CNI International News

ဘန်ကောက်၊ ဧပြီ ၁၀

ထိုင်းနိုင်ငံ၏ ချင်းမိုင် (Chaing Mai) မြို့သည် ဧပြီ ၉ ရက်တွင် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် နောက်တစ်ကြိမ် မှတ်တမ်းဝင်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

လေထုအတွင်း PM2.5 ပါဝင်မှုနှုန်း အလွန်မြင့်မားနေသဖြင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၁၀ ရက်အထိ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို နေအိမ်မှ အလုပ်လုပ်သည့် work from home စနစ်ဖြင့် အလုပ်လုပ်ကြရန်၊ ခရီးသွားများကိုလည်း အပြင်မထွက်ကြရန် တိုက်တွန်းခဲ့သည်။

ဒေသခံများနှင့် ခရီးသွားများ၏ ကျန်းမာရေးအတွက် ထိုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင်အုပ်ချုပ်ရေးမှူး နီရတ် ပွန်စစ်သီသာဗွန် (Nirat Pongsitthithavorn)က ပြောကြားခဲ့သည်။

ထို့နောက် တောမီးလောင်ကျွမ်းမှုများကြောင့် PM2.5 ပြဿနာနှင့်ပတ်သက်ပြီး အာဏာပိုင်များနှင့် ပြည်သူများ အကြား ဆက်သွယ်ရေး ကွာဟချက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

PM2.5 ဆိုသည်မှာ သွေးကြောမျှင်များထဲသို့ ဝင်ရောက်နိုင်လောက်အောင် သေးငယ်သည့် ညစ်ညမ်းပစ္စည်း အမှုန်အမွှားများဖြစ်ပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။

တောမီးလောင်ကျွမ်းမှုများနှင့် စိုက်ခင်းများ မီးရှို့မှုအား တားဆီးရန် လိုအပ်သည့် အစီအစဉ်များအားလုံးကို အရာရှိများက ကြိုးပမ်းနေသည်။

 လေထုညစ်ညမ်းနေတဲ့ ချင်းမိုင်မြို့ကို တွေ့ရစဉ်

ထိုအစီအစဉ်များထဲတွင် မီးရှို့သူများကို ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေး တိုင်ကြားသူများအား ဆုငွေများ ချီးမြင့်မည့် အစီအစဉ်လည်း ပါဝင်သည်ဟု နီရတ်က ပြောသည်။

သို့သော်လည်း စိုက်ခင်းများ မီးရှို့ရှင်းလင်းမှုများသည် လျော့ကျမသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် ဧပြီလ အစပိုင်းကတည်းက စိုက်ခင်းမီးရှို့ ရှင်းလင်းသည့် နေရာ ၅၀၀ ကျော်ကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံများတွင် စိုက်ခင်းများ မီးရှို့သော နေရာပေါင်း ၆၀၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း နီရတ်က ပြောကြားခဲ့သည်။

တောမီးလောင်မှုများနှင့် စိုက်ခင်းမီးရှို့မှုများမှ ထွက်ပေါ်လာသည့် မီးခိုးများ၏ အခြေအနေမှာ ဆိုးရွားလာသဖြင့် ဧပြီ ၄ ရက်ကတည်းက ချင်းမိုင်၏ ဖန်း (Fang)နှင့် ပရာအို (Prao) ဒေသများကို အများပြည်သူဆိုင်ရာ ဘေးအန္တရာယ်ဇုန်များအဖြစ် ကြေညာထားခဲ့သည်။

စားသောက်ဆိုင်များနှင့် အခြား ဖျော်ဖြေရေး နေရာများတွင်လည်း လာရောက်သည့် ဖောက်သည်များအတွက် လေအေးပေးစက်များ ဖွင့်ထားသော အခန်းများအတွင်း ဝန်ဆောင်မှုပေးရန် အာဏာပိုင်များက ညွှန်ကြားထား သည်။

Source: Thai PBS World