- By CNI News
- Category: နိုင်ငံရေး
- Hits: 1633
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းကြောင့် KNU လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲရှောင် ၃ သိန်းကျော် အထိရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မတော်(၁)၊ တောင်ငူခရိုင် တပ်မတော် (၂)၊ ညောင် လေးပင်ခရိုင် တပ်မတော်(၃)၊ ဘိတ်-ထာဝယ်ခရိုင် တပ်မတော်(၄)၊ မူတြော်ခရိုင် တပ်မတော်(၅)၊ ဒူးပလာယာ ခရိုင် တပ်မတော်(၆) နယ်မြေများအတွင်းမှာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပေါ်နေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်ခဲ့သည်။
ထို့နောက် သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူခရိုင်တွင် ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ ဘိတ်-ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊ မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်း ၃၅၆၆၇၄ ဦးအထိ ရှိလာကြောင်း KNU က ပြောသည်။
KNU က “ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် နေရာထိုင်ခင်း၊ စားဝတ်နေ ရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို KNU ၊ KNLA၊ KNDO တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍများ အလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်”ဟု ပြောသည်။
KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲရှောင်နေကြသူများ စာရင်း (KNU-fb)
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လေ့လာနေသူ တစ်ဦးကတော့ KNU သည် နွေဦးတော်လှန်ရေး ကနေ ပေါက်ဖွားလာသော လူငယ်များကို စောင့်ရှောက်ရင် စစ်ပွဲအတွင်းသို့ ပါဝင်လာခဲ့ခြင်းကြောင့် KNU ထိန်း ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲရှောင်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်များလာသည့်နှင့်အမျှ KNU အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း ပြောသည်။
KNU က “လက်ရှိအခြေအနေအတွင်း ကရင်အမျိုးသားအစည်းအရုံးနှင့် လက်အောက်ခံ တပ်ဖွဲများ ဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများကို နေ့စဉ် ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျ စာရိတ်များနှင့် စစ်ရေး လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့်အပြင် စစ်ဘေးရှောင် ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည် စီစဉ်ဆောင်ရွက် နေရပါသည်”ဟု ပြောသည်။
ထို့နောက် KNU သည် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေပြီး ကရင်တစ်မျိုးသားလုံး လွတ်လပ်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် နိုင်ငံရေးတိုက်ပွဲ စစ်ရေးတိုက်ပွဲများကို ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည့် အချိန်မှစ၍ ယနေ့ထိတိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့ သည်။
KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU-fb)
