CNI News

၂၀၂၂ခုနှစ်၊ ဧပြီ ၂၁

ပုဂံ‌ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဘုရားနှစ်ဆူနှင့် ကျောက်ဆစ်လက်ရာတချို့ ပြီးခဲ့သည့် ရက်ပိုင်းက အခိုးခံ လိုက်ရ သဖြင့် ကျန်ဘုရားစေတီအငယ်များ၌ သံတံခါးများ တပ်ဆင်တော့မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

အခိုးခံလိုက်ရသည့် ဘုရားများမှာ ဘုရားအမှတ်(၄၁၈) နှင့် (၇၁၆) ဘုရားနှစ်ဆူအပြင် ထိုင်တော်မူ ရုပ်ပွားတော်ကြီးများ အောက်ရှိ ပလ္လင်ခုံတွင် ကျောက်ဖြင့် ထွင်းထားသည့် ရုပ်ထုများဖြစ်ပြီး လိုဏ်ဂူဘုရားများဖြစ်ကာ တောထဲ၌ တည်ထား သည့်အတွက် သံတံခါးများ တပ်ဆင်ထားမှုမရှိကြောင်း ရှေး/သု(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက “တော်ရုံတန်ရုံလည်း အဲဒီနေရာတွေဘက်က လူသူအရောက်ပေါက် ဘုရားဖူးတဲ့သူ သီးသန့်သွားပြီး ဖူးကျလေ့ရယ်လို့ မရှိဘူး။ လက်ရှိတော့ အကောင်းဆုံးဖြစ်အောင်လို့ ဦးစားပေးလုပ်နိုင်တဲ့ အနေအထား ကတော့ သံတံခါးတွေကို တပ်သွားမယ်။ အခု လောလောဆယ်မှာတော့ ကျနော်တို့ ဒီသံတံခါးတွေပေါ့နော်။ အဲဒီလို လုံခြုံမှု ရှိအောင် နောက်တစ်ခါ ထိန်းသိမ်းပြီးသားလေးလည်း ဖြစ်အောင်ဆိုပြီးတော့ တံခါးမရှိသေးတဲ့ လိုဏ်ဘုရားတွေဆိုရင် တံခါးတပ်ဆင်ဖို့အတွက် စတင်ပြီး စာရင်းပြုစုပြီးတော့မှ ဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။ နောက်တစ်ခုကလည်း အခုလို ချောင် ကျတဲ့ နေရာမှာရှိတဲ့ အလှမ်းဝေးတဲ့ နေရာမျိုးတွေမှာ အစောင့်အိမ်တွေနဲ့ ဘုရားစောင့်တွေကို ထားပေးဖို့အတွက်ကိုလည်း စီစဉ်နေပါတယ်” ဟု ပြောသည်။

ဘုရားစောင့်အတွက် နေအိမ်ထားရှိရန် နေရာ၊ သောက်သုံးရေးနှင့် လျှပ်စစ်မီး ရရှိရေးတို့အတွက် ကွင်းဆင်း လုပ်ဆောင်မည် ဖြစ်ပြီး CCTV များလည်း တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

အခိုးခံလိုက်ရသည့် ပုဂံဘုရား

CCTV တပ်ဆင်မည့်ကိစ္စမှာ ယခင်ကတည်းက ကြိုးစားထားခြင်းဖြစ်ပြီး အခြေအနေ တစ်ခုကြောင့် ကြန့်ကြာနေခြင်း ဖြစ် ကြောင်းနှင့် လက်ရှိတွင် ထိုဘုရားနှစ်ဆူနှင့် ကျောက်ဆစ်လက်ရာများ အခိုးခံလိုက်ရသည့်အတွက် ရှေးဟောင်းပစ္စည်း ပျောက်ဆုံးခြင်း၊ ခိုးယူခြင်း၊ ရှေးဟောင်း အဆောက်အအုံ ပျက်စီးအောင် ဆောင်ရွက်ခြင်းတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

ယခင်ကလည်း ပုဂံဒေသတွင် ဘုရားခိုးမှု၊ ဖောက်ထွင်းခံရမှုများရှိခဲ့ကာ တရားခံ ဖမ်းမိသည့် ကိစ္စရပ်များရှိသကဲ့သို့ တရားခံ ဖမ်းမမိသည်များလည်း ရှိကြောင်း သိရသည်။

ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက “ဒီလိုရှေးဟောင်း အဆောက်အအုံတွေကို ခိုးယူတာတို့၊ ဖျက်ဆီးတာတို့၊ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လုပ်ဖို့လည်း မကောင်းပါဘူး။ ကိုယ်ချစ်မြတ်နိုးရတဲ့ အမွေအနှစ်တွေ ဖြစ်ပြီးတော့မှ ဒီအမွေအနှစ်တွေကို မှ ကိုယ်ကျိုးရှာပြီး အမြတ်ထုတ်တာကတော့ မလုပ်ကောင်းတဲ့အရာ ဖြစ်ပါတယ်။ ဘုရားရဲ့ ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ ရှေးခေတ် ဘိုးဘွားတွေရဲ့ ပုဂံဘုရားရဲ့ ကျိန်စာတွေဘာတွေ သတ်မှတ် ထားတာဖြစ်တဲ့အတွက် ကျူးလွန်တဲ့သူတွေ အတွက် မှာလည်း အန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီဘုရားတွေရဲ့ အမွေအနှစ်တွေ၊ ကျနော်တို့ရဲ့ အမွေအနှစ်တွေကို ထပ်မံကျူးလွန်ခြင်း၊ ခိုးယူခြင်းတွေ မဆောင်ရွက်ဖို့အတွက်ကို ကျနော့် အနေနဲ့ကတော့ အတိအလင်း မေတ္တာရပ်ခံ အပ်ပါတယ်ဆိုတာပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဘုရားစေတီပုထိုးပေါင်း ၃၈၃၇ ဆူရှိကြောင်း ရှေး/သု(ပုဂံဌာနခွဲ)၏ စာရင်းအရ သိရသည်။