CNI News

၂၀၂၂ ခုနှစ်၊ မတ် ၁၁

မွန်ပြည်နယ်အတွင်း နှစ်စဉ် ကြုံတွေ့နေရသည့် အခက်အခဲကို နိုင်ငံတော်မှတဆင့် တိုးပွားလာသော လူဦးရေနှင့် လိုက်လျော ညီမျှမည့် ရေသိုလှောင်ရေးအတွက် အကြီးစားစီမံကိန်းများ လုပ်ဆောင်ပေးသင့်ကြောင်း မွန်ပြည်နယ် ဒေသခံများနှင့် တတ်သိ နားလည်သူများက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်ရှိ မြို့နယ်တချို့၌ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း၊ အလှူရှင်များက နှစ်စဉ် ရေသွားရောက် လှူဒါန်းသော်လည်း ထိုနည်းလမ်းသည် ရေရှည်အတွက် အထောက်အကူ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်ရှိ ရေ ရှားပါသည့် မြို့နယ်များမှာ ရေသိုလှောင်သည့် အကြီးစား စီမံကိန်းများ လုပ်ဆောင်ပေးသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မော်လမြိုင်မြို့ပေါ် ရေပေးဝေမှုအတွက်ကို အတ္ထရံ မြစ်ရေတင် စီမံကိန်းလိုမျိုးပေါ့၊ ကျနော်တို့ ပြီးခဲ့တဲ့ သက်တမ်းက တော့ စပြီးတော့ အစပြုခဲ့တာမျိုးတော့ ရှိတယ်။ အခု ဒီနှစ်ရောက်တော့ စီမံကိန်းက ပြီးပြီလား၊ စပြီးတော့ ရေပေးဝေနေပြီ လား ဆိုတာတော့ ကျနော်တို့ မသိရသေးဘူး။ အဲဒါမျိုးလေးတွေ လုပ်ပေးနိုင်ရင်ဆိုတော့ မြို့နယ်အလိုက်ပေါ့လေ လုပ်ပေး နိုင် ရင်တော့ ကောင်းတာပေါ့။ တစ်နည်းအားဖြင့် မြစ်ရေကနေပြီးတော့ ရေစစ်ကန်တွေနဲ့ အဆင့်ဆင့် ရေစစ်ပြီးတော့ ဖြန့်ဝေတဲ့ စနစ်ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် မိုးတွင်းကာလ ရေကို သိုလှောင်လို့ ရနိုင်တဲ့ သိုလှောင်တမံတွေ၊ သိုလှောင်ကန်တွေ အဲလိုမျိုး တွေကို လုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ အဲဒါမျိုးတွေ မြို့နယ်အလိုက် တကယ့် ရေရှားပါးတဲ့ ဒေသအလိုက်မှာ လုပ်ပေးနိုင်တယ်ဆို တော့ အကောင်းဆုံးပေါ့။ အဲဒါမှ ရေရှည်တိုးတက်လာတဲ့ လူဦးရေပမာဏနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရေပေးဝေမှုတွေ လုပ် လို့ အဆင်ပြေမှာပေါ့။ အခုလိုမျိုး လိုက်ပြီးတော့ ရေပေးဝေနေရတဲ့ လက်ပူတိုက်တဲ့ စနစ်တွေလည်း ပျောက်သွားနိုင်တာပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ရေရှားပါးမှုသည် နှစ်စဉ် မတ်လမှစတင်၍ မိုးမရွာခင် အချိန်အထိ ဖြစ်ပေါ်လေ့ရှိကြောင်း မွန်ပြည်နယ်ရှိ ဒေသခံများက ပြောသည်။

