CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရုရှားလေကြောင်းလိုင်း Aeroflot နဲ့ ပေါင်သန်း(၄၀)တန်ကြေးရှိတဲ့ စပွန်ဆာစာချုပ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂၀၁၃)ထဲက Aeroflot လေကြောင်းလိုင်းနဲ့ လက်တွဲခဲ့တာဖြစ်ပြီး အဆိုပါ ကုမ္မဏီက လေယာဉ်နဲ့ပဲ ဥရောပပွဲတွေကို ပုံမှန်သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရုရှား သမ္မတ ပူတင်က ယူကရိန်းကို ကျုးကျော်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အချက်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အဆိုပါကုမ္ပဏီနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့တာပါ။

အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ယူကရိန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအရ Aeroflot ရဲ့ စပွန်ဆာ အခွင့်အရေးတွေကို ကျနော်တို့ ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာတစ်ဝှမ်းရှိတဲ့ ကျနော်တို့ ပရိသတ်တွေရဲ့စိုးရိမ်ပူပန်မှုတွေကို မျှဝေပြီး ထိခိုက်ခံစားရသူတွေအတွက် စာနာမှုပေးပါတယ်”လို့ ပြောခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အသလက်တီကို အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာတော့ Titan Airways ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ရုရှား က ယူကရိန်းကို ကျုးကျော်ဝင်ရောက်ပြီးနောက် ဗြိတိန်အစိုးရက ပိတ်ဆို့မှု အစိတ်အပိုင်းအနေဖြင့် Aeroflot လေကြောင်းလိုင်းနဲ့ ဗြိတိန်ကို လာမယ့်ခရီးစဉ်တွေကို ပိတ်ပင်ခဲ့တာပါ။ ယူအီးအက်ဖ်အေကလည်း အခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်မှာ မကျင်းပတော့ဘဲ ပြင်သစ်နိုင်ငံ ပဲရစ်မှာ ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ ဥက္ကဌ ဆက်ဖာရင် က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြောင်းလဲကျင်းပမယ့် အစီ အစဉ်နဲ့ပတ်သက်ပြီး ပြင်သစ်သမ္မတ မက်ခရွန်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေ က ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရုရှားကိုထုတ်ပယ်ဖို့နဲ့ ဥရောပပြိုင်ပွဲတွေကနေ ရုရှားကလပ်တွေ ဝင်ရောက်ယှဉ်ပြိုင်တာကို ပိတ်ပင်နိုင်တဲ့ အခွင့်အရေးတွေရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Source:Metro