အလားတူ KNU လက်အောက်ခံ KNLA၊ KNDO တို့မှာ ကရင်တစ်မျိုးသားလုံး၏ လုံခြုံရေးကို ကာကွယ် စောင့် ရှောက်ပြီး ကရင်တစ်မျိုးသားလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်လျက်ရှိကြောင်း KNU က ပြောသည်။
လက်ရှိတွင် KNU သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နွေဦးတော်လှန်ရေး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပူးတွဲ၍ မြန်မာ့တပ်မတော်ကို တိုက် ခိုက်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1203
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆
လက်ရှိမှာ တိုင်းပြည်အနေဖြင့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေပြီဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သို့ ပြောသည်။
တပ်မတော်၏ အာဏာရယူမှုမှာ ၎င်းတို့ ရေးဆွဲထားသည့် ဥပဒေနှင့် မညီကြောင်း၊ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်စွမ်း မရှိကြောင်း၊ တိုင်းပြည်မှာ အဖက်ဖက်က ဆုတ်ယုတ်သွားကြောင်း ၎င်းက ပြောသည်။
ဦးမျိုးကျော် “နဂို အစိုးရဖြစ်ရမယ့်လူတွေက အတိုက်အခံဖက် ဖြစ်သွားတာပေါ့ဗျာ။ ရောက်သွားတယ်။ သူတို့က လည်း ပြန်ပြီးတော့ သူတို့ရဲ့ တရားဝင်မှုကိုလည်း မပြနိုင်ဘူး။ တရားဝင်မှုလည်း မရဘူး။ သူတို့လည်း ကိုယ့် အာဏာကို ကိုယ့်ပြည်သူရဲ့ ပေးထားတဲ Mandate အရ သူတို့အာဏာကို သူတို့ပြန်ယူဖို့အတွက် ရနိုင်အောင် မစွမ်း ဆောင်နိုင်ဘူးပေါ့ဗျာ။ အခက်အခဲတွေတော့ အဲဒီလိုဟာမျိုးတွေ ဖြစ်နေတယ်၊ ဒါတော့ အခက်အခဲပါ။ အဲဒါတွေကို ပြန်ပြီးပြင်ရမယ်ဆိုရင် အာဏာသိမ်းတဲ့သူကလည်း အာဏာလိုလို့ သူ့ပုဂ္ဂလိက အာဏာလိုအပ်လို့ သိမ်းတာဖြစ်တဲ့ အတွက် လျှော့မှာမဟုတ်ဘူး။ ပြင်ရမယ်ဆိုရင်ဗျာ ဒီဟာအမှားတွေကို ပြင်ရမှာကိုး အမှားတွေ ပြင်ရမှာဆို သူတို့ က အမှားပြင်မယ့်သူတွေ မဟုတ်ဘူးဆိုတဲ့ အခါတော့ ဒီနိုင်ငံတော့ တဖြည်းဖြည်းနဲ့ ပို၍ပို၍ နေပြီးတော့ ပြည်သူ တစ်ရပ်လုံးရော၊ နိုင်ငံအနေနဲ့ရော အလုံးစုံံ ပျက်သုဉ်း ရေးဖက်ကို သွားနေတယ်လို့ မြင်တာပေါ့လေ။ ပြင်မယ်ဆို ရင်တော့ အဲဒါတွေကို ပြောင်းပြန်လှန်ရမှာပေါ့” ဟု CNI သို့ ပြောသည်။

၂၀၂၁ ခုနှစ် ဆန့်ကျင် ဆန့်ကျင် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ကိုတွေ့ရစဉ် (ဖရွန်းတီယားမြန်မာ)
ထို့နောက် မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာမှ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများ အားလုံးပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရန် လုပ်ဆောင်နိုင်ပါက လက်ရှိ အခင်းအကျင်းမှာ ပုံစံပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေကို ဖြတ်သန်းနေရကြောင်း အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။

၂၀၂၁ ခုနှစ် ဆန့်ကျင် ဆန့်ကျင် ဆန္ဒပြမှုများဖြစ်ပွားစဉ် (ဖရွန်းတီယားမြန်မာ)