ရေရှားပါးမှု ဖြစ်ပေါ်ရခြင်းသည် တိုးပွားလာသော လူဦးရေနှင့် ညီမျှသည့် ရေသိုလှောင်ကန်များ မရှိခြင်းနှင့် တချို့မြို့နယ်များ တွင် ယခင်ရှိပြီးသား ရေသိုလှောင်ကန်များကို တိုးချဲ့မှု မရှိခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များတွင် ရေရှားပါးသည့် ဒေသများသို့ အလှူရှင်များ ရေသွားရောက် လှူဒါန်းမှုများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံ ရေး အခြေအနေနှင့် စီးပွားရေ အကျပ်အတည်းများကြောင့် အလှူရှင် လျော့နည်းမည်ကို စိုးရိမ်ကြောင်း ကျိုက်မရော ဒေသခံ မင်းထောနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျိုက်မရော မှာကျတော့ သောက်သုံးရေ စပြီးတော့ ရှားလာပြီပေါ့နော်။ သောက်သုံးရေ ဆိုလို့ရှိရင် တချို့ တတ်နိုင် တဲ့ မိသားစုဆိုလို့ရှိရင် သောက်ရေသန့်တို့၊ ဘာတို့ ဝယ်သောက်နေကြတာပေါ့နော်။ မတတ်နိုင်တဲ့ မိသားစုကျတော့ ချောင်းထဲ က ရေကိုပဲ၊ ရေတွင်းထဲက ရေကိုပဲ ချွေတာစွာနဲ့ သောက်သုံးနေရပါတယ်။ အဲလို အခြေအနေမျိုး ရှိတာပေါ့။ အရင်နှစ်ကထက် ပိုပြီး စိုးရိမ်မှု ရှိတယ်။ နိုင်ငံရေး အခြေအနေကြောင့်ရော ပြီးတော့ စီးပွားရေး အကျပ်အတည်း ကာလမှာကြောင့်ရော အလှူ ရှင်တွေ အရင်နှစ်ကထက် နည်းလာတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ အဲဒီ အလှူရှင်တွေ နည်းသွားပြီဆိုလို့ရှိရင် ရေရှားမှု ကာလမှာ ဆိုလို့ရှိရင် အကျပ်အတည်းတွေ အများကြီး ဖြစ်လာမယ်။ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကျနော်က စိုးရိမ်တာ ပေါ့နော်”ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်ရှိ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ် အပါအဝင် ၁၀ မြို့နယ်တွင် ရေရှားပါးမှု ကြုံတွေ့နေရကြောင်း၊ ကျေးရွာ အနည်းအများသာ ကွာခြား ကြောင်း ရေသွားရောက် လှူဒါန်းသူများထံမှ သိရသည်။

ဒေါက်တာ အောင်နိုင်ဦးက “အခုကတော့ စကြားတာကတော့ ကျိုက်မရောဘက်က စရှားတာပေါ့နော်။ နောက် ကျနော်တို့ ဘီလူးကျွန်း တချို့ရွာမှာလည်း စနေပြီ။ သို့သော်လည်းပဲ သူတို့ဟာနဲ့သူတို့ နည်းနည်း အဆင်ပြေနေသေးတော့ ကျနော်တို့က ကိုယ့်ဘက်က သွားပြီးတော့ ကူညီတာတော့ မလုပ်ရသေးဘူးပေါ့နော်။ ဒီမတ်လကုန်လောက် ဖြစ်ဖြစ်ပေါ့နော်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရေရှားပါသည့် ဒေသများသို့ ရေအလှူရှင်များက အိမ်ထောင်တစ်စုလျှင် တစ်ပတ်စာ အသုံးပြု၍ ရနိုင်သည့် ရေပမာဏကို လှူဒါန်းပေးကြောင်း၊ အဆိုပါရေ ကုန်ဆုံးတော့မည့် အချိန်တွင် ဆက်သွယ်ပါက ထပ်မံ လာရောက်လှူဒါန်းကြောင်း သိရသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်က မွန်ပြည်နယ်အတွင်း ရေရှားပါးမှုကို ဖြေရှင်းနိုင်ဖို့ မော်လမြိုင်မြို့ရှိ အတ္ထရံ မြစ်ရေမှ ရေကိုယူ၍ အဆင့်ဆင့် သန့်စင်ခြင်း၊ ပိုးသတ်ခြင်းများ ပြုလုပ်ပြီး ရေပေးဝေမှု စီမံကိန်းများ လုပ်ဆောင်ကြောင်း၊ လက်ရှိတွင် ထိုစီမံကိန်း ပြီးမြောက်ခြင်း ရှိ/မရှိနှင့် ဆက်လက် လုပ်ဆောင်ခြင်း ရှိ/မရှိ မသိရှိရသေးပေ။