CNI International News
ဘေကျင်း၊ မတ်လ ၁
ပြည်ပ၏ စိန်ခေါ်မှုများ မြင့်တက်နေချိန်တွင် အခက်အခဲများကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းရန်နှင့် ယုံကြည်ချက် အား ခိုင်ခိုင်မာမာထားရှိရန် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ပြောကြားခဲ့သည်ဟု South China Morning Post သတင်းတွင် ဖော်ပြခဲ့သည်။
ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံ၏ စီးပွားရေးကို ပဲ့ကိုင်နေသည့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အရေးကြီးသော ဆုံးဖြတ်ချက်ချမှတ်မှုကိုလည်း အလေးထား ပြောဆိုခဲ့သည်။
ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ဝေခဲ့သည့် Qiushi မဂ္ဂဇင်းတွင် ရှီ၏ မှတ်ချက်စကားများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး အားထုတ်ကြိုးပမ်းမှုများတွင် နည်းပညာအောင်မြင်မှုများ၊ အရည်အသွေးရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ စီပွားရေး တည်ငြိမ်မှုများကို ပိုမိုအားစိုက် လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။
“ပါတီဗဟိုကော်မတီရဲ့ ဗဟိုက ချုပ်ကိုင်ပြီး စုစည်းတဲ့ ခေါင်းဆောင်မှုကဏ္ဍဟာ ထိရောက်တဲ့ စီးပွားရေး အစီအမံ အတွက် အခြေခံကျတဲ့ အာမခံချက်တစ်ခု ဖြစ်ပါတယ်”ဟု ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပုံစာ- ဓာတ်ပုံရိုက်နေသူတစ်ဦးကို တွေ့ရစဉ်
အလွန်အရေးကြီးသည့် အခိုက်အတန့်များတွင် ပါတီဗဟိုကော်မတီက အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းသည် တရုတ်၏ စီးပွားရေး အရှိန်အဟုတ်ကို စိန်ခေါ်မှုများ ကြားမှ ကျော်ဖြတ်ကာ အနာဂတ်ကို တည်ငြိမ်စွာဖြင့် ရွေ့လျားစေခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
အမေရိကန်သည် ဖေဖော်ဝါရီ ၂၅ ရက်မှစပြီး တရုတ်မှ တင်ပို့သည့် ကုန်စည်များအားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရုံသာမက နောက်ထပ် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ပြီးနောက် ဆင်ဟွာသတင်းဌာန၏ ထုတ်ပြန် ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တရုတ်၏ စီးပွားရေး အစီအမံတွင် ထိပ်သီးဦးစားပေး ကိစ္စရပ်များအနက် စျေးကွက်နှင့် အစိုးရအကြား ထိရောက် သည့် ဆက်ဆံရေး ထူထောင်ရန်၊ ဝယ်လိုအားနှင့် ရောင်းလိုအားကို ဟန်ချက်ညီအောင် လုပ်ဆောင်ရန် ရှီက ပြော ကြားခဲ့သည်။
ထို့နောက် အရင်းအမြစ်များကို ခွဲတမ်းချပြီး ထိရောက်စွာ လုပ်ဆောင်ရန် အပါအဝင် အရည်အသွေးနှင့် အရေအတွက်ကို မြင့်တက်စေရန် လုပ်ဆောင်ရမည်ဟု ၎င်းက ပြောသည်။
Source: South China Morning Post