၎င်းက “တောရော၊ မြို့ပါမကျန် ကျနော်တို့ရဲ့ နိုင်ငံရဲ့ ကဏ္ဍစုံပေါ့လေ၊ စီးပွားရေးဘက်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ဘက်မှာပဲ ဖြစ်ဖြစ်၊ တော်တော်လေးကို ကျနော်တို့က စိုးရိမ်စရာကောင်းတဲ့ အခြေအနေကိုတော့ ကျနော်တို့ ဖြတ်သန်းနေရတာ ဖြစ်တာပေါ့။ ဒီစီးပွားရေး ကျဆင်းမှုတွေ၊ ကျပ်တည်းမှုတွေ ကလည်းပဲ ကျနော်တို့ ပြည်သူ လူထုတွေရဲ့ တိုက်ရိုက်ခံစားရတဲ့ အကျိုးဆက်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လည်း ဒီဥစ္စာတွေ အပေါ်မှာလည်း ကျနော်တို့ PPST အနေနဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒီလိုမျိုး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ခုနက ကျနော်တို့ ပြောနေတဲ့ အခက်အခဲ အကျပ်အတည်း ပြဿနာကို ဖြေလျှော့နိုင်မယ့် ပပျောက်စေနိုင်မယ့်၊ ကျော် လွှားစေနိုင်မယ့် နည်းလမ်းတွေကို ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာသွားနိုင်ဖို့ကိုလည်းပဲ ကျနော်တို့အနေနဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေ ရှိတယ်ဆိုတာကိုတော့ စဉ်းစားချက်တွေရှိတယ်။ သို့သော်လည်းပဲ လက်ရှိ အခင်း အကျင်း အရတော့ ကျနော်တို့က လုပ်ငန်း အကောင်အထည်ဖော်နိုင်တဲ့ အထိတော့ ကျနော်တို့ ကျယ်ကျယ်ပြန့် ပြန့် မလုပ်ဆောင်နိုင်သေးပါဘူး” ဟု ပြောသည်။
လက်ရှိ ပြည်သူလူထု တွေ့ကြုံခံစားနေရသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများ ပိုမိုကျယ်ပြန့် မလာစေ ရေးအတွက် ပဋိပက္ခ ဖြစ်ပွားနေသည့် အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာသင့်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ ပိုမိုကြီးမားလာပြီး လက်ရှိ တိုင်းပြည်မှာ နိုင်ငံရေး၊ စီးပွားရေး စသည့် အကျပ်အတည်းများနှင့် ရင်ဆိုင် နေရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1178
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်းဟိုင်ကျေးရွာရှိ အာဇာနည် ဗိမာန်မှာ ယနေ့ (သြဂုတ် ၁၆ ရက်)တွင် ကျင်းပခဲ့သည်။
SSA ကို ၁၉၆၄ တွင် ထူထောင်သော်လည်း ၎င်းရဲ့ နိုင်ငံရေးပါတီဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ ခုနစ်တွင် တည်ထောင်ခြင်း ဖြစ်သည်။ SSPP ပထမဆုံး ဥက္ကဋ္ဌမှာ ပလောင်လူမျိုး စဝ်ဆေလိန်းဖြစ်သည်။
SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်
လက်ရှိတွင် SSPP/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်(Bilateral) လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
အလားတူ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1649
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)သည် ရဲစခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူး အပါအဝင် ၁၂ ဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ကရင်အမျိုး သား အစည်းအရုံး(KNU)က ယနေ့ (သြဂုတ် ၁၅ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးမှာ တရားဥပဒေ အရာရှိတစ်ဦးနှင့် ရုံးလုပ်သားတစ်ဦး ဖြစ်ကြောင်းလည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးသွား(CJ)
ထို့နောက် လက်နက် ၆ လက်ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကော့ကရိတ်မြို့ပေါ် တိုက်ပွဲအတွင်း ပြန် လည် ဆုတ်ခွာလာခဲ့သည့် KNLA တပ်ဖွဲ့ကို မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။
KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ကရင်လက်နက် ကိုင် အဖွဲ့ဖြစ်သည်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို စစ်သင်တန်းများပေးကာ ပူးတွဲ၍ တိုက်ပွဲ ဝင် လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2097
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၄
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စီမံအုပ်ချုပ်နယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ သီးခြား ဖွဲ့စည်းတည်ဆောက်ခြင်းကို ခွင့်မပြုကြောင်း KNU က ထုတ်ပြန်ခဲ့သည်။
KNU ၏ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့်မပြုကြောင်း၊ မည်သည့် အဖွဲ့ အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာဝိဝါဒ ကွဲပြားစရာများ ဖြစ်ပေါ်စေခြင်း၊ နားလည်မှု ကွဲလွဲမှု ဖြစ်ပေါ် စေခြင်းနှင့် ပြည်သူလူထု၏ လုံခြုံမှုကို ထိခိုက်စေခြင်း၊ အခွင့်အရေး ဆုံးရှုံးစေခြင်း စသည့် လုပ်ရပ်များ စည်းရုံး ဖွဲ့စည်းခြင်းများကို ခွင့်မပြုကြောင်း KNU တပ်မဟာ (၁) သထုံခရိုင်မှ ထုတ်ပြန်ခဲ့သည်။
အလားတူ KNU တပ်မဟာ (၃) ကျောက်ကြီးမြို့နယ်၊ ထိုးဝါးစိုက်အုပ်စု၊ ရွာကန့်လန့်ကျေးရွာတွင် PDF မှ ဆေးခန်း ဖွင့်လှစ်ခြင်း၊ ဆေးကုသခြင်းနှင့် ကျေးရွာအတွင်း လူငယ်များမှ သင်တန်း လာရောက်တက်ခြင်း စသည့် အကြောင်းအရာများ သတင်းထွက်ပေါ် လာခြင်းမှာ မှန်ကန်မှုမရှိကြောင်း KNU မှ ထုတ်ပြန်ခဲ့သည်။
ကျောက်ကြီးအုပ်ချုပ်နယ်မြေအတွင်း အဖွဲ့အစည်းတစ်ခုခုမှ မည်သည့် လုပ်ငန်းမဆို လုပ်ကိုင်ဆောင်ရွက်လိုပါက သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းသို့ ခွင့်ပြုချက်ရယူပြီး သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

KNU ၏ ထုတ်ပြန်ချက် (KNU-fb)
အဆိုပါ ပဋိပက္ခများ ကြီးထွားမလာစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှတဆင့် ညှိနှိုင်းဖြေရှင်းသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်
ဦးသန်းစိုးနိုင်က “ကျနော်ကတော့ အခိုင်အမာအားဖြင့် အဲဒီဖက်က အခြေအနေတော့ အသေးစိတ် မသိသေးတဲ့ အခါကြတော့ ကျနော်ပြောရဆိုရတာ ခက်ပါတယ်။ ဒါပေမဲ့ PDF နဲ့ EAO ဆိုတာက ကျနော်တို့ နွေဦးတော်လှန် ရေးရဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အစိတ်အပိုင်းတွေပါ အဲဒီလို အဖွဲ့အစည်း အချင်းချင်းဖြစ်တဲ့ သဘောထား မတူ ဘူး၊ ပဋိပက္ခ ဖြစ်တယ်ဆိုတာ မကောင်းပါဘူး။ ဒါပေမဲ့ ဖြေရှင်းရမယ့် နည်းလမ်းကတော့ NUG ကနေတဆင့် ညှိနှိုင်း ဖြေရှင်းစေချင်တယ်၊ စစ်ရေးပဋိပက္ခတွေ မဖြစ်အောင် ထိန်းသိမ်းစေချင်တယ်၊ အဲဒီလောက်ပဲ ကျနော့် အနေနဲ့ ယေဘုယျ ပြောနိုင်တဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

KNPP ၏ ထုတ်ပြန်ချက်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် PDF များမှ နွေဦးတော်လှန်ရေးအတွက် ပူးပေါင်းရမည့် အဖွဲ့စည်း များဖြစ်ကြောင်း၊ လက်ရှိ ကာလအရ ညီညွတ်ရေးမှာ အရေးကြီးကြောင်း ၎င်းက ပြောသည်။
ကယားပြည်နယ်အတွင်းမှာ NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းကြောင့် ကယားပြည်နယ်အတွင်း လှုပ်ရှားနေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ကန့်ကွက်မှုများ ၂၀၂၂ ခုနှစ်၊ ဧပြီလက ဖြစ်ပွားခဲ့သေးသည်။
