CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၈

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မကျေးရွာ တွင် ခိုးဆိုးလုယက်၊ ရာဇဝတ်မှုများကျူးလွန်နေသည့် အတွက် မိမိတို့မှ အကူအညီတောင်း၍ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂၄ရက်က ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြို့နယ်အစ္စလာမ်သာသနာရေးကောင်စီ နှင့် မင်းပြားမြို့နယ် မြို့နယ်အစ္စလာမ်သာသနာရေးကောင်စီ တို့ ပူးတွဲ၍ သြဂုတ် ၇ရက်က ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ်၊ လက်မကျေးရွာသို့ AA တပ်ဖွဲ့ဝင် ၃၀၀ ခန့်ဝင်ရောက်လာပြီး ကျေးရွာသားများထံမှ ဆပ်ကြေးကောက်ခံခဲ့သလို ဆပ်ကြေးပေးရန်ငြင်းဆန်သည့် ကျေးရွာသား ၁၂ ဦးကိုလည်း အစားအစာများမပေးဘဲ ဗလီအတွင်းပိတ်လှောင်ထားခဲ့သည်ဟု ဗြိတိန်အခြေစိုက် မွတ်စလင်များအရေးတက်ကြွ လှုပ်ရှားနေသည့် Burma Campaign (UK) က သြဂုတ် ၂ ရက်နေ့တွင်စွပ်စွဲထုတ်ပြန်ခဲ့ခြင်းကြောင့် အခုလို ထုတ်ပြန်ခြင်းဖြစ်သည်။

အထက်ပါ ထုတ်ပြန်ချက်တွင် မိမိတို့ လက်မမူစလင်ကျေးရွာကို အကြောင်းပြု၍ "အမှိုက်ကစ ပြဿာဒ်မီးလောင်" ဆိုသလို လူမျိုးရေးအဓိကရုဏ်းဖြစ်ပေါ်လာမည်ကို အလွန်စိုးရိမ်ပါတယ် ဟု ပါရှိသည်။

ထို့ပြင် မင်းပြားမြို့နယ်၊ ရွှေတမာအုပ်စု၊ လက်မမူစလင်ကျေးရွာမှ လူတစ်ချို့သည် မင်းပြားမြို့နယ် နှင့် မြောက်ဦးမြို့နယ် များရှိ ကျေးရွာများမှ ကျွဲများ၊ နွားများကို ခိုးယူခြင်း၊ အိမ်တက်၍ပစ္စည်းကိုခိုးယူခြင်း၊ ဆိုင်များကိုဖောက်ထွင်း၍ ပစ္စည်းများကို ခိုးယူခြင်း စသည်များကို လုပ်ဆောင်နေသည်မှာ ၂၀၁၃ခုနှစ်မှ ယနေ့အထိဖြစ်သည်ဟု ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် သဘောထားမေးမြန်းရန် မင်းပြားမြို့နယ် မြို့နယ်အစ္စလာမ်သာသာရေးရာကောင်စီ ဥက္ကဌ ဟဂျီ-ဦးစိန်မင်းကို CNI သတင်းဌာနက ဆက်သွယ်ပေမည့် ဆက်သွယ်မရခဲ့ပါ။

ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေသည့် ခိုးဆိုးလုယက်ရာဇဝတ်ဂိုဏ်းကို ULA ၏ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက ဒေသခံများတိုင်ကြားချက်ဖြင့် အရေးယူရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Western News သို့ ဆိုသည်။

သြဂုတ်လ ၁ ရက်က ရခိုင်ပြည်နယ်အတွင်း မှုခင်းဖြစ်စဉ်များနှင့် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မှုခင်းအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ULA တရားရေးဌာန၏ အီးမေးလ်၊ တယ်လီဂရမ်နှင့် VK တို့မှ တဆင့်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

#ရခိုင်ပြည်နယ်

#မင်းပြားမြို့နယ်

#ရက္ခိုင့်တပ်တော် (AA) 

#ခိုင်သုခ

#ULA တရားရေးဌာန

#CNI myanmar

#ChannelNewsIndependent