CNI News
၂၀၂၆ ခုနှစ်၊ မေလ ၅

Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့သည့် အိမွန်လွင် အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့် ဆက်စပ်သည့် တာဝန်ရှိသူများအား အရေးယူရန် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းနေသည်ဟု သာသနာရေးဝန်ကြီးဌာနက CNI သတင်းဌာနသို့ ပြောသည်။

Miss Grand Myanmar Organization က စီစဉ် ကျင်းပသည် အလှမယ်ပြိုင်ပွဲတွင် တာချီလိတ်မြို့မှ အိမွန်လွင်က သီလရှင် ဝတ်စုံ ဝတ်ဆင်၍ ပြိုင်ပွဲဝင်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် MGM-05 Miss Grand Tachileik 2026 အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အိမွန်လွင်နှင့် ပွဲစီစဉ်သူများကို အရေးယူသွားရန် အများပြည်သူက တောင်းဆိုလာကြသလို လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

Miss Grand Myanmar Organization မှ National Director ဦးမရန်ဆိုင်းနော်ကို တွေ့ရစဉ်

သာသနာရေးဝန်ကြီးဌာနက “ Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ် အလှ မယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ ခဲ့မှုအပေါ် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်းပရေးနှင့် ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ် သလို စိစစ်ဖော်ထုတ် အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ညှိနှိုင်း မေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း”ပြောသည်။

ထိုဖြစ်စဉ်သည် သာသနာအား ညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅/ ၂၉၅(က)ဖြင့် ငြိစွန်းနိုင်ကြောင်း၊ ထိုပုဒ်မသည် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂)နှစ် ချမှတ်နိုင်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထို အပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်ဟု ဆိုထားသည်။