CNI International News

ကိုလံဘို၊ ဇူလိုင် ၁၅

သမ္မတ၏ နုတ်ထွက်လွှာကို သီရိလင်္ကာ လွှတ်တော်ဥက္ကဋ္ဌ မဟိန္ဒာယာပါ အဘီဝါဒါနာက လက်ခံကြောင်း အတည်ပြု ပြီးနောက် ယာယီသမ္မတအဖြစ် ရာနေးလ်ဝီကရီမီဆင်က ယနေ့ (ဇူလိုင် ၁၅ ရက်)တွင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြောင်း ANI သတင်းအရ သိရသည်။

သမ္မတဟောင်း ရာဂျာပက်ဆာ မော်လ်ဒိုက်နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ပြေးသွားပြီးနောက် ဝီကရီမီဆင်က ယခုကဲ့သို့ တရားရေး လွှတ်တော် အကြီးအကဲရှေ့မှောက်၌ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။

သူသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားရာကနေ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌ  အဘီဝါဒါနာ (AP)

မော်လ်ဒိုက်နိုင်ငံသို့ မထွက်ပြေးမီ သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာသည် ဝီကရီမီဆင်ကို ယာယီသမ္မတအဖြစ် လွှဲပေးခဲ့သည်။

မော်လ်ဒိုက်နိုင်ငံမှ တစ်ဆင့် ဇူလိုင် ၁၄ ရက်တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့သူ ရာဂျာပက်ဆာသည် ၎င်း၏သမ္မတအဖြစ်မှ နုတ်ထွက်လွှာကို လွှတ်တော်ဥက္ကဋ္ဌထံသို့လည်း ပေးပို့ခဲ့သည်။

“သမ္မတရဲ့နုတ်ထွက်လွှာကို လက်ခံပြီးပါပြီ။ ဥပဒေနည်းလမ်းတကျ သမ္မတသစ် ခန့်အပ်ရေး ဆက်လုပ်နေပါတယ်။ မနက်ဖြန် မှာဆိုရင် သမ္မတသစ်တစ်ယောက် ရွေးကောက်တင်မြှောက်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်” ဟု သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌ အဘီဝါဒါနာက ANI သတင်းဌာနသို့ ပြောကြားခဲ့သည်။

၁၉၈၁ ခုနှစ် ကြားကာလအထူးပြဋ္ဌာန်းချက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀ တို့အရ သမ္မတသစ်ကို ရွေးကောက်တင် မြှောက် သွားမှာဖြစ်ကြောင်း အဘီဝါဒါနာက ဆက်လက် ပြောကြားခဲ့သည်။

သီရိလင်္ကာပြည်သူများက သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာကို အလိုမရှိ (AP)

“ဒီလုပ်ငန်းစဉ်ဟာ လျင်လျင်မြန်မြန်နဲ့ အောင်မြင် ပြီးစီးသွားဖို့ ကျနော် ရည်မှန်းထားပါတယ်။ ဒီမိုကရေစီ အစဉ်အလာကို ကိုင်စွဲထားတဲ့ တောင်အာရှဒေသက သက်တမ်းအရင့်ဆုံး ဒီမိုကရေစီနိုင်ငံ အနေနဲ့ ဒီလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာအောင် အကောင်အထည် ဖော်သွားမှာပါ။ ဒီလို ဒီမိုကရေစီ အလေ့အထဟာ သီရိလင်္ကာရဲ့သမိုင်းမှာ မှတ်တိုင်တစ်ခု ဖြစ်သလို ကမ္ဘာ့ ဒီမိုကရေစီ သမိုင်းရဲ့ မှတ်တိုင်လည်း ဖြစ်လာမှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကနဦး၌ ရာဂျာပက်ဆာသည် မော်လ်ဒိုက်နိုင်ငံသို့ ထွက်ပြေး သွားပြီးနောက် ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ဆော်ဒီ လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာကြောင်း သတင်းများ ဖော်ပြပြီး ဖြစ်သည်။

အသက် ၇၃ နှစ် ရှိပြီဖြစ်သည့် သမ္မတဟောင်း ရာဂျာပက်ဆာသည် ယခုလ(ဇူလိုင်) ၉ ရက်မှစ၍ သီရိလင်္ကာ ပြည်သူများ၏ ဆန္ဒပြမှုများကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်ပေးခဲ့သည်။

Source: ANI