ဒီနေရာမှာ စဉ်းစားစရာ တစ်ခုရှိပါတယ်။ဒီမိုကရေစီ ဖက်ဒရယ်ဆိုတဲ့ အချက်ပါ။ ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုး ဒီမိုကရေစီလဲ၊ အမျိုးမျိုးအဓိပ္ပာယ်ဖွင့် နေကြတဲ့ အချိန်မှာ ဖက်ဒရယ်ဆိုတာ နဲ့ဆွဲချိတ်ပြီးတော့ တည်ထောင်မယ်ဆိုတော့ တော်တော်စဉ်းစားရကျပ်တည်းမှာ အမှန်ပါပဲ။ ဘာလို့ဆို ဖက်ဒရယ်ဆိုတာမှာလဲ ဘယ်လိုဖက်ဒရယ်မျိုးကို တည်ဆောက်မှာ လဲ၊ ဘယ်နိုင်ငံရဲ့ ဖက်ဒရယ် စနစ်မျိုးကို အတုယူပြီး တည်ဆောက်မှာလဲ အဖြေ ရှာရခက်နေတဲ့ အချိန်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို ရောနှောပြီးတော့ တည် ထောင် မယ်ဆိုတာ လွယ်ကူမယ် မထင်ပါ။ နိုင်ငံတကာ အတိတ်သမိုင်းဖြစ်စဉ်တွေကို လေ့လာကြည့်ရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကြားမှာ ရှုပ်ထွေးမှုတွေ ရှိတာကို တွေ့နိုင်ပါတယ်။ ဒီရှုပ်ထွေးမှု ကြောင့် တချို့နိုင်ငံတွေ ပြိုကွဲသွားခဲ့ရ ဖူးပါတယ်။ ဥပမာဆိုရရင် ဒီမိုကရေစီမဟုတ်ပေမယ့် ဖက်ဒရယ် လက္ခာတွေရှိတဲ့ ဆိုဗီယက် ပြည်ထောင်စု၊ ယူဂိုဆလား ဗီးယား၊ ချက်ကိုစလိုဗက်ကီးယား စတဲ့ နိုင်ငံတွေ ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားက ရှုပ်ထွေးမှုအောက်မှာ ပြိုကွဲသွားခဲ့တာပါ။ ဒီနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားက ရှုပ်ထွေးမှုတွေကို သေသေ ချာချာ ရှင်းရှင်း လင်းလင်း မလုပ် ထားနိုင်တာရယ်၊ ဖက်ဒရယ်ဆိုလည်း ဖက်ဒရယ် စနစ်ပုံစံကို သေချာပုံဖော်မှုမလုပ်နိုင်တာရယ်၊ ကွန်မြူနစ် ဆိုလည်း ကွန်မြူနစ်စနစ်ကို ပုံဖော်မှု အားနည်းတာရယ် စတဲ့ အခြေအနေတွေကြောင့် ပြိုကွဲသွားခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက Palitana မြို့ဆိုရင် ဂျိန်းဘာသာ ကိုးကွယ်မှုအရ သက်သက် လွတ်ပဲ စားကြပါတယ်၊ အဲဒီမြို့မှာ ဂျိန်းဘုန်းကြီးတွေက သူတစ်ပါးအသက်ကို သတ်တာခွင့်မပြုတဲ့အတွက် အစိုးရကို သားသတ်ရုံတွေ ပိတ်ပေးဖို့ တောင်းဆိုခဲ့ လို့ အိန္ဒိယအစိုးရက သားသတ်ရုံတွေကို သားသတ်လိုင်စင် ချမပေးတော့ပဲ ပိတ် ဖြစ်လိုက်ပါတယ်။ ဆိုတော့ ဒီမိုကရေစီအရဆိုရင် ဒါဟာ နည်းနည်း အငြင်းပွားစရာဖြစ်နေပြီးတော့ ဆန့်ကျင်ဘက်ဖြစ် နေတာတွေ့ ရပါတယ်။ဒါ့အပြင် ဘာသာရေးနဲ့ ဥပဒေကြား က ရောယှက်ထားမှုကိုတွေ့ရပါတယ်။ ဒါကြောင့် အခုမြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းနေတာမှာ ဘယ်လို အခြေအနေကို ပုံဖော်ပြီး တည်ဆောက်ကြမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ အလွန်အရေး ကြီးပါတယ်။အဲလိုမဟုတ်ဘဲ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားက ရှုပ်ထွေးမှုကို ပုံဖော်မိရင် နိုင်ငံသားတွေ လိုချင်တဲ့ ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်လာဖို့က