လက်ရှိ နွေဦးတော်လှန်ရေးတွင် KNU ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF တို့၏ ပူးပေါင်းတပ်နှင့် တပ်မတော်တို့အကြားလည်းကောင်း၊ KNPP ၏ စစ်ရေး လက်အောက်ခံ ကရင်နီတပ်မတော်(KA)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ ပူးပေါင်းတပ်နှင့် တပ်မတော်ကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2031
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဘာသာပြန်သူ ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း ယနေ့ (သြဂုတ် ၁၅ ရက်)တွင် ကွယ်လွန်သွားကြောင်း RCSS ဘက်က အတည်ပြုပြောကြားသည်။

ကွယ်လွန်သွားသည့် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းကိုတွေ့ရစဉ် (Tai Freedom)
ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းသည် RCSS ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယူခဲ့သလို ဗိုလ်ချုပ်ကြီးယွက်စစ်၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များတွင် လိုက်ပါ၍ ဘာသာပြန်ပေးခြင်း တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အဆိုပါ ပုဂ္ဂိုလ်သည် ယနေ့ (သြဂုတ် ၁၅ ရက်) နံနက် ၃ နာရီက ချင်းမိုင်ခရိုင်၊ မယ်ရိမ်းမြို့နယ် နခွန်းဖင်း ဆေးရုံမှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1817
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅
ထိုင်းဘုရင်နှင့် ၎င်းမယ်တော်ကြီးတို့၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ပေးမည့် ထိုင်းနိုင်ငံရှိ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားတစ်သိန်းကျော်ထဲတွင် ဝင်းနှင့်ဇော်လည်း ပါသင့် ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။
“အရင်တုန်းက ထောင်ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ရင် တချို့ကျတော့ တစ်ဝက်ရတာတို့၊ တစ်ချို့ ကျတော့ ဘယ်နှနှစ်ရတာတို့ ဒါမျိုးတွေပေါ့။ သူတို့တော့ တစ်ခုခုတော့ အကျိုးခံစားခွင့်ရသင့်တယ်။ ရမယ်လို့ လည်း ကျနော်တို့ မျှော်လင့်တယ်။ ဒါပေမယ့် ဘယ်လို အခွင့်အရေးမျိုးရမလဲဆိုတာတော့ ကျနော်တို့ ပြောလို့ မရသေးဘူး။ ဒီအခေါက်တော့ ဝင်းနဲ့ဇော်ပေါ့ အဓိကအားဖြင့် ထောင်စည်းမျဉ်းစည်းကမ်းနဲ့ တကယ်နေခဲ့တယ်လို့ ထိုင်းအစိုးရအနေနဲ့ ယုံကြည်လို့ရှိရင်တော့ သူတို့ကို တစုံတရာ တရားသေကြီး လွတ်ပေးတာမဟုတ်တောင်မှ ပြစ်ဒဏ်ကျခံနေရတဲ့ ပြစ်ဒဏ်တွေကိုတော့ လျှော့ပေါ့ပေးသင့်တယ်လို့ ယူဆတယ်။ အခုကတော့ လုံးဝကွင်းလုံး ကျွတ်ကြီး မလွှတ်ပေးရင်တောင်မှပဲ သူတို့ကျခံထားရတဲ့ ထောင်နှစ်ကိုတော့ လျှော့သင့်တာပေါ့။ တခြား အကျဉ်း သားတွေလိုမျိုး တစ်ဝက်လျှော့ပေးတာတို့ ၃ ပုံ ၁ ပုံ လျှော့ပေးတာတို့၊ ၅ နှစ်လျှော့ပေးတာတို့ ၁၀ နှစ် လျှော့ပေး တာတို့ အဲဒီပုံစံတော့ အနည်းဆုံးဖြစ်သင့်တယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ထိုင်းဘုရင်နန်းတော်၏ သက်ညှာထောက်ထားခွင့်ဖြင့် အကျဉ်းသား တစ်သိန်းကျော်တွင် အကျဉ်းသား ရှစ်သောင်း ကျော်သည် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရှိပြီး နှစ်သောင်းကျော်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မည်ဖြစ်ကာ အာမခံနှင့် နေထိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် ထောင်ဒဏ် တသက်တစ်ကျွန်းကျခံနေရသည့် ဝင်းနှင့်ဇော်အား ရုံးထုတ်လာစဉ်
