တရုတ်သည် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်တပ် အာဏာ သိမ်းထားသော အစိုးရကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများကို အကောင်အထည် ဖော်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ထောက်ခံကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ အိန္ဒိယနှင့်ဂျပန်တို့ကတော့ နှုတ်ဆိတ်၍ နေကြသည်။ အကြောင်းမူကား ၎င်းတို့အနေဖြင့် မြန်မာကို တရုတ် လက်အောက်အဖြစ်သို့ ထပ်မံ မပို့လို၍ ဖြစ်သည်။ ထိုင်းနိုင်ငံက ယင်းသို့ အာဏာသိမ်းမှုကို ရှုတ်ချရန် (သို့မဟုတ်) ဝေဖန်ရန်အလို့ငှာ မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ တင်သွင်းနေရခြင်းအ‌ပေါ် ပြန်လည် ထောက်ရှု နေရပြန်သည်။ ထိုမှတပါး ကျန်ရှိသည့် အာဆီယံနိုင်ငံများအနေဖြင့် ဒေသတွင်း ပြဿနာများကို အပြည့်အဝ ကိုင်တွယ် ဖြေရှင်း နိုင်မှု မရှိကြောင်း ထပ်လောင်း ပြသခဲ့သည်။ အတိုချုပ်ဆိုရသော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ့ အရေး ကစားကွက်တွင် အဓိကကျသော နိုင်ငံကြီးများအနေဖြင့် ပြည်တွင်း မငြိမ်မသက်မှုအပေါ် မည်သို့မည်ပုံ တုံ့ပြန် ခဲ့ကြ သနည်းဟူသော အချက်ကို စတင် မြင်မိရန် ဖြစ်ပါသည်။ နိုင်ငံကြီးများအချင်းချင်း တိုက်ရိုက်မထိတွေ့သည့် ယခု ဂရိတ်ဂိမ်းအသစ်တွင် အဓိက ပါဝင် ကစားသူများ၏ အခြေအနေကို စောင့်ကြည့်ရဦးမည် ဖြစ်သော် လည်း ဒေသတွင်း အကျပ်အတည်းများ၌ တရုတ်က အမေရိကန်အား ပြတ်ပြတ် သားသား ဆန့်ကျင်နေသည်မှာ ထင်ရှားသည်။ အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှုအပြင် ဂျပန်၊ အိန္ဒိယနှင့် အခြား ဒေသတွင်း နိုင်ငံများမှာလည်း လတ်တလော ပွက်ပွက်ညံနေသည့် မြန်မာနိုင်ငံတွင် တရုတ်ဩဇာ ကြီးထွားလာခြင်းအပေါ် စိတ်မသက်မသာ ဖြစ်နေကြသည်။ ထိုအချင်းအရာများသည် အပူတပြင်း ကြီးထွားနေဆဲပင်ရှိသည်။ ဒုက္ခသည်လှိုင်းလုံးများက ထိုင်း-မြန်မာ နယ်စပ် တလျှောက်နှင့် အိန္ဒိယနိုင်ငံ ထဲသို့ စတင်ရိုက်ခတ်နေပြီး အစောပိုင်းက ဘင်္ဂါလီများ ထွက်သွားမှုနှင့် နှိုင်းယှဉ် ကြည့်နိုင်သည့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ နောက်ထပ် အကျပ် အတည်း အသစ်က ရှေ့တန်း ရောက်လာခဲ့သည်။ စီးပွားရေးနှင့် ဘဏ္ဍာရေး အခြေအနေအရ တိုင်းပြည်မှာ ပြိုလဲလု နီးပါးဖြစ် နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်း မှု မျှော်လင့်ချက်ဖြင့် တိုင်းပြည်ထဲဝင် လာသည့် အနောက်အုပ်စု ရင်းနှီးမြှုပ်နှံသူများကို နှင်ထုတ်ပစ်သည်။ သို့သော် မြန်မာ့အကျပ်အတည်းမှ ထွက်ပေါ်လာသော အခွင့်အလမ်းများစွာကို တရုတ်က တွေ့ထားသည်။ ဇွန်လ ၈ ရက်တွင် ချုံကင်း၌ ကျင်းပသည့် ဒေသတွင်း အစည်းအဝေးမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဦးဝဏ္ဏမောင်လွင်ကို မြန်မာ့ပြည်တွင်းနှင့် ပြည်ပ အခြေအနေ ပြောင်းလဲမှုအပေါ် ၎င်းအနေဖြင့် ထုတ်ဖော် ပြောဆိုခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း ချွေးသိပ်ပေးခဲ့သည်။ ဧပြီလ ၂၄ ရက်က ဂျာကာတာတွင် ပြုလုပ်သော တစ်ရက်ကြာ အစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံ ကိုယ်စားလှယ်များအကြား သဘောတူကြသည့် အချက် ၅ ချက် ထွက်ပေါ်လာချိန်မှာတော့ လူ အစုလိုက် အပြုံလိုက် သေဆုံးမှုရှိခဲ့လင့်ကစား မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ် သက်၍ အာဆီယံ သံတမန်ရေး ဆောင်ရွက်ချက်များကို မြန်မာ စစ်အာဏာပိုင် များ အနေဖြင့် ထောက်ခံပါကြောင်း ကတိ ပြုပြော ကြားခဲ့ရသည်။ အဆိုပါ သဘောတူညီချက် ၅ ချက်သည် အနှစ်သာရအားဖြင့် ကြည့်လျှင် ၅ နှစ်အောက် ကလေးသူငယ်များ အပါအဝင် ရာနှင့်ချီသော ငြိမ်းချမ်းစွာ ဆန္ဒပြ သူများအ‌ပေါ် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်၍ အာဆီယံက တညီတညွှတ်တည်း အပြစ်တင်ခြင်းနှင့်အတူ ဆန္ဒပြသူများ အနေဖြင့် ၎င်းတို့ ကိုယ်ကို ကာကွယ်ရန် လောက်လေးဂွနှင့် လက်လုပ် လက်နက်ကိရိယာများ ကိုင်ဆောင်ခြင်းအား အပြစ်တင်ခြင်းလည်း ပါဝင်လာ သည်။ တဖန် ဇွန်လ ၄ ရက်နှင့် ၅ ရက်တို့တွင် ဘရူနိုင်းအရာရှိ ၂ ဦးဖြစ်သည့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာဝင်ယူစွပ် နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူး ချုပ် လင်ဂျော့ဟွိုင်တို့ကို အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို စေလွှတ်ခဲ့ သော် လည်း ၎င်းတို့သည် စစ်တပ်ကိုယ်စားလှယ်များနှင့်သာ စကားပြောဆိုခဲ့ခြင်း ထက် မပိုခဲ့ပေ။ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ တရားဝင် ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသော သတင်း ထုတ်ပြန်ချက်၌ သွေးချောင်းစီး အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား စစ်ခေါင်းဆောင် များကို အာဆီယံ အနေဖြင့် တရားဝင် အသိအမှတ်ပြုကြောင်း ဖော်ပြထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါ သတင်းထုတ်ပြန်ချက်ကို အင်တာနက် စာမျက်နှာပေါ်မှ ဖယ်ရှားပစ်ခဲ့သည်။ ယင်း သတင်း ထုတ်ပြန်ချက်နှင့် ဆက်စပ် ပြီး ဂျာကာတာပို့စ်သတင်းစာ အယ်ဒီတာ Kornelius Purba က ဇွန်လ ၉ ရက် မှာ op-ed ကဏ္ဍအနေဖြင့် ဤသို့ ထည့်သွင်းဖော်ပြစေခဲ့သည်။ “အာဆီယံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အမြင် ရယ်စရာဖြစ်လာတယ်။ အကြောင်းကတော့ မြန်မာပြည်သူ တွေရဲ့အခြေအနေကို