CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ဒိုင်နမိုမော်စကို အသင်းမှာ ကစားနေတဲ့ ဆမိုလော့ဗ် ကတော့ သူ့ရဲ့မိခင်နိုင်ငံ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတာကို အလိုမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒါဟာ ရုရှား ဘောလုံးသမားတွေထဲမှာ ပထမဆုံးပြောတဲ့သူလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ဒီနေ့မှာပဲ ယူကရိန်းနိုင်ငံကို စစ်ဆင်ရေးလုပ်ရန် အမိန့်ပေး စေခိုင်းခဲ့တာဖြစ်ပါတယ်။ အသက်(၃၂)နှစ် အရွယ်ရှိ ဆမိုလော့ဗ်ဟာ သူ့ရဲ့အင်စတာဂရမ်မှာ စစ်ပွဲအလိုမရှိဘူးဆိုပြီး ယူကရိန်းအလံနဲ့ ကြေကွဲနေတဲ့ အီမိုဂျီကိုရေးပြီး အမည်းရောင်ပုံနဲ့ တင်ခဲ့တာပါ။

ပုံ-ယူကရိန်းပြည်သူကိုတွေ့ရစဉ်(GETTY IMAGES)

ရုရှားတင်းနစ် အကျော်အမော် ရူဘလက်ဗ်ကလည်း ဆမိုလော့ဗ် တင်ထားတဲ့ ပို့စ်ကို သူ့အကောင့်မှာ ပြန်လည် မျှဝေခဲ့ ပါတယ်။ ဆမိုလော့ဗ်ဟာ ရုရှားလက်ရွေးစင် အသင်းအတွက် (၄၅)ပွဲ ပါဝင်ကစားပြီး (၁၆)ဂိုး သွင်းထားသူလည်း ဖြစ်ပါတယ်။

ဆမိုလော့ဗ် မတိုင်ခင် ဘောလုံးသမားတွေဖြစ်တဲ့ ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုနဲ့ ဂန္တဝင်ကစားသမားကြီး ရှက်ဗ်ချန်ကို တို့ကလည်း ဒီစစ်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ သူတို့နိုင်ငံ(ယူကရိန်း)နဲ့အတူ တစ်သားတည်းရှိကြောင်း ရပ်တည်ချက်တွေကို ဖော်ပြခဲ့ကြပါတယ်။

Source: SPORT bible