CNI International News

နယူးဒေလီ၊ မတ်လ ၁၂

အိန္ဒိယနိုင်ငံ၏ တရားရုံးချုပ်က နိုင်ငံရေးပါတီများကို ငွေကြေးထောက်ပံ့ရန် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားဖွယ် ငွေတိုက်စာချုပ်များနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရန် အိန္ဒိယအစိုးရပိုင် SBI ဘဏ်ကို ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုငွေတိုက် စာချုပ်များကို ဝယ်ယူသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရန် အချိန်အနည်းငယ်ပိုပေးရန် မေတ္တာရပ်ခံထားသည့် အစိုးရ၏ လျှောက်လဲချက်ကို တရားရုံးချုပ်က ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

SIB ဘဏ်အနေဖြင့် မတ်လ ၁၂ ရက်တွင် တရားရုံးက တောင်းဆိုထားသည့် ထိုအချက်အလက်များကို ထုတ်ပြန် ပေးရန်နှင့် ထိုအချက်အလက်များအား အိန္ဒိယရွေးကောက်ပွဲကော်မရှင် (ECI)နှင့် မျှဝေသင့်ကြောင်း တရားရုံးချုပ် က ထုတ်ပြန်ခဲ့သည်။

ECI အနေနှင့်လည်း ထိုအချက်အလက်များကို စုဆောင်းပြီး အသေးစိတ် အချက်အလက်များကို ၎င်း၏ ဝက်ဘ်ဆိုက်တွင် မတ်လ ၁၅ ရက် မွန်းလွဲ ၅ နာရီထက် နောက်မကျဘဲ ထုတ်ပြန်ပေးရန် တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့သည်။

SBI ရုံးကို တွေ့ရစဉ်

SBI အနေနှင့် ယခု သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါကာ တရားရေးအရ လုပ်ထုံးလုပ်နည်းများအား ဆက်လက် လုပ်ဆောင်သွားမည့်အကြောင်းကို မိမိတို့ တရားသူကြီးများက အသိပေး အကြောင်းကြားထားသည် ဟုလည်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အိန္ဒိယတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် ကုမ္ပဏီများက နိုင်ငံရေးပါတီများကို ငွေကြေး အကန့်အသတ်မရှိ၊ အမည် မဖော်ဘဲ လှူဒါန်းမှုများ ပြုလုပ်ခွင့်ပေးထားသည့် ၇ နှစ်သက်တမ်းရှိသော ရန်ပုံငွေ ထောက်ပံ့ရေးစနစ်ကို တရားရုံးချုပ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖျက်သိမ်းခဲ့သည်။

ထိုစနစ်သည် ဖွဲ့စည်းပုံနှင့်မညီကြောင်း ပြောကြားခဲ့သည်။

ထိုဆုံးဖြတ်ချက်ကြောင့် ၂၀၁၇ ခုနှစ်ကတည်းက ထိုရန်ပုံငွေ ထောက်ပံ့ရေးစနစ်ဖြင့် ငွေကြေး အများဆုံးရရှိခဲ့သည့် ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ BJP ပါတီအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

Electoral Bonds ဟု အမည်ပေးထားသည့် ထိုစနစ်ကို အတိုက်အခံများနှင့် လူမှုရေးအဖွဲ့အစည်းများက ဝေဖန်ခဲ့ ကြပြီး ပြည်သူများအနေဖြင့် မည်သည့်ပါတီကို မည်သူက ငွေကြေးထောက်ပံ့နေသည် ဆိုသည်အချက်ကို သိရှိပိုင်ခွင့်ရှိကြောင်း စောဒကတက်ခဲ့ကြသည်။

Source:  Nikkei Asia