ဖြေရှင်းဖို့ ပျက်ကွက်ရုံ မကဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆင်ထားတဲ့အကွက်ထဲ ဝင်သွားလို့ ဖြစ်ပါတယ်” ဟု ၎င်းက ဖော်ပြထားသည်။ အာဆီယံကို ဥရောပသမဂ္ဂ (EU) နှင့် တစ်တန်းထားပြီး တွက်ဆလို့ မရကြောင်း မကြာခဏ မေ့လျော့နေ တတ် ကြသည်။ ထိုသို့ EU နှင့် တစ်တန်းထားပြီး တွေးမည့်အစား အာဆီယံအနေဖြင့် ဒေသတွင်း အကျပ်အတည်း များကို ဖြေရှင်းနိုင်ရန် လုံလောက်သည့် ခွန်အားကင်းမဲ့စေသည့် အခြေခံမူနှစ်ချက်ကို ကြည့်ရမည်ဖြစ်သည်။ ထိုအခြေခံမူနှစ်ချက်မှာ ဝင်ရောက်စွက်ဖက်မှု မရှိရခြင်းနှင့် ဒီမိုကရေစီစနစ်ကို အလေးမထားခြင်းတို့ ဖြစ်သည်။ အာဆီယံ အဖွဲ့အတွင်း အင်ဒိုနီးရှား တစ်နိုင်ငံ တည်းသာ မြန်မာ့ပြဿနာများကို ဖြေရှင်းရန် လိုလိုလားလား ရှိနေကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ဇွန်လ ၂ ရက်တွင် ဂျာကာတာမြို့၌ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီး ဂျိုးစက်ဘော်ရေးလ်နှင့် ဆွေးနွေးပြီး နောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီက “မြန်မာနိုင်ငံတွင် သတ်ဖြတ်မှုများ အဆုံးသတ် စေရေးနှင့် နိုင်ငံရေးအကျဉ်းသား ၄၀၀၀ ကျော် ပြန်လွှတ်ပေးရေးတို့အတွက် အင်ဒိုနီးရှား အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ ဘရူးနိုင်း အပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောခဲ့ သည်။ အာဆီယံ၏ အရေးမယူမှုအပေါ် တရုတ် အကြိုက်တွေ့ကောင်း တွေ့နိုင်သည်။ မြန်မာ့ပြည်တွင်းရေး တင်းမာ လာခြင်းနှင့် ပြည်တွင်းစစ်မီး အရှိန် ပိုတောက် လာခြင်းကို ဘေဂျင်းက စိုးရိမ်နေသော်လည်း စစ်မက် ဖြစ်ပွား နေကျ နေရာ များမှ တိုက်ပွဲများအပြင် ဆယ်စုနှစ်များစွာ ငြိမ်သက်နေခဲ့သည့် တိုင်းရင်းသား နယ်မြေများမှာပါ အပစ်အခတ်ရှိလာသည့်အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ နှင့် ဘေဂျင်း လက်ဝါးရိုက်စရာ တစ်ကွက် တိုးလာခဲ့ သည်။ တရုတ်အနေဖြင့် မြန်မာပြည်တွင်း၌ ကာကွယ်ရန် ကြီးမားသည့် မဟာဗျူဟာ မြောက် ပထဝီဝင် အကျိုးစီးပွား များ ရှိနေပြီး မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍတွင် တရုတ်က အမြဲတမ်းလိုလို တစ်ဖက်သတ် ရပ်တည်သည့်အသွင် ဆောင်ခဲ့သည်။ ယခုမျက်မှောက် ကာလမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ကောင် စီမှာ လူကြိုက် နည်းနေသည်။ မြန်မာနိုင်ငံသည် တရုတ်ကို အိန္ဒိယ သမုဒ္ဒရာဆီသို့ တိုက်ရိုက် ဆက်သွယ်ခွင့် ပြုထားသည့် တစ်ခုတည်းသော အိမ်နီးချင်း နိုင်ငံဖြစ်သည်။ တရုတ်က သူ့ လောင်စာဆီများနှင့် အခြားတင်ပို့ကုန်များကို