CNI Sport Article

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက သူတို့နဲ့ ယူရိုပါလိဂ် ပထမအကျော့ မကစားခင်မှာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့ အန္တရာယ်အရှိဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဇာဗီပြောခဲ့သလိုပဲ ဘာစီလိုနာအသင်းကို ပထမအကျော့မှာ ဒုက္ခပေးနိုင်တယ်ဆိုတာ အားလုံး မြင်တွေ့ခဲ့ရပါတယ်။ ဒီရာသီမှာ ဂိုးသွင်းရခက်တဲ့ ဘာစီလိုနာကို ၁ ဂိုးသွင်းပြီး နောက်တစ်ဂိုး ရခဲ့တာမှာလည်း ပါဝင် ပတ်သက်အောင် လုပ်နိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက ယူနိုက်တက်အတွက် ပွဲတိုင်းလိုလို ပါဝင်ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ပြောရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ၁၆ ပွဲမှာ ၁၃ ဂိုး သွင်းယူခဲ့ တာဖြစ်ပြီး ဒါဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာရှိတဲ့ ဘယ်ကစားသမား ထက်မဆို သာလွန်နေတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။

 

ရက်ရှ်ဖို့ဒ် ခေါင်းတိုက်သွင်းနေစဉ်

ရက်ရှ်ဖို့ဒ် ပါဝင်ပြီဆိုရင် ယူနိုက်တက်အသင်းဟာ သေချာပေါက် ဂိုးရနေပြီလို့ နည်းပြ၊ ပရိသတ်တွေနဲ့ ပြိုင်ဘက် နည်းပြတွေကပါ ရိပ်မိနေလောက်ပါပြီ။ ရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ခြေထောက် နှစ်ဖက်စလုံးနဲ့ အပြင် ခေါင်းတိုက် ပြီးပါ ဂိုးသွင်းလာနိုင်တဲ့အထိ ကြိုးစားအားထုတ်မှုတွေ ရှိလာခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးဟာ အခုဆိုရင် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုး သွင်းယူထားပြီး သူ့ရဲ့အကောင်းဆုံး ရာသီ ဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီက သွင်းဂိုး အရေအတွက်ကို လိုက်မှီသွားပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ နောက်ထပ် သွင်းဂိုး ၁ ဂိုးကို ရယူနိုင်ခဲ့မယ်ဆိုရင် ဒီရာသီဟာ သူ့ရဲ့ အကောင်းဆုံး ရာသီအဖြစ် သတ်မှတ်လို့ ရသွားပြီ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အခုလို ခြေစွမ်းတွေ ပြန်ရနေတာက နည်းပြ အဲရစ်တန်ဟတ်ကြောင့်လို့ အများကြီး ပြောလို့ရပါတယ်။

အဲရစ်တန်ဟတ်ရဲ့ ယုံကြည်မှုနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို ပေါင်းစပ်လိုက်တဲ့ အချိန်မှာ အခုလိုမျိုး ရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် ရာသီက ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဒါဟာ သူ့အတွက် အဆိုးရွားဆုံးရာသီ ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဆိုက်ပိနေတယ်ဆိုပြီး ဝေဖန်မှုတွေ အများအပြား ခံရကာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အထိ ရှိခဲ့တာပါ။ ဒါပေမယ့် အဲရစ်တန်ဟတ် ရောက်လာအပြီးမှာ ရက်ရှ်ဖို့ဒ် ကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ကစားသမား ပုံမှန်ခြေစွမ်း ပြန်ရလာအောင် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

ကစားသမားကို ယုံကြည်မှု အများကြီး ပေးခဲ့တာကြောင့်လည်း ရက်ရှ်ဖို့ဒ် ဆီကနေ အခုလို ခြေစွမ်းပြ သွင်းဂိုးတွေ ကို မြင်တွေ့လာခဲ့ရတာပါ။

အဲရစ်တန်ဟတ်ကတော့ ပွဲတိုင်းလိုလို သူ့ရဲ့ ကစားသမားကို ချီးကျူးမှု ပြုလုပ်ခဲ့ပြီး ဒီမှာပဲ ရပ်မနေဘဲ ဆက်ပြီး ကြိုးစားနေဖို့ အမြဲတမ်း တိုက်တွန်းခဲ့သလို စာချုပ်သစ် ချုပ်ဖို့ကိုလည်း ပြောထားတာပါ။

အဲရစ်တန်ဟတ်ဟာ ရက်ရှ်ဖို့ဒ်ကို ဦးစားပေးအဖြစ် သတ်မှတ် ထားတယ်ဆိုပေမယ့် ကစားသမားကို စည်းကမ်း ပိုင်းဆိုင်ရာ ကောင်းမွန်အောင်လည်း အပြစ်ပေး အရေးယူတာ မျိုးတွေရှိခဲ့တယ်။ အဲ့ဒါကြောင့်လည်း ရက်ရှ်ဖို့ဒ်ဟာ အဲရစ်တန်ဟတ် လက်အောက်မှာ အရာရာ ဂရုစိုက်ပြီး သူ့ကိုယ်သူ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင် နေ တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ဂိုးသွင်းနေစဉ်

ရက်ရှ်ဖို့ဒ်ဟာ တစ်ဦးချင်း ကျော်ဖြတ်တာမှာလည်း ကောင်းမွန်လာသလို ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အချိန်မှာ လည်း အဆုံးသတ်ပိုင်း ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကို ဆုဖလားတွေနဲ့ ဝေးကွာနေတာကို အဆုံးသတ်ဖို့အတွက် ကာရာဘောင်းဖလား ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ထားသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၃ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ် ကတော့ ကျေနပ်တယ်ဆိုတာ ပျင်းရိနိုင်တာကြောင့် ရက်ရှ်ဖို့ဒ်ကို ဆက်ကြိုးစားဖို့ ပြောထားတာ ကြောင့် ကစားသမားအနေနဲ့ လက်ရှိ ကစားသမားဘဝကို နောက်တစ်ဆင့် တက်အောင် ဘယ်လောက်ထိ ဆက် ပြီး လုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

ဒါ့အပြင် သူ့ရဲ့ အကောင်းဆုံးပုံစံ ရရှိနေတာကို ဘယ်သူက ရပ်တန့်အောင် လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ချင် စရာ ကောင်းနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ၃၃၈ ပွဲ ပါဝင်ကစားထားပြီး ၁၁၅ ဂိုး သွင်းယူထား နိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားထားကာ ၁၅ ဂိုး သွင်းယူထားပါတယ်။