိုင်နိုင်ကြသည်။ ဤသို့ဖြင့် စစ်တပ်အရာရှိများတင်မကဘဲ အာဏာပိုင် များနှင့် နီးစပ်သူများပါ အာဏာကို စည်းစိမ်ဥစ္စာများအဖြစ်သို့ အသွင်ပြောင်းနိုင် ခဲ့ကြသည်။ ၎င်းတို့အများစုမှာ အခွန်ဆောင်ခြင်းမှ ကင်းကြပြီး နိုင်ငံတော် အနေ ဖြင့် အများပြည်သူဝန်ဆောင်မှု ဟုတ္တိပတ္တိမပေးနိုင်ခဲ့ပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်ကို ၂၀၀၀ ပြည့်နှစ်စာရင်း၏ အောက်ဆုံးအဆင့်တွင် ထည့်သွင်းဖော် ပြခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့ရသည်။ မြေယာမဲ့မှု၊ ဆိုင်ကလုန်း အပါအဝင် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့် အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုက နိုင်ငံ၏အနောက်မှ အရှေ့ သို့ ပြောင်းရွှေ့နေထိုင်ခြင်းများ၊ အောက်မြန်မာပြည်မှ ရန်ကုန်နှင့် အထက်ဘက် လူနည်းစုနေထိုင်ရာ ဒေသများဆီသို့ ပြောင်းရွှေ့နေထိုင်ခြင်းများ ဖြစ်စေခဲ့သည်။ ထို့အပြင် နိုင်ငံ တဝန်းမှ လူဦးရေ ၃ သန်းမှ ၄ သန်းအထိ ထိုင်းနိုင်ငံတွင် အရည် အချင်းမမီသည့် လုပ်သားများအဖြစ် ပြောင်းရွှေ့ နေ ထိုင်ကြရသည်။ မြန်မာတိုင်းရင်းသား လူဦးရေစာရင်းမှာလည်း ထိုသို့ နေရာပြောင်းရွှေ့ နေထိုင်ရမှုတို့ကြောင့် အထောက်အထား ကွဲပြားကုန်ပြီး ရှုပ်ထွေးသွားသည်။ လူမျိုးစုဝါဒတွင် ပြိုင်ဘက်ကင်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် စစ်ဗိုလ်ချုပ်များက နိုင်ငံ၏အမည်ကို ၁၆ ရာစု ကတည်း က ဥရောပတိုက်သားများ သုံးခဲ့သည့် ဧရာဝတီမြစ်ဝှမ်း ပတ်ဝန်းကျင်ကို ရည်ညွှန်းသည့် ပထဝီဝင် ဝေါဟာရ ဖြစ် သော ဗမာ(Burma)မှ မြန်မာ(Myanmar) သို့ ပြောင်းလဲခဲ့သည်။ ဗမာစကားပြောဆို သုံးစွဲသူအများစုအတွက် လူမျိုးစု တစ်ခုအမည်ကို ခေါ်ဝေါ် ခြင်းဖြစ်သည်။ ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့မှာ ရှုပ်ထွေး သွားခဲ့ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းမှုအဖြစ် ဗမာလူမျိုး၊ ဗမာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာတို့မှာ အမျိုးသားရေး အချင်းအရာအဖြစ် ချွင်းချက်မရှိ အမြစ်တွယ်ခဲ့ သည်။ ဒီမိုကရေစီအဖွင့် လွန်ခဲ့သော ၁၀ နှစ်က မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့ကို စတင်ဖွင့်လှစ်ခဲ့သည်။ ပြုပြင် ပြောင်းလဲရေးများမှာ ပိတ်ဆို့အရေးယူမှုများ (သို့မဟုတ်) သံတမန် ဆက်ဆံရေးအရကြောင့် မဟုတ်တော့ဘဲ အရင် အာဏာ သိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တည်ဆောက်မှုအသစ် သည် သူ့အတွက် လုံခြုံစိတ်ချရသော အငြိမ်းစားယူမှုကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်၍ဖြစ်သည်။ ၎င်းအနေဖြင့် တစ်နေ့တွင် သူ့ကို ဆန့်ကျင်လာမည့် လူကို အာဏာလွှဲပေးလိုခြင်းမဟုတ်ဘဲ ငယ်ရွယ်သော စစ်ဗိုလ်ချုပ်များအောက်ရှိ စစ်တပ်နှင့် စစ်တပ် ကျောထောက် နောက်ခံပါတီ အဖြစ် သူတည်ထောင် ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရတို့ကြား အာဏာခွဲဝေမှု ပိုမိုမျှတ စေလိုခြင်းဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် USDP ကို ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီးဟောင်းများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖြတ်တောက်မှုကို အဆုံးသတ်ခြင်း၊ အင်တာနက် လွတ်လပ်ခွင့်ပေးခြင်းနှင့် ရာစုနှစ် ထက်ဝက် ကျော် ဆိတ်သုဉ်းခဲ့သော နိုင်ငံ ရေး လွတ်လပ်ခွင့် အဆင့်အတန်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ အနောက်အုပ်စုနိုင်ငံများမှ အစိုးရများကလည်း ဒီမိုကရေစီ အလှည့်ကျလာမည် ဟု မျှော်လင့်ကာ ပိတ်ဆို့မှုများ ပြန်လည် ရုတ်သိမ်းပြီးနောက် တိုင်းပြည် စီးပွား ရေး တိုးတက်လာခဲ့သည်။ ဆက်သွယ်ရေး ကဏ္ဍဆိုရင်ဖြင့် ၂၀၁၆ ခုနှစ်တွင် လူ အများစု စမတ်ဖုန်းကိုင်လာနိုင်ကာ ဖေ့စ်ဘုတ်လူမှုကွန်ရက် သုံးစွဲလာနိုင်ခဲ့ သည်။ လွတ်လပ် ပွင့်လင်း သော အချိန်ကာလတစ်ခု၌ မျိုးဆက်သစ်များ အနေ ဖြင့် ၎င်းတို့ ကြီးရင့်လာချိန်တွင် တိုင်းပြည်အနေဖြင့် ချမ်းသာ ကြွယ်ဝပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီနိုင်ငံအဖြစ် အောင်မြင်စွာ ရောက်ရှိနေသည်ကို တွေ့မြင်လိုကြသည်။ သို့သော်ငြားလည်း စစ်တပ်သည် သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်ထဲတွင် ကျန်ရစ်နေခဲ့ သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အငြိမ်းစားယူချိန်တွင် စစ်တပ်ကို လွှမ်းမိုး ချုပ် ကိုင်ရန် ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မူရင်း- မင်းအောင်လှိုင်)ကို ခန့်အပ်ခဲ့သည်။ သို့သော် မင်းအောင်လှိုင်နှင့် သူ့လက်အောက်ရှိ ဗိုလ်ချုပ်ကြီးများသည် ယခင်စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်းများထက် ဆယ်စုနှစ်များစွာ ငယ်နေသည်။ ၎င်းတို့သည် စစ်အစိုးရဟောင်း လက်ထက်က ငွေရှာသည့်ကွန်ရက်များနှင့် လက်လှမ်းမီမှု အတန်ငယ်သာ ရှိခဲ့ကြ သည်။ တစ်ချိန်တည်းမှာပင် ၂၀၁၁ ခုနှစ် က စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေးများသည် စီးပွားရေးကဏ္ဍ၌ စစ်တပ် ပါဝင်နေမှုကို သိသိသာသာ ကျဆင်းစေခဲ့သည်။ ထို့ကြောင့် စစ်တပ် ခေါင်းဆောင်ပိုင်းမှာ နိုင်ငံခြားငွေနှင့် စီးပွားရေးကော်ပိုရေးရှင်း လက်ဝါးကြီး အုပ်မှုများနှင့် ပတ်သက်လျှင် အခွင့်ထူးခံ၊ လက်လှမ်းမီနိုင်ခြင်းများ ဆုံးရှုံးခဲ့ သည်။ ထို့အပြင် စစ်တပ်၏ အမျိုးသားဘတ်ဂျက် လျော့ကျသွားပြီး စီးပွားရေး မူဝါဒပိုင်းတွင်လည်း စစ်တပ်က မလွှမ်းမိုးတော့ပေ။ အသစ်ထပ်မံရောက်ရှိလာသော နိုင်ငံခြားနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရမှုများကို စစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေးအသိုင်းအဝိုင်းအချို့ လက်လွတ်ကုန် ကြသည်။ သို့သော် ကုမ္ပဏီအနည်းငယ်ကတော့ စစ်တပ်ကို မှီခိုနေရဆဲရှိသည်။

(ဆောင်းပါးရှင် သန့်မြင့်ဉီး ရေးသားသည့် Myanmar’s Coming Revolution-What Will Emerge From Collapse? ဆိုတဲ့ ဆောင်းပါးကို CNI News မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

Source:https://www.foreignaffairs.com/.../myanmars-coming... မှတ်ချက် ။ ။ ဆက်လက်၍ အပိုင်း-၂ နဲ့ အပိုင်း-၃ ကို ဖော်ပြပေးသွားမည်။