အလွန် ခဲယဉ်သွားနိုင်ပါတယ်။ ဒီနေရာမှာ နောက်ထက် ပြဿနာတစ်ခုကို အဖြေရှာဖို့ လိုနေသေးတာလည်း တွေ့ရပါတယ်၊ အဲတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုလား၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုလား ဗမာမဟုတ်သော တိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားတွေကြား အမြင်ကွဲလွဲမှုတွေလည်း ရှိနေသေးတဲ့အတွက် ဘယ်လို ပြည်ထောင်စုနိုင်ငံကို ထူထောင်မှာလည်း အဖြေရှာဖို့ ကျန်နေ ပါသေးတယ်။ ဗမာမဟုတ်သော တိုင်းရင်းသားတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုကို ထူထောင်လိုကြ ပါတယ်၊ ဘာကြောင့်ဆို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်နေရင် အများဆန္ဒကို အခြေခံပြီး အများထောက်ခံတာက အနိုင်ရနေရင် လူနည်းစု သို့မဟုတ် လူတစ်ဦးရဲ့ မှန်နေတဲ့ စဉ်းစားချက် ဆွေးနွေး ချက်တွေကို ဂရုမပြုဘဲ အနိုင်ကျင့်ခံရနိုင်တာ ဖြစ်လို့ပါပဲ။(အခု မြန်မာနိုင်ငံရေးမှာ မှားနေတာ ထောက်ပြတာတောင် အများစုက သူတို့ဖြစ် လိုတဲ့ ဆန္ဒနဲ့မကိုက်ညီတဲ့အခါ ဝိုင်းဝန်းပြီး တိုက်ခိုက်တာ၊ ဆန့်ကျင် ကန့်ကွက် တာ၊ အပြစ်တင်တာတွေ လုပ်နေတာတွေက လူနည်းစု ဗမာမဟုတ်သော တိုင်းရင်းသားတွေအတွက် သာဓကယူစရာတွေ ဖြစ်ပါတယ်) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ရဲ့ အခန်း(၁) အခြေခံမူများ အပိုဒ် (၁-က) မှာတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ် တွေနဲ့အညီ တည် ဆောက်သွားမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အရင်ဆုံး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလား၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလား၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုလား ကျေကျေလည်လည် ဖြစ်အောင် ဆွေးနွေးအဖြေရှာဖို့ လိုနေပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့စိတ်ကူးယဉ်နေတဲ့ ဒီမိုကရေစီ-ဖက်ဒရယ် ပြည်ထောင်စု ဟာဆိုရင် အောင်မြင် ဖြစ်ထွန်းနေတဲ့ အမေရိကန် မော်ဒယ်၊ ကနေဒါမော်ဒယ်၊ ဂျာမနီမော်ဒယ်၊ ဆွတ်ဇာလန် မော်ဒယ်၊ အိန္ဒိယ မော်ဒယ် တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း တစ်ခုသတိထားရမှာက ဆိုဗီယက်ပြည်ထောင်စု ကြီးစိုးတဲ့ ခေတ်ကာလတုန်းကလည်း မြန်မာ့ နိုင်ငံရေးသမားတွေဟာ ဆိုဗီယက် မော်ဒယ် ကို စိတ်ကူးယဉ်ခဲ့ကြပြီးနောက်မှာတော့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့ကြဖူးပါတယ်။ နောက်တော့ ဆိုဗီယက်လည်း ပြိုကွဲသွား တယ် မြန်မာနိုင်ငံလည်း ယနေ့ထိ ပြည်တွင်းစစ်ထဲက မထွက်နိုင်ဘူးဖြစ်နေတာ တွေ့ရပါတယ်။ ဆိုတော့ အခုအမေရိကန်ရဲ့ ဖက်ဒရယ်စနစ်က