CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၅

နိုင်ငံရေးက ဆုတ်ခွာရမည်ဆိုလျှင် တစ်ဖက်တည်းကိုပဲ ပြော၍မရဘဲ တပ်မတော် အပါအဝင် လက်နက်ကိုင်ထားသည့် တပ်ဖွဲ့ များအားလုံး နိုင်ငံရေးက ဆုတ်ခွာဖို့ လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

တချို့သော လက်နက်ကိုင် တပ်ဖွဲ့များမှာ တပ်မတော်ကို နိုင်ငံရေးမှ ဆုတ်ခွာရန် ပြောဆိုနေကြောင်း၊ လက်နက်ကိုင် ဆောင် ထားသည့် တပ်အားလုံးကို ဆိုလိုပါက မှန်ကန်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “ကျနော့် အမြင်အရကတော့ တချို့ ပြောနေကြတဲ့ တပ်က နိုင်ငံရေးက ဆုတ်ခွာရမယ်၊ နိုင်ငံရေးမှာ မပါရဘူး ဆိုတဲ့ ကိစ္စက လက်နက်ကိုင်တပ် အားလုံးကို ပြောတာဆိုရင်တော့ မှန်တယ်ဗျ၊ နောင်အနာဂတ်မှာ ကျနော်တို့က ဖက်ဒရယ် အခြေခံ ဥပဒေ ရေးဆွဲပြီးတော့ အားလုံးက လိုက်နာကြမယ်၊ အားလုံးက ဒီအတိုင်း အကောင်အထည် ဖော်ချင်တယ်ဆိုရင် ခုန တပ်တွေ အားလုံးကလည်း လက်နက်ကိုင်တပ် တစ်ခုတည်းသော လက်နက်ကိုင် ပြည်ထောင်စု တပ်မတော် ဖြစ်ရမှာပေါ့နော်၊ အဲဒီလို ပြည်ထောင်စု တပ်မတော် ဖြစ်ပြီးတော့ အားလုံးက နိုင်ငံရေးက ဆုတ်ခွာရမှာ” ဟု ပြောသည်။

လက်ရှိ မြန်မာတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခမှာ တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေ၍ ဖြစ်ပေါ်နေ သည့် ပြဿနာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

NCA လက်မှတ်ထိုးကြစဉ်

KNU ၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် KNLA၊ KNDO တို့မှာ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ပဒိုစောတောနီး က သတင်းထောက်တစ်ဦးဖြစ်သူ Thet Htwe Naing နှင့် အင်တာဗျူးတွင် ပြောထားသည်။

ပဒိုစောတောနီးက “ကျနော်တို့ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း ဆိုကတည်းကိုက ကိုယ့်ရဲ့ နယ်မြေရှိလာတဲ့ အခါကြတော့ ကိုယ့်ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ လုပ်နေရတယ်၊ အဲဒီအုပ်ချုပ်ရေး လုပ်ငန်းတွေကတော့ ကျနော်ဟာ ဌာနအနေနဲ့ လက်ရှိ မှာဆို ကျနော်တို့ ဌာန အချက် ၄ ခုထဲမှာ ကျနော်တို့ အဲဒီအချက် ၄ ခုထဲမှာ ကာကွယ်ရေးဌာနဆိုတာ အပါအဝင် ဖြစ်တယ်၊ အဲဒီ ကာကွယ်ရေးဌာန လက်အောက်မှာမှ KNLA ဆိုတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရယ်၊ နောက် KNDO ဆိုတဲ့ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်းဆိုတာက အဲဒီကာကွယ်ရေးဌာန အောက်မှာပဲ ရှိတယ်။ ဆိုလိုတာက ကျနော်တို့ ကိုယ်တိုင်က လက်တွေ့ ပြသနေတဲ့ ကျနော်တို့ တပ်တွေက ကျနော်တို့ လက်နက်ကိုင် တပ်တွေဖြစ်တဲ့ KNLA နဲ့ KNDO တွေက ဘယ်လိုမှ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ မရှိဘူး။ သူ့အလုပ် သူလုပ်တာပဲ။ KNU ကနေပြီးတော့ နိုင်ငံရေး မူဝါဒ ပေါ်လစီတွေ အကုန်လုံးကို ချမှတ်တဲ့ အပေါ်မှာပဲ အဲဒီ KNLA နဲ့ KNDO ကပဲ ဒါလက်တွေ့ အကောင်အထည်ဖော်ရတဲ့ အပိုင်းမှာ ရှိတယ်။ သူတို့က စစ်တပ်တွေ ဖြစ်တယ်။ စစ်တပ်ဟာ ကျနော်တို့ နိုင်ငံရေး ဦးဆောင်အဖွဲ့ရဲ့ ချမှတ်ထားတဲ့ ပေါ်လစီပဲ သူအကောင်အထည် ဖော်သွားတာပဲ ရှိတယ်။ သူတို့ လုံးဝနိုင်ငံရေးထဲမှာ ဝင်ရှုပ်လို့မရဘူး။ အဲဒါ ကျနော်တို့ ကိုယ်တိုင် တကယ့်လက်တွေ့ ကျင့်သုံးနေတဲ့ အနေအထားဖြစ်တယ်” ဟု Thet Htwe Naing နှင့် အင်တာဗျူးတွင် ပြောထားသည်။

လက်နက်ကိုင်ထားသည့် တပ်မတော်ကို နိုင်ငံရေးနှင့် မပတ်သက်ရဟု ဆိုပါက လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့်လည်း နိုင်ငံရေးနှင့် မပတ်သက်နှင့်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည် မေးခွန်း ထုတ်ထားခဲ့သည်။