CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၁၃

ပါကစ္စတန်နိုင်ငံ၏ PTI ပါတီခေါင်းဆောင် အိုမာ အာယွဘ် (Omar Ayub)က ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့ သည့် စစ်မှန်မှုမရှိသော ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြကြရန် တိုက်တွန်းခဲ့သည် ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အစ္စလာမ်မာဘက် (Islamabad) မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အာယွဘ်က အမှာစကား ပြောကြားခဲ့ရာတွင် နိုင်ငံ၏အာဏာသည် ခိုးယူခံခဲ့ရကြောင်းနှင့် ၎င်း၏ PTI ပါတီသည် ဖေဖော်ဝါရီ ရွေးကောက်ပွဲ အတွင်း အမျိုးသားလွှတ်တော်၌ နေရာ ၁၈၀ ကို အနိုင်ရခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထိုရွေးကောက်ပွဲသည် အကွက်ဆင်ထားခဲ့သည့် ရွေးကောက်ပွဲဖြစ်ကြောင်း အာယွဘ်က ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့ သည် PTI ပါတီ၏ ထိပ်သီးခေါင်းဆောင် ၁၀၀ ကျော်ကို တရားမဝင် ဖမ်းဆီးခဲ့သည်ဟုလည်း ဝေဖန်ခဲ့သည်။

ရဲတပ်ဖွဲ့၏ အပြုအမူများနှင့် ပတ်သက်၍ အာယွဘ်က အစိုးရသည် ဖက်စစ် အမူအကျင့်များကို ကျင့်သုံးခဲ့ ကြောင်း စွပ်စွဲခဲ့ပြီး အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

PTI ပါတီသည် တရားရေး စံချိန်စံနှုန်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုရှိကြောင်း၊ ပါတီအနေဖြင့် နိုင်ငံ တစ်ဝန်းနှင့် ဥပဒေပြု လွှတ်တော်များထဲတွင် ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြသွားမည်ဖြစ်ကြောင်း အာယွဘ်က ပြောသည်။

ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အမ်မရာခမ်းနဲ့ အိုမာ အာယွဘ်ကို တွေ့ရစဉ်

ထို့ပြင် အာယွဘ်သည် နိုငိင်ရေးပြိုင်ဘက်များ အထူးသဖြင့် ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု (PDM) ကိုလည်း ဝေဖန်ခဲ့ပြီး ၎င်းတို့၏ ပြိုင်ဘက်များသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှင့် အစိုးရမူဝါဒများကို ထိခိုက်စေခဲ့ကာ စီးပွားရေးအတွက် စိန်ခေါ်မှုများကို ပေါ်ပေါက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နှင့် ပန်ဂျပ် (Punjab)ပြည်နယ် ဝန်ကြီးချုပ်တို့သည်လည်း တရားရေးမူဘောင် အပြင်ဘက်မှ လုပ်ကိုင် ဆောင်ရွက်နေသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်က ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းပြဋ္ဌာန်းချက် Form 45 ကို ပြင်ဆင်ခဲ့ပြီး နောက်ထပ် စည်းကမ်း Form 47  ကို ထည့်သွင်းခဲ့ခြင်းသည် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက် ပွဲ မဲမသမာမှုနှင့် အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ဖြေရှင်းရန် အခြေအနေကို ရှုပ်ထွေးသွားစေခဲ့သည်ဟုလည်း အာယွဘ်က စွပ်စွဲခဲ့သည်။

ထို့ပြင် လူမှုမီဒီယာများ အသုံးပြုခွင့် ကန့်သတ်မှုများကို အဆုံးသတ်ရန်၊ နိုင်ငံအတွင်း လူမှုမီဒီယာ ပလက်ဖောင်း များကို တားမြစ်ပိတ်ပင်မှုများကို ပြန်လည်ရုပ်သိမ်းရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မြှင့်တင်ပေးရန်လည်း အာယွဘ်က တိုက်တွန်းခဲ့သည်။

Source: The Print