CNI Article News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၄

ယူကရိန်းနိုင်ငံထဲကို ရုရှားစစ်တပ် ကျူးကျော်ဝင်ရောက်လာချိန် လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန် ဂျောင်ဂျန်း (Zhang Jun)က “အခုအခြေအနေဟာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်တယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

“လက်ရှိမှာ သက်ဆိုင်သူအားလုံးကို ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးမှု တင်းမာမှု ထပ်တိုးလာနေတာကို ရှောင်ရှားသင့်ပါတယ်။ ယူကရိန်းပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ တံခါးလုံးဝ မပိတ်သင့်ဘူးလို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။

ယူကရိန်း ခွဲထွက်နယ်မြေများ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း မော်စကို(ရုရှား) ကြေညာပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေပိုင်းကျင်းပသည့် လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် တရုတ်၏ ရပ်တည်ချက်မှာ သီးသန့် ထင် ဟပ်နေခဲ့သည်။

ကမ္ဘာတဝန်းမှ ကုလသမဂ္ဂသံတမန်များက ရုရှား၏လုပ်ရပ်ကို ရှုတ်ချနေခဲ့ကြသော်လည်း တရုတ်သံတမန်ကတော့ တွေ့ဆုံ ဆွေးနွေးရေး တိုက်တွန်းနေခဲ့သည်။ ထို့ပြင် တရုတ်သံတမန်၏ သဘောထား မှတ်ချက်အတွင်း ရုရှား၏ လုပ်ရပ်များကို တိုက်ရိုက် ဖော်ပြထားခြင်း မရှိပေ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကိုတွေ့ရစဉ်(AP)

အစောပိုင်းရက်များ၌ မြူးနစ်မြို့၊ လုံခြုံရေးညီလာခံတွင် စစ်ရေးအရှိန်မြှင့်ခြင်းဖြင့် အထိတ်တလန့် မဖြစ်ပေါ်စေရေးအတွက် ပါဝင်ပတ်သက်သူ အားလုံးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းခဲ့သည်။

တရုတ်သည် ယခု ကမ္ဘာ့အရေးကိစ္စတွင် ကြိုးတန်းပေါ် လမ်းလျှောက်ရသလို သံတမန်ရေးအရ အတိမ်းအစောင်းမခံဘဲ သတိ ကြီးကြီးထားနေကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းပိုင်နက်ကို ရုရှားသိမ်းယူခြင်းအပေါ် များစွာထောက်ခံ လိမ့်မည်မဟုတ်ကြောင်း တရုတ်က ယခင်ကတည်းက အရိပ် အမြွက်ပြသခဲ့ပြီး ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှု ကို လေးစားပြီး ကာကွယ်သင့်သည်ဟု ယုံကြည်ကြောင်း၊ ထိုသို့ယုံကြည်မှုတွင် ယူကရိန်းကိုလည်း ချန်လှပ်မထားပါကြောင်း မြူနစ်လုံခြုံရေးညီလာခံ၌ ဝမ်ယိက အလေးပေး ပြောကြားခဲ့သည်။

အလားတူပင် ဖေဖော်ဝါရီ ၂၃ ရက် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်သည် မီးလောင်ရာ လေ့ပင့်ခြင်း ဖြစ်ကြောင်း၊ ဝါရှင်တန်၏ တုံ့ပြန်မှုသည် တာဝန်မဲ့လွန်းကြောင်း တရုတ်က ဝေဖန်အပြစ်တင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ဝမ်ယိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဘေဂျင်းသည် အစိတ်အပိုင်းအားလုံးကို ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံး စေလိုကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် မတူကွဲပြားမှုများကို ဖြေရှင်းစေလိုကြောင်း ထပ်မံတောင်းဆိုခဲ့သည်။

“တရုတ်က ချင့်ချင့်ချိန်ချိန် တုံ့ပြန်တာဟာ အမေရိကန်နဲ့ ရုရှားဆက်ဆံရေးမှာ ဘေဂျင်းရဲ့ ဟန်ချက်ညီမှုကို ပြသနေပါတယ်” ဟု ထိုင်ဝမ်ရှိ ဒေါင်ဟွာအမျိုးသားတက္ကသိုလ်မှ တွဲဖက်အတွင်းရေးမှူး ဇူဇာအန်နာဖရန်ဇီက မှတ်ချက်ချခဲ့သည်။

ယူကရိန်းတပ်သားကိုတွေ့ရစဉ်(AP)

“ပဋိပက္ခတစ်ခု ပေါ်ပေါက်လာတာဟာ သူ့အကျိုးစီးပွား မဟုတ်ဘူးလို့ ဘေဂျင်းက သတိပြုမိပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တချို့ကို ရင်ဆိုင်ဖို့ ဘေဂျင်းကို မော်စကိုက တွန်းအားပေးနေပါတယ်။ ဘေဂျင်းရဲ့ ဟန်ချက်ညီတဲ့ ခြေလှမ်းကတော့ သူ့ အကျိုးစီးပွား ကာကွယ်ဖို့ပါပဲ”ဟု ဇူဇာအန်နာဖရန်ဇီက DW သတင်းဌာနသို့ သုံးသပ်ပြခဲ့သည်။