ဝင်းနှင့်ဇော်တို့သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှု စွတ်စွဲချက်ဖြင့် ၂၀၁၄ ခုနှစ်ကတည်းက အကျဥ်း ကျခံနေခြင်းဖြစ်သော်လည်း လက်ရှိ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးမည့်အထဲ ပါ၊ မပါ မသိရ သေးကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။
“လူငယ်တွေက ထောင်ထဲမှာ ဘယ်လိုပဲကြိုးစားပြီးနေနေ တစုံတရာစိတ်ဖိစီးမှု၊ သူတို့မိသားစုအတွက်ရော သူတို့ရဲ့အနာဂတ်အတွက်ပါ စိတ်ဖိစီးမှုတွေ ရှိနေတယ်။ အဲဒါတစ်ခုက ကျနော်တို့အတွက်တော့ အစိုးရိမ်ဆုံး ပဲပေါ့လေ။ အဲဒီလိုမျိုး ဖြစ်လာမယ်ဆိုရင်တော့ ဒီကလေးတွေကတော့ ပိုပြီး စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်လာမယ်။ နောက်တစ်ခုက အဲဒီကိစ္စတွေကို အဓိက ကူညီဆောင်ရွက်ပေးနိုင်တာက အစိုးရအချင်းချင်းတွေပေါ့။ ဘယ်အစိုးရ ပဲဖြစ်ဖြစ် အစိုးရအချင်းချင်းတွေ သေချာလေး ပြောဆို မေတ္တာရပ်ခံရင်တော့ အများကြီးလျှော့ပေါ့နိုင်တယ်လို့ ယုံကြည်တယ်”ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများဖြစ်သည့် ဝင်းနှင့်ဇော်သည် ထိုင်းနိုင်ငံရှိ လိပ်ကျွန်း၌ ဗြိတိသျှ နိုင်ငံသား ဟန်နာနှင့် ဒေးဗစ်မေးလာတို့ အတွဲကို မုဒိန်းကျင့် လူသတ်မှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့၌ ထိုင်းဘုရင်၏ လွတ်ငြိမ်းသက်သာခွင့်အရ သေဒဏ်မှ လွတ်မြောက်ကာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံ နေရခြင်းဖြစ်သည်။
ထို့သို့ ပြောင်းလဲကျခံပြီးနောက်ပိုင်း ဝင်းနှင့်ဇော်သည် ထောင်ထဲတွင် ကောင်းမွန်လိမ္မာစွာနေထိုင်သော်လည်း ထိုင်းနိုင်ငံ၏ မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲများတွင် မပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဝင်းနှင့်ဇော်အား ၎င်း၏မိသားစုဝင်တို့မှ ထောင်ဝင်စာတွေ့ခွင့်ရရှိစေရန် FED မှ တာဝန်ရှိသူ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဝံလက်ဖောင်ဒေးရှင်းတို့က ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1661
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃
ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုပါက နိုင်ငံရေးပါတီများနှင့် ပြည်ပအဖွဲ့အစည်းများ တွေ့ဆုံခြင်းကို မကန့် သတ်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သို့ ပြောသည်။