အောင်မြင်နေပြန်တော့ အမေရိကန် မော်ဒယ်ကို စိတ်ကူး ယဉ်လာကြပြန်ပါတယ်။ တချို့ကတော့ ဂျာမနီမော်ဒယ်၊ ကနေဒါမော်ဒယ်၊ ဆွတ်ဇာလန်မော်ဒယ်၊ အိန္ဒိယ မော်ဒယ်တို့ ကို စိတ်ကူးယဉ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာတွေကို ယူပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တစ်စုံလုံးတော့ ယူလို့မရနိုင် ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုနဲ့သမိုင်းကြောင်း၊ ပထဝီ အခြေအနေ အရ ဆိုရင်တော့ အိန္ဒိယမော်ဒယ်က အသင့်တော်ဆုံးဖြစ်နေတာ တွေ့ရတယ်လို့ လည်း ဆိုကြသူတွေလည်း ရှိပါတယ်။အကုန်လုံးတော့ ကော်ပီယူ လို့တော့ မဖြစ်နိုင်ပါ။ ဘာလို့အိန္ဒိယမော်ဒယ်က အသင့်တော်ဆုံးလို့ ပြောရတာလဲဆိုတော့ မြန်မာနိုင်ငံဟာ တိုင်းဒေသကြီး နဲ့ပြည်နယ် ၁၄ ခုနဲ့ဖွဲ့စည်းထားတာ ဖြစ်လို့ပါ။ အခုဆိုရင် နေပြည်တော် ပြည်ထောင်စု နယ်မြေဆိုပြီးတော့ တစ်ခု ထပ်တိုးထား ပါတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံဟာ အမျိုးသားကို အခြေခံတဲ့ ပြည်နယ်တွေရှိသလို ပထဝီကို အခြေခံတဲ့ တိုင်း ဒေသကြီး တွေလည်း ရှိနေလို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆိုရင်လည်း နာဂ၊ မဏိပူရ၊ အာသံတို့လို အမျိုးသားပြည်နယ်တွေ ရှိသလို ပထဝီကို အခြေခံ ထားတဲ့ ပြည်နယ်တွေလည်းရှိပါတယ်၊ ဒါ့အပြင် ပြည်ထောင်စု နယ်မြေတွေလည်း ရှိနေပြန်ပါသေးတယ်။ ဒီလိုမျိုးနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယမော်ဒယ်နဲ့ မြန်မာနိုင်ငံက အနီးစပ်ဆုံးလို့ ပြောကြတာ ဖြစ်ပါလိမ့်မယ်။တခြား အခြေအနေတွလည်း အများကြီးရှိပါသေး တယ်။ တချို့ကလည်း ဗဟိုက အနည်းငယ် လွှမ်းမိုးထားတဲ့အတွက် အိန္ဒိယမော်ဒယ်ကို သိပ်မကြိုက်ပဲ အမေရိကန်၊ ဆွစ်ဇာလန်၊ဂျာမနီမော်ဒယ်ကို ယူလိုကြတာလည်း တွေ့ရပါတယ်။ အမေရိကန်နိုင်ငံဟာ အမျိုးသားရော၊ ပထဝီရော အခြေခံထားတဲ့ ဖက်ဒရယ် စနစ်မျိုး မဟုတ်ပါဘူး။ နိုင်ငံကို အခြေခံထားတဲ့ ဖက်ဒရယ်စနစ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ identity အပေါ် အခြေခံ စဉ်းစားမှုတွေနဲ့ ဖြစ်တည်မှုနဲ့ သိပ်ပြီး မနီးစပ်ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်စနစ် ကနေ ကောင်းတဲ့ အချက်တွေ ယူဆောင်နိုင်ပါတယ်။ ကောင်းတဲ့ အချက်တွေလည်း အများကြီးရှိပါတယ်။ ဂျာမနီရဲ့ ဖက်ဒရယ်စနစ်မှာ ဆင်းရဲတဲ့ပြည်နယ်ကို ချမ်းသာတဲ့ ပြည်နယ်တွေက ထောက်ပံ့ပေးကြတဲ့ အခွန်စနစ် ပုံစံကတော့ အတုယူစရာ ဖြစ်ပါတယ်။ နောက် ကနေဒါနိုင်ငံရဲ့ဖက်ဒရယ်မှာ ယဉ်ကျေးမှုပေါင်းစုံ မူဝါဒ ပေါ်လစီအရ လူနည်းစုတွေရဲ့ သမိုင်းနဲ့ နိုင်ငံ အတွက် အကျိုးပြုခဲ့ပုံတွေကို ပညာရေး သင်ရိုး မှာ ထည့်သွင်းထားတဲ့ အချက်ကလည်း မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက် ဖြစ်တယ်လို့ မြင်ပါ တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဟာ ဘယ်လို စနစ်မျိုးလဲဆိုတာ စောင့်ကြည့်ရ အုံးမှာဖြစ်ပါတယ်။ စိုးရိမ်မှုတွေ လည်း တချို့က ရှိနေကြသေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည် ထောင် မယ်ဆိုရင် ဒီမိုကရေစီ လို့ဆိုထားတဲ့အတွက် လူများစု အသံကိုပဲ အာရုံစိုက်နားထောင်ပြီး ဖော်ဆောင်လို့မရပါ၊ လူနည်းစုတွေ ရဲ့အသံကိုလည်း နားထောင်ရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ လူနည်းစုအသံပဲ နားထောင်ပြီး ဖော်ဆောင် လို့မရပါ၊ လူများစုအသံကိုလည်း နားထောင်ရပါမယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်အရ ပြည်နယ်သစ် တောင်းဆိုမှုတွေကလည်း ရှိနေ တာကြောင့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မှာ ဘယ်လို ထည့်သွင်း စဉ်းစားကြမလဲ၊ ဘယ်လိုပုံစံနဲ့ အကောင် အထည်ဖော် တည်ဆောက်မလဲ၊ ဘယ်လိုဖြေရှင်း ကျော်လွှားကြမလဲ စဉ်းစားဖို့ရှိနေ ပြန်ပါ သေးတယ်။ ဒါ့ကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားက ရှုပ်ထွေးမှုဟာ ဆိုဗီယက်၊ ယူဂို ဆလားဗီးယား၊ ချက်ကိုစလိုဗက်ကီး ယား တို့ရင်ဆိုင်ခဲ့ရတဲ့ အကြပ်အတည်းမျိုး မရောက်သွားအောင် သတိထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆို တချို့က ကွန်ဖက်ဒရေးရှင်း ပြောလာကြသလို တချို့က လွတ်လပ် သော(---)နိုင်ငံတော် ထူထောင်မယ်ဆိုပြီးလည်း ထုတ်ပြန်ချက်တွေကလည်း ရှိနေပြန် သေးတာကြောင့် ဖြစ်ပါတယ်။ အတိတ်သင်ခန်းစာ တစ်ခုကိုလည်း မမေ့ဖို့လိုအပ်ပါသေးတယ်။ အဲဒါကတော့ ဆိုရှယ်လစ် စနစ်ကို နိုင်ငံ တော်တော်များများ ထူထောင်လာတဲ့အခါမှာ မြန်မာ နိုင်ငံဟာလည်း ဆိုရှယ်လစ် စနစ်ကို ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် တခြားနိုင်ငံရဲ့ ဖြစ်တည်မှုနဲ့ ဆိုရှယ်လစ် စနစ်က ကျင့်သုံးပုံ ကောင်း လို့ အောင်မြင်တိုင်း အဲဒီစနစ်ကို ပုံစံတူ ယူလို့မရတဲ့အတွက် ဦးနေဝင်းဟာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ထူထောင်ခဲ့ပါတယ်။ နောက်ဆုံး အဆုံးသတ်က မလှပခဲ့ပါဘူး။ ဒီတော့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု သို့မဟုတ် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု စတဲ့ စနစ်ကို ထူထောင်တဲ့အခါမှာ အရင် အတိတ် သမိုင်း ဖြစ်စဉ်တွေလို အဆုံးသတ် မဖြစ်ဖို့အတွက် သေသေချာချာ စဉ်းစား တည် ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုကို ဘယ်လိုထူထောင်မလဲ စဉ်းစားပြီးတော့ ဖော်ဆောင် ဆွေးနွေးနေကြတဲ့ လူကြီးတွေ အနေနဲ့ လက်ရှိ ၂၁ ရာစု ခေတ် စနစ်အရ တိုးတက်ပြောင်းလဲလာနေတဲ့ အခြေအနေတွေ၊ ခေတ်သစ် လူငယ် တွေရဲ့အမြင် အယူအဆတွေနဲ့ အတွေးအခေါ်တွေ၊ သဘောထား ဆန္ဒတွေကို လည်း နားထောင်ဖို့ လိုအပ်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု အနာဂတ် ပြည်ထောင်စုကို ထူထောင်ဖို့ ကြိုးစား နေကြတဲ့ လူကြီး အများစုဟာ ဆိုရင် အတိတ်သမိုင်း ဖြစ်စဉ်တွေအပေါ်မှာ အခြေခံ စဉ်းစားနေကြတဲ့တိုင်အောင် ယနေ့ခေတ် လူငယ်တွေရဲ့ အယူ အဆနဲ့ အတွေးအခေါ်တွေအပေါ်မှာ အာရုံစိုက် နားထောင်ပြီးတော့ ထည့်သွင်း စဉ်းစား မှု အလွန် အားနည်းတာ တွေ့ရတဲ့အတွက် အနာဂတ် လူငယ်တွေ လက်ထက် မှာ အခု လူကြီးတွေ ထူထောင်မယ့် ပြည်ထောင်စုစနစ် အခြေအနေနဲ့ မကိုက်ညီ တော့ ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲ ကြိုတင် စဉ်းစားထားဖို့ လိုအပ်တဲ့ အတွက်ကြောင့် ပြောရခြင်း ဖြစ်ပါတယ်။ ဥပမာများစွာထဲက တစ်ခုကို ပြရမယ်ဆိုရင် ယနေ့ခေတ် လူငယ်တွေဟာ မိခင် ဘာသာစကားနဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့နဲ့ သင်ယူမှုထက် တိုးတက် လာတဲ့ ခေတ်ရေစီး ကြောင်းအရ နိုင်ငံခြား ဘာသာစကားတွေကို ပိုမို သင်ယူလိုခြင်းနဲ့ နိုင်ငံခြား ယဉ်ကျေးမှုတွေ ကို လေ့လာပြီးတော့ ဆန်းသပ်လိုစိတ်တွေက ပိုမို ကြီးထွား နေပါတယ်။ ဒီအချိန်မှာ တစ်ဖက်က ပြည်ထောင်စုကို ထူထောင်ဖို့ ကြိုးပမ်းနေကြတဲ့ လူကြီး တွေကတော့ မိခင် ဘာသာ စကားနဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာ တွေကို ဘယ်လို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမလဲ ဆိုတဲ့ အပေါ်မှာပဲ စဉ်းစားနေတဲ့အတွက် လူငယ်နဲ့ လူကြီးကြားမှာ တူညီတဲ့ အခြေအနေကို ဖန်တီး ဖို့ လိုအပ်လာ ပါတယ်။ ဒါကြောင့် အနာဂတ် ပြည်ထောင်စုကို ထူထောင်တဲ့အခါမှာ အဖက်ဖက်က စဉ်းစားဖို့လိုအပ်သလို ခေတ် စနစ်နဲ့ အညီ ထူထောင်ရန် လိုအပ်ကြောင်း သတိချပ်စေလိုပါတယ်။ အတိတ်သမိုင်းဖြစ်စဉ်တွေကို မေ့ဖျောက်ဖို့လို ပြောတာမဟုတ်ပါဘူး အတိတ် သမိုင်းတွေကိုလည်း လေးစားတန်ဖိုးထားရမှာဖြစ်သလို လက်ရှိ ခေတ်သစ်ကို လည်း လေ့လာပြီးတော့ ဘယ်လိုပေါင်းစပ်မလဲ စဉ်းစားဖို့ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံကို ပုံဖော် တည်ဆောက်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အသာစီးရရေးကို ရှေးရှု ပြီးတော့ မဆွေးနွေးကြ စေလိုဘဲ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို ပေါင်းစပ်နိုင်မယ့် စုပေါင်း ခေါင်း ဆောင်မှုနဲ့ စုပေါင်းအင်အားကို အခြေခံပြီးတော့ တည်ဆောက်ကြ မယ်ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်နိုင်မယ်လို့ မြင်ပါတယ်။ ဆိုတော့ အနာဂတ် ဒီမိုကရေစီ-ဖက်ဒရယ်/ဖက်ဒရယ်-ဒီမိုကရေစီပြည်ထောင်စု ဆိုတာ ဘယ်လိုပုံစံ လဲဆိုတာ စောင့်ကြည့်ရအုံးတော့မည်။