CNI Internatioanl News

ကိယက်ဗ်၊ မတ်လ ၁

ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ရှိ အရပ်သားပစ်မှတ်များကို ရုရှားက မတ်လ ၁ ရက်တွင် ထပ်မံပစ်ခတ်ခဲ့ပြီး မိုင် ၄၀ အကွာ အဝေးအထိ တင့်ကားနှင့်စစ်ယာဉ်တန်းများ ဖြတ်သန်းမောင်းနှင်လျက် ကိယက်ဗ်မြို့တော်ကို ခြိမ်းခြောက်ခဲ့ကြောင်း အေပီ သတင်းအရ သိရသည်။

ကရင်မလင်၏ နည်းဗျူဟာများသည် ဥရောပမျိုးဆက်များအတွင်း အကြီးမားဆုံးမြေပြင်စစ်ပွဲ ခင်းကျင်းခြင်းအားဖြင့် ရုရှားအလိုကျ လိုက်လျောပေးရန် ရည်ရွယ်ထားကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်။

ခါကိဗ်မြို့ တိုက်ခိုက်ခံရမှု မြင်ကွင်း(AP)

ရူဘယ်ငွေကြေး အကြီးအကျယ် ထိုးနှက်ခံနေရသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကြောင့် ပိုမိုအထီးကျန်ဆန်လာ သော ကရင်မလင်သည် ယူကရိန်း၏ အကြီးဆုံးမြို့နှစ်မြို့ကို ချီတက်ရန် ကြိုးပမ်းလျက်ရှိနေသည်။

လူဦးရေ ၁ ဒသမ ၅ သန်းရှိပြီး ယူကရိန်းအရှေ့ဘက်ရှိ မဟာဗျူဟာကျသော ခါကိဗ်မြို့မြင်ကွင်းကို ရိုက်ကူးထားသော ဗွီဒီယိုဖိုင်များ၌ ယခင်ဆိုဗီယက်ခေတ် အုပ်ချုပ်ရေး အဆောက်အအုံဟောင်းများနှင့် လူနေရပ်ကွက်များ လက်နက်ကြီး ထိမှန်ပေါက်ကွဲထားမှုများကို တွေ့မြင်ရသည်။

နိုင်ငံတစ်ဝန်းရှိ အရပ်သားအများအပြားသည် လုံခြုံစိတ်ချရသော အမိုးအကာများအောက်နှင့် မြေအောက်ခန်းများ၊ ခိုင်ခံသည့် စင်္ကြန်များ၌ ဖေဖော်ဝါရီ ၂၈ ရက် ညလုံးပေါက် ခိုလှုံနေခဲ့ရသည်။

ခါကိဗ်မြို့ တိုက်ခိုက်ခံရမှု မြင်ကွင်း(AP)

၂၁ ရာစု ကမ္ဘာ့အစီအစဉ်ကို ယိမ်းယိုင်စေခဲ့သည့် ရုရှားကျူးကျော်မှု ၆ ရက်မြောက်နေ့တွင် ယူကရိန်း၌ အသေအပျောက် အရေအတွက် တိုးလာခဲ့သည်။

ယူကရိန်းနှင့်ရုရှားတို့ ပထမဆုံး ၅ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း စစ်ပွဲအဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖြေရှာနိုင်ရန် မျှော်လင့်ချက်များ ဝိုးတဝါး ဖျော့တော့သွားခဲ့သည်။ သို့သော် နှစ်ဘက်စလုံးက လာမည့် ရက်ပိုင်း အတွင်း ထပ်မံတွေ့ဆုံကြရန် လက်ခံခဲ့ကြလင့်ကစား တိုက်ပွဲများအရှိန်မှာ တက်နေဆဲဖြစ်သည်။

Source: AP