CNI International News

ကိယက်၊ ဖေဖော်ဝါရီ ၁၄

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရုရှားသည် ယူကရိန်း၏ ကိယက်ဗ် (Kyiv) မြို့တော်ကို ဟိုက်ပါဆိုးနစ် အမျိုးအစားဖြစ်သည့် Zircon ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျွမ်းကျင်သူများက ကနဦး ကောက်ချက် ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ရုရှားသည် ၂ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲတွင် ထိုဒုံးကျည်ကို ပထမဆုံး အကြိမ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယူကရိန်းလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့အတွက် စိန်ခေါ်မှုအသစ် တစ်ခု ဖြစ်ခဲ့သည်ဟု ကိယက်ဗ်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Kyiv Scientific-Research Institute for Forensic Examinations ၏ အကြီးအကဲ အိုလက်ဇန်းဒါး ရူဗင် (Oleksandr Ruvin) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်က ရုရှား၏ တိုက်ခိုက်မှုတစ်ခုတွင် ဒုံးကျည် အပျက်အစီးများကို ကနဦးအဆင့် အနေ ဖြင့် လေ့လာခဲ့ရာတွင် ထိုဒုံးကျည်သည် ဟိုက်ပါဆိုးနစ် အမျိုးအစားဖြစ်သည့် Zircon ဒုံးကျည်ဖြစ် ကြောင်း ၎င်းတို့အဖွဲ့က ကောက်ချက်ချခဲ့သည်ဟု ရူဗင်က ပြောသည်။

“ဒီဖြစ်စဉ်မှာ ကျနော်တို့ဟာ 3M22 Zircon ဒုံးကျည်ရဲ့ တည်ဆောက်ပုံ အခြေအနေတွေကို မြင်တွေ့ခဲ့ရ ပါတယ်။ ဒုံးကျည်အင်ဂျင်ရဲ့ အပျက်အအစီး အစိတ်အပိုင်းတွေနဲ့ ထိန်းချုပ်ရေး ယန္တရားတွေကို လေ့လာ ပြီး အခုလို ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက Telegram တွင် ရေးသားခဲ့သည်။

ယူကရိန်းသုတေသီအဖွဲ့၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက် ပေးခဲ့ခြင်းမရှိပေ။

Zircon ဒုံးကျည်သည် အသံထက် ၉ ဆမြန်ဆန်သည့် အလျင်ဖြင့် ကီလိုမီတာ ၁၀၀၀ ( ၆၂၅ မိုင်) အကွာ အဝေးအထိ ပျံသန်းနိုင်ကြောင်း ရုရှား၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ရေးကျွမ်းကျင်သူများကမူ အသံထက် ၅ ဆကျော် မြန်ဆန်သည့် ထို ဟိုက်ပါဆိုးနစ်ဒုံးကျည် အမျိုးအစားများကို လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ရန် ခက်ခဲပြီး ထိုဒုံးကျည်များ၏ ပေါက်ကွဲအားသည် အလွန်ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

ယခင်က ရုရှားသည် Zircon ဒုံးကျည်ကို အပြီးသတ် စမ်းသပ်နိုင်ခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ ဇွန်လက ပြောကြားခဲ့ဖူးပြီး ရုရှားသမ္မတ ပူတင် (Vladimir Putin) ကမူ Zircon ဒုံးကျည်သည် မျိုးဆက်သစ် လက်နက်စနစ်များထဲတွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ရုရှားအနေဖြင့် ထိုဒုံးကျည်ကို အသုံးပြုခဲ့ကြောင်း အတည်ပြုခဲ့မည်ဆိုပါက ယူကရိန်းစစ်တပ် ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာနိုင်မည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