နိုင်ငံရေးပါတီများသည် အစိုးရလုပ်ငန်းများကို ဆောင်ရွက်မည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာကိစ္စ များကို ဥပဒေပြဋ္ဌာန်းထားပါက လုံလောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “နိုင်ငံတကာ သံတမန်ဆက်သွယ်မှုဆိုတဲ့ ဥစ္စာကိုလည်ပဲ နားစွင့် အလေ့အကျင့်လေး လုပ်ရတာပေါ့။ ဘာလို့ဆို နိုင်ငံရေးပါတီများကို အစိုးရ အဆက်ဆက်ကလည်း နောက်အစိုးရ လုပ်ငန်းကို ဆောင် ရွက်မယ့် ပါတီများလို့ပဲ အလေးအနက် အသိအမှတ်ပြုရတာကိုး။ အခုကတည်းက နိုင်ငံရေးပါတီများကလည်း အလေ့အကျင့် လို တယ်လေ၊ သံတမန်နဲ့ တွေ့တာပြုတာ၊ မိမိရဲ့ နိုင်ငံရေးအမြင်၊ သူ့ရဲ့နိုင်ငံရေးအမြင်၊ မြန်မာနိုင်ငံအပေါ်မှာ သူတို့ရဲ့ စေတနာ၊ သူတို့ရဲ့ ဘာခေါ်မလဲ ခုနလို စေတနာရှိရင် ဝေဒနာလည်း ပေးနိုင်တာကိုးဗျ။ သူတို့ဖက်က သုံးသပ်မှုပေါ့ ဗျာ၊ ကောင်းခြင်း၊ ဆိုးခြင်းကို နိုင်ငံရေးပါတီများ ဖက်ကလည်း လေ့လာဖို့ လိုအပ်တာပေါ့။ ဆောင်ရန် ရှောင်ရန်ပေါ့ ဗျာ။ အဲဒါကြောင့် ပါတီစုံဒီမိုကရေစီ၊ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုရင် နိုင်ငံရေးပါတီများနဲ့ ပြည်ပ သံတမန် များ၊ ပြည်ပအဖွဲ့အစည်းများ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းကို မကန့်သတ် အပ်ဘူးဗျ၊ မကန့်သတ်သင့် ဘူး။ ခုနပြောသလိုပေါ့၊ ငွေရေးကြေးရေးနဲ့ ကြိုးကိုင်မှုကိုပေါ့ဗျာ၊ လက်သပ်မွေးမှုတွေ မရှိအောင်တော့ဖြင့် ဥပဒေ အရ ပြဋ္ဌာန်းခိုင်း ဒီလောက်ဆိုရင် လုံလောက်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက UEC သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန်၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံခြင်းသည် အပိုဒ် ၅ ပါ ဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွန်းနိုင်ကြောင်း နိုင်ငံရေးပါတီများကို ဩဂုတ် ၁၁ ရက်နေ့စွဲဖြင့် ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
အဆိုပါ ကန့်သတ်ချက်ကို နှစ်ဖက်ကြည့်ပြီး လုပ်ဆောင်သင့်ကြောင်း ကရင်အမျိုးသားဒီမိုကရတ်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သို့ ပြောသည်။
မန်းအောင်ပြည်စိုးက “ဒါကတော့ နှစ်ဖက်ကြည့်ပြီးတော့ သုံးသပ်ရမှာပေါ့ဗျာ။ ကိုယ်က ဒီဖက်မှာ လွတ်လပ်တဲ့ အဖွဲ့အစည်း ကိုယ့်ကိုယ် ပြည်သူတစ်ရပ်အနေနဲ့ အရပ်ဖက်အနေနဲ့ ကိုယ်နေကြည့်မယ်၊ ကိုယ်က အစိုးရ ဖြစ်နေ မယ်ဆိုရင် တစ်ဖက် ဖြစ်နေမယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲပေါ့လေ၊ အဲဒီအပိုင်းမျိုးတော့ နှစ်ဖက်မျှပြီးတော့ တွေးကြည့်ဖို့တော့ လိုတယ်လို့ ကျနော်ကတော့ အဲဒါလေးတော့ နည်းနည်းလေး ပြောချင်တယ်။ သူတို့ဖက်က ဘာအခက်အခဲရှိလဲ၊ ဘာတွေ ပြဿနာရှိနေသလဲပေါ့။ ကျနော်တို့ဖက်ကလည်း ကျနော်တို့ တွေ့ချင်ပြုချင်တဲ့ဟာ ဘာအကြောင်းအရာလည်း၊ ဘာအခြေအနေလဲပေါ့လေ၊ အဲဒါနှစ်ဖက်မျှပြီးတော့ သုံးသပ်ပြီးတော့ ဒီဟာကို ပြောလို့ ရမယ် ထင်တယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
နစကအနေဖြင့် ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကျပ်အတည်း ကာလကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးပါတီများ၏ ကဏ္ဍကို ဖွင့်ပေးရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
UEC က မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေး အယူဝါဒအရ ဖြစ်ပေါ်လာသည့် ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်လာသည့်ပါတီ ၁၉ ပါတီနှင့် ဒေသအလိုက် ဖြစ်ပေါ်လာသော ပါတီ ၃၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1219
