CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉

မြန်မာ့တပ်မတော်အား လက်နက်မထောက်ပံ့ဖို့ တရုတ်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က South China Morning Post သတင်းဌာနနှင့် တွေ့ဆုံ အင်တာဗျူး တွင် တိုက်တွန်း ပြောကြားသွားခဲ့သည်။

ဒေါ်ဇင်မာအောင်က “တရုတ်ရဲ့ လက်နက်ပစ္စည်းတွေနဲ့ မြန်မာစစ်တပ်ဟာ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူတွေကို သတ်ဖြတ်နေတယ်။ ဒါကြောင့် တရုတ်အနေနဲ့ လက်နက်ထောက်ပံ့တာ ရပ်တန့်ပေးဖို့လိုတယ်”ဟု ပြောသည်။

ထို့နောက် NUG သည် မြန်မာ့တပ်မတော်ကို လက်နက်မထောက်ပံ့ဖို့ တရုတ်အစိုးရထံ စာတစ်စောင် ပေးပို့ခဲ့ရာ တရုတ်အစိုးရဘက်က စာလက်ခံရရှိကြောင်းကလွဲပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားခြင်း မရှိဘူးဟု ၎င်းက ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်ကြီးကို တွေ့ရစဉ်

တရုတ်သံအမတ်ကြီးသည် ယခုလ (ဧပြီလ)ထဲမှာ ယခင်က မြန်မာ့တပ်မတော် ခေါင်းဆောင်များဖြစ်ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)၊သမ္မတ ဦးသိန်းစိန်(ငြိမ်း) တို့အပါအဝင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုတို့၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တို့ကို တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးနှင့် တွေ့ဆုံ၍ အမျိုးသားလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

လက်ရှိတွင် တရုတ်အစိုးရနှင့် နစကကြား ပူးပေါင်း၍ ကျားဖြန် အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများကို နှိမ်နင်းလျက်ရှိနေသည်။