CNI International News
အဘူဒါဘီ၊ ဖေဖော်ဝါရီ ၂၀
တရုတ်နှင့် တောင်ကိုရီးယားတို့အကြား တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များ ရောင်းချမှုစျေးကွက်တွင် ပြိုင်ဆိုင်မှု မြင့်တက်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်နှင့် တောင်ကိုရီးယားမှ ကာကွယ်ရေး ကန်ထရိုက်တာများသည် ယခုသီတင်းပတ်အတွင်း အဘူဒါဘီ (Abu Dhabi) တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာကာကွယ်ရေးပြပွဲ(IDEX)၌ ၎င်းတို့၏ နောက်ဆုံးပေါ် လက်နက်စနစ်များ ကို ပြသခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး လက်နက်ပြပွဲများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် IDEX ပြပွဲ၌ တရုတ်၏ Norinco ကာကွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ၁၅၅ မမ SH16A ဟောင်ဝဇ္ဇာကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
ယူအေအီးနိုင်ငံတွင် ပြုလုပ်သည့် အဆိုပါ လက်နက်ပြပွဲသည် တရုတ်နိုင်ငံအတွက် ၎င်းတို့၏ ဟောင်ဝဇ္ဇာ အမြောက်ကို ပြည်ပ၌ ပြုလုပ်သော လက်နက်ပြပွဲမှာ ပထမဆုံးအကြိမ် ပြသခဲ့ခြင်းလည်းဖြစ်သည်။
တရုတ်ထုတ် ဟောင်ဝဇ္ဇာအမြောက်များ ပုံစံတူကို ပြသထားစဉ်
တရုတ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ကျူးဟိုင်းလေကြောင်းပြပွဲ (Zhuhai Airshow) တွင် ထိုဟောင်ဝဇ္ဇာအမြောက်ကို ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့သည်။
တရုတ်က ပြသထားသည့် ဟောင်ဝဇ္ဇာအမြောက်နှင့် မီတာအနည်းငယ် အကွာတွင်မူ တောင်ကိုရီးယား၏ Hanwha Aerospace ကုမ္ပဏီကလည်း ၎င်းတို့၏ K9 Thunder ဟောင်ဝဇ္ဇာအမြောက်ကို ပြသခဲ့သည်။
ထိုဟောင်ဝဇ္ဇာသည် တောင်ကိုရီးယားလုပ် အင်ဂျင်တပ်ဆင်ထားသည့် ပထမဆုံးနှင့် နောက်ဆုံးပေါ် ဟောင်ဝဇ္ဇာ ဖြစ်ပြီး ယခင်မော်ဒယ်များတွင်မူ ဂျာမနီလုပ် အင်ဂျင်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။
တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များသည် အစိုးရတပ်ဖွဲ့များနှင့် အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
ဆော်ဒီသည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ယီမင်စစ်ပွဲအတွင်း အီရန်က ကျောထောက်နောက်ခံ ပေးထားသော ဟူရ်သီသူပုန်များကို Norinco ကုမ္ပဏီ၏ PLZ-45 ဟောင်ဝဇ္ဇာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အစ္စရေးကလည်း ဂါဇာတွင် ဟားမာ့စ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်လုပ် M109 ဟောင်ဝဇ္ဇာများကို အသုံးပြု တိုက်ခိုက်ခဲ့သည်။
Source: South China Morning Post