ယခုလအစောပိုင်း ဘေဂျင်းတွင် ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပူတင်တို့ တွေ့ဆုံခဲ့စဉ် နေတိုး၏ ချဲ့ထွင်မှုအတွက် ရုရှားရပ်တည်ချက်ကို တရုတ်က ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းတို့ ပူးတွဲကြေညာချက်တွင် ရုရှားနှင့်တရုတ်တို့က မြောက်အတ္တန္တိတ် စစ်စာချုပ် အဖွဲ့အပေါ် စစ်အေးတိုက်ပွဲ ဝါဒရေးရာ ချဉ်းကပ်မှုများနှင့် အခြားနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ ကွဲပြားနေမှုများကို လေးစားရန် တိုက်တွန်း တောင်းဆို ခဲ့ကြသည်။

အနောက်တိုင်း ဒီမိုကရေစီ၏ ကမ္ဘာလုံးဆိုင်ရာပုံစံ ပျက်ပြားစေဖို့ တရုတ်သည် ရုရှားနှင့် လက်တွဲလိုသော်လည်း ယခု ယူကရိန်း ကျူးကျော်မှုအတွက် မော်စကိုအပေါ် ဘေဂျင်း၏လိုလားချက် ဝေးကွာသွား နိုင်စရာလည်း ရှိနေသည်။

တရုတ်သည် ရုရှားနှင့် ပထဝီနိုင်ငံရေး ထိပ်တန်း မဟာမိတ်ဖြစ်နေ၍ ယူကရိန်းအတွင်းသို့ နောက်ထပ် ကျူးကျော်မှုများမှာ လည်း ဘေဂျင်း၏ တုံ့ပြန်မှုများ ပို၍ဖိအားများလာမည်ဖြစ်သည်။

ယူကရိန်းပြည်သူများကိုတွေ့ရစဉ်(AP)

“ယူကရိန်း ခွဲထွက်ဒေသတွေရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုဖို့ ရုရှားဆုံးဖြတ်ချက်ဟာ မင့်ခ်လုပ်ငန်းစဉ်ကနေ အတိ အလင်း လွဲချော်ခဲ့ပြီမို့ ပူတင်လုပ်ရပ်ကို အရင်က ထောက်ခံခဲ့တဲ့ တရုတ်အတွက် အံ့အားသင့်စရာ ကောင်းနေပါတယ်” ဟု မော်စကိုမြို့ရှိ ရုရှားနိုင်ငံတကာရေးရာကောင်စီမှ ကျွမ်းကျင်ပညာရှင် ဒါနီးလ်ဘို့ချ်ချော့ဗ်က DW သို့ ပြောကြားခဲ့သည်။

အခြားတစ်ဘက်တွင်လည်း ရှီကျင့်ဖျင် လက်ထက် တရုတ်သည် ထိုင်ဝမ်ကို ပြည်မကြီးနှင့် ပြန်လည် ပေါင်းစည်းပေးမည်ဟု ကြိမ်ဖန်များစွာ အခိုင်အမာ ပြောဆိုနေခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ထိုင်ဝမ်ကို ဖောက်ပြန်သော ပြည်နယ်တစ်ခုအဖြစ် ဘေဂျင်းက မှတ်ယူထားသည်။

ထိုင်ဝမ်နှင့် ယူကရိန်းအရေးသည် ထပ်တူမကျသော်လည်း တရုတ်သည် ယူကရိန်း၌ မော်စကို စစ်ရေးတိုးမြှင့်မှုနှင့် ပတ်သက် ၍ အနောက်အုပ်စု၏ တုံ့ပြန်မှုကို ကောင်းစွာသိမြင်ပြီဖြစ်၍ ထိုင်ဝမ်နှင့်အစီအစဉ်လည်း အဆစ်ပါနိုင်ကြောင်း ကျွမ်းကျင် သူများက ကောက်ချက်ချကြသည်။
“ဘေဂျင်းဟာ အနောက်အုပ်စုရဲ့ တုံ့ပြန်ပုံနဲ့ နေတိုးမဟာမိတ်တွေ ဆောင်ရွက်ပုံတွေကို အခုကတည်းက စံနမူနာအနေနဲ့ လေ့လာမှတ်သားဖို့ အခွင့်အရေးပါပဲ” ဟု ဒါနီးလ်ဘို့ချ်ချော့ဗ်က ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်း-ရုရှား အကျပ်အတည်းမှနေ၍ အနောက်အုပ်စု နိုင်ငံများ၏ စည်းလုံးမှု အစမ်းသပ်ခံပုံကို တရုတ်က စောင့်ကြည့်နေ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြသည်။

“ယူကရိန်းဟာ အနောက်အုပ်စုရဲ့ ပြတ်ရွေ့ကြောတွေကို ဖော်ထုတ်တဲ့ စမ်းသပ်မှု တစ်ခုဖြစ်မလား၊ အနောက်အုပ်စု စည်းလုံး ညီညွတ်မှုဟာ နောက်ဆက်တွဲအနေနဲ့ ကျဆင်းသွားမလားဆိုတာကို တရုတ်က အနီးကပ် စောင့်ကြည့်နေမှာပဲ ဖြစ်ပါတယ်” ဟု ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ ကတိကတစ်ဦးဖြစ်သူ ဝမ်တီဆွန်က မှတ်ချက်ချခဲ့သည်။

Source: DW