အငြင်းပွားမှုဖြစ်နေသည့် တောင် တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြား ဖြတ်၍ ကူးသန်းမည်ဆိုလျှင် အမေရိကန် အတားအဆီးက တစ်နည်းမဟုတ် တစ်နည်း ပေါ်လာနိုင်သည့် စိုးရိမ်မှု ရှိနေသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက်ဖြတ်သန်း၍ အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်ရာ ဆိပ်ကမ်းတစ်ခုခုကို ပို့လျှင် တရုတ်အတွက် ပိုအဆင်ပြေသည်။ အမေရိကန်သည် မြန်မာ စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေးအရ ခြားနား သည့် အခြားတစ်ဖက်တွင် ရပ်တည်နေသည်။ ယခု ဇွန်လမှစ၍ အမေရိကန် မီဒီယာအေဂျင်စီ(USAGM)သည် ၎င်း၏ မီဒီယာလက်တံ ကွန်ရက် နှစ်ခုဖြစ် သော Voice of America (VOA) နှင့် Radio Free Asia (RFA) တို့ကို ၂၄ နာရီ ထုတ်လွှင့် နိုင်သည့် ရုပ်သံလိုင်းများအဖြစ် စတင်ရန် ကြေညာခဲ့သည်။ ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် USAGM သတင်းထုတ်ပြန်ချက်အရ မြန်မာဘာသာဖြင့် ရုပ်သံလိုင်း များကို ရုပ်မြင်သံကြား ဂြိုဟ်တုနှစ်လုံးဖြင့် ထုတ်လွှင့်ပေးမည်ဟု သိရပြီး စစ်အုပ်စုက ဖေဖော်ဝါရီလ ၁ ရက် အာဏာ သိမ်းပြီး ချိန်မှစ၍ လွတ်လပ်သော မီဒီယာများကို အဟန့်အတားပြုခြင်းနှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု များကို ဖြတ်တောက် ပိတ်ဆို့ခြင်းတို့ကို တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ တိုးချဲ့ထုတ်လွှင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာပြည်တွင်း လာရောက်လုပ်ကိုင်နေသော ပြည်ပမှ အရပ်ဘက် လူမှုအဖွဲ့အစည်းများသည်လည်း အမေရိကန်၏ ထောက်ပံ့မှု ရမည်ဖြစ်သည်။ သို့သော် လူထုကြားတွင် မျှော်လင့်ချက်တစ်ရပ်က ဆက်လက် ရှင်သန်နေဆဲ ရှိသည့်အပြင် အရပ်သားများကို နှိမ်နင်းခဲ့သော စစ်အုပ်စု အာဏာဆုတ်ကိုင် ထားနိုင်ရေးအပေါ် ယင်းသို့ အမေရိကန် အထောက်အပံ့က မည်မျှ အကျိုး သက်ရောက်မည်ကို ခန့်မှန်းတွက်ဆကြည့်ဖို့ ခဲယဉ်းလေသည်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ချိန်မှစ၍ ဇွန်လ ၁၁ ရက်အထိ ပစ်သတ်ခဲ့သည့် ဆန္ဒပြသူစာရင်းမှာ ၈၆၁ ဦး ရှိသွားပြီဖြစ်ကြောင်း လွတ်လပ်သော လူ့အခွင့် အရေး အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်သည်။ ရဲနှင့်စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ ၂၁ ဦး၏ စာရင်းကိုလည်း အမည်များနှင့်တကွ AAPP က ထုတ်ပြန် ပေးခဲ့သည်။ လုံခြုံရေးနှင့် အခြားအရေးကိစ္စ လေ့လာသုံးသပ်သူအချို့က လူထုအခြေပြု အာဏာဖီဆန်ခြင်း(CDM)နှင့် ရှေ့ တန်း နယ်မြေများတွင် လက်နက်ကိုင် တိုက်ပွဲဝင်နေခြင်းဖြင့် စစ်တပ်ကို ဆွဲချနိုင်စရာမရှိကြောင်း စောဒက တက် ကြသည်။ စစ်တပ်အတွင်း အက်ကြောင်းတစ်ခုရှိမှသာ ထိုသို့ ဆွဲချနိုင်မည်ဖြစ် သော်လည်း စစ်တပ်အရာရှိ အတွင်း၌သာ ထူးခြားသည့် သဘောကွဲလွဲမှု လက္ခဏာ အနည်းငယ်သာ ရှိသည်။ သို့သော် ဝါရှင်တန်၏ မဟာဗျူဟာ အကျိုးစီးပွားမှာ တရုတ်ကို မှီခိုနေရသည့် နိုင်ငံတစ်နိုင်ငံအဖြစ်မှ ရှောင်ရှား နိုင်ရန် မြန်မာစစ်တပ်ကို ဆန့်ကျင်သော အင်အားစုများအတွက် ပံ့ပိုးပေးဖို့ ဖြစ်သည်။ Asia Times (အေရှားတိုင်းမ်)က လေ့လာခွင့်ရခဲ့သော မြန်မာစစ်တပ်အတွင်းမှ စာရွက်စာတမ်းများ အဆိုအရ တရုတ်နိုင်ငံကို မှီခိုနေရမှုအပေါ် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် စိုးရိမ်ကြောင်းနှင့် ၂၀၁၁-၁၂ ကာလ ပိုမိုပွင့်လင်းသော လူ့အဖွဲ့အစည်းကို မိတ်ဆက်နိုင်ခဲ့သည့် အနောက်နိုင်ငံများ နှင့် ဆက်ဆံရေး တိုးတက်မှုနှင့်အတူ ဟန်ချက်ညီရန် ၎င်းတို့ လိုလားခဲ့ကြောင်း တွေ့ရှိရသည်။ မြန်မာစစ်တပ်က ထောင်နှင့်သောင်းနှင့်ချီသော ဘင်္ဂါလီမွတ်ဆလင်များကို ၂၀၁၇ ခုနှစ်က မောင်းထုတ် ပစ် သည့် တိုင်အောင် အနောက်အုပ်စုနိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ခဲ့ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ စစ်တပ်၏ လုပ်ရပ်များကို ရှုတ်ချရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၇ ဖြစ်စဉ်များအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက ဒီမိုကရေစီ နှင့် ပြောင်းပြန်ဖြစ်သည်ဟု ပြောင်ပြောင်တင်းတင်း အပြစ်တင်ခဲ့ကြသော်လည်း ဂျပန်နှင့်အိန္ဒိယတို့ကတော့ တုံ့ပြန်မှုနည်းခဲ့ပြီး ဝေဖန်သံ လျော့ပါးခဲ့သည်။ လက်ရှိကာလတွင်လည်း ဂျပန်သည် အနောက်အုပ်စုနိုင်ငံများနှင့် ပူးပေါင်းပြီး မြန်မာအုပ်စုကို ဆန့်ကျင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ရန်နှင့် ညှင်းပန်း သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချရန် ထွက်ပေါ်လာခြင်း မရှိသေးပေ။ အလားတူစွာပင် အိန္ဒိယသည် ယခုအခါ ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာပြည်ကို ထိုးဖောက် လာမည့် တရုတ်ကို အိန္ဒိယက အထူးကန့်ကွက်နေရသည်။ နယူးဒေလီ သည် မြန်မာစစ်တပ်ကို ရေငုပ်သင်္ဘော ရောင်းချပေးခဲ့ခြင်းဖြင့် ဆက်ဆံရေး တိုးတက်လာသည်မှာ မကြာလှ သေးသည့်အတွက် လတ်တလော ဆန့်ကျင်ကန့်ကွက်လိုခြင်းမရှိသေးပေ။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ ဘက်မှ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်ခြင်း ခံနေရသည့် တစ်ခုတည်း သော နိုင်ငံမှာလည်း အိန္ဒိယ ဖြစ်သည်။ အိန္ဒိယပြည်တွင်း သတင်းရပ်ကွက်များ၏ အဆိုအရ ယခုအခါ မီဇိုရိမ်ပြည်နယ် အရှေ့မြောက်ဘက်တွင် မြန်မာ ဘက်မှ ဝင်ရောက်လာသည့် ဒုက္ခသည် ၂၁,၀၀၀ ရှိနေပြီး မဏိပူရပြည်နယ်နှင့် ထိစပ်နေသော ဒေသများတွင် ဝင်ရောက်လာသူ အရေအတွက် အတိအကျ မသိရသေးဘဲ ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော မြန်မာဘက်မှ ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့သည် လူမျိုးချင်း နီးကပ်စွာ ဆက်နွှယ်နေခြင်းကြောင့် နယူးဒေလီရှိ အိန္ဒိယဗဟိုအစိုးရက မြန်မာဒုက္ခသည်များကို လက်မခံရန် မေတ္တာရပ်ခံ ချက်ကို ဒေသခံ အာဏာပိုင်များက လျစ်လျူရှုခဲ့ကြသည်။ ချင်းပြည်နယ်သည် မြန်မာစစ်တပ်နှင့် ဒေသခံ တော်လှန်ရေး အင်အားစုများ အကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ အစိတ် အပိုင်း တစ်ခုဖြစ်သည်။ အိန္ဒိယနှင့်အမေရိကန်တို့သည် တရုတ်နှင့်နှိုင်းယှဉ်လျှင် ဘုံမဟာဗျူဟာ အကျိုးစီးပွားရှိနေသည့် ဒီမိုကရေစီ နိုင်ငံကြီးများဖြစ်ကြပြီး အမြင်ချင်း မတူလျှင်တောင်မှ ရပ်တည်မှု သဘာဝအားဖြင့် မဟာမိတ်ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သို့သော် အိန္ဒိယအရှေ့မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် များကို အိန္ဒိယအစိုးရက ရံဖန်ရံခါ နှိမ်နင်းတတ်သည့်ဒေသမှ မြန်မာနယ်စပ် တလျှောက် ခိုအောင်းနေသည့် အိန္ဒိယ လက်နက်ကိုင်အဖွဲ့ များ ပြန်လည် အသက်ဆက်နိုင်ဖို့ တရုတ်က ကြိုးပမ်းနေသည်။ ယခင်က တရုတ်သည် နာဂ၊ မဏိပူရနှင့် အာသံ လက်နက်ကိုင်အဖွဲ့များကို အဓိက ထောက်ပံ့ပေးခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အိန္ဒိယ အနေဖြင့် ထိုင်ဝမ်နှင့် ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုပြီးနောက် ဘေဂျင်းက အိန္ဒိယ လက်နက်ကိုင်အဖွဲ့များကို ပြန်လည် အသက်ဆက် အားဖြည့် ပေးခြင်းဖြင့် လက်တုံ့ ပြန်နိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ အသေချာဆုံး အချက်မှာကား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီမိုကရေစီ တုံ့ဆိုင်းစေသည့် ၎င်း၏ အာဏာ သိမ်းမှုအပေါ် ခုခံတုံ့ပြန်လာမည့် အင်အား စုများ၏ အတိုင်းအဆ ပမာဏနှင့် သက်တမ်းကို ကြိုတင် မခန့်မှန်း နိုင်ခဲ့ခြင်း၊ သူ့တိုင်းပြည်အပေါ် အင်အားကြီး နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုနှင့် မဟာပါဝါ ယန္တရား ရွေ့လျားမှု အသစ်ကို လွဲမှားစွာ တွက်ဆမိခဲ့ခြင်းတို့ကြောင့် သူကိုယ်တိုင် မငြှိမ်းသတ်နိုင်သော မီးကို ဆက်လက် ဓါတ်ဆီ ဖျန်းရာ ရောက်နေကြောင်း။ (Aisatimes ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဘာတီးလ်လင့်တနာ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Source: https://asiatimes.com/.../new-great-game-rages-in.../...