CNI International News
တိုကျို၊ နိုဝင်ဘာ ၂၀
အရှေ့တရုတ်ပင်လယ်အစွန်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် နိုဝင်ဘာ ၁၉ ရက်က ဂျပန်မရိန်းတပ်သားများသည် ကုန်း၊ရေ နှစ်သွယ် တိုက်ခိုက်ရေးယာဉ် (amphibious assault vehicles)များနှင့် စစ်ရေးလေ့ကျင့်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း အားနည်းမှုနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက စိုးရိမ်နေသည့် ထိုကျွန်းပေါ် တွင် ကျူးကျော်တိုက်ခိုက်သူများအား တွန်းလှန်တိုက်ခိုက်သည့် ပုံစံမျိုးဖြင့် စစ်ရေးလေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။
ဂျပန် စစ်ရေး လေ့ကျင့်နေစဉ်
အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနိုင်ငံတို့နှင့် တင်းမာမှုများ မြင့်တက်နေသည့် ဂျပန်သည် နိုင်ငံတစ်ဝန်းတွင် ပြုလုပ်မည့် 05JX ဟု အမည်ပေးထားသော ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုများကို အနောက်တောင်ဘက် တိုကူနိုရှီးမား (Tokunoshima) ကျွန်းပေါ်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ရေး လေ့ကျင့်မှုများသည် နျူကလီးယား စွမ်းအင်စက်ရုံများ အပါအဝင် ဂျပန်၏ နယ်နိမိတ်နှင့် အခြေခံ အဆောက်အအုံများကို ကာကွယ်ရန် ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတပ်ဖွဲ့များ၏ အသင့် အနေ အထားဖြစ်မှုကို ပြသရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
" JX စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ (အခြားနိုင်ငံရဲ့) တိုက်ခိုက်မှုကို ခံရချိန်မှာ အရေးပေါ် အခြေအနေအရ မိမိတို့ တပ်ဖွဲ့တွေရဲ့ ပူးတွဲ တုန့်ပြန်ဆောင်ရွက်မှုတွေကို ပြသဖို့ ဖြစ်ပါတယ်" ဟု ဂျပန် စစ်ဦးစီးချုပ် ယိုရှီဟီဒီ ယိုရှီဒါ (Yoshihide Yoshida) က ပြောကြားခဲ့သည်။
ဂျပန် စစ်ရေး လေ့ကျင့်နေစဉ်
ဂျပန်၏ စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ဂျပန်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည့် လမ်းကြောင်းနှင့် အလားအလာသည် လာမည့်နှစ်များအတွင်း အမေရိကန် တပ်ဖွဲ့များနှင့်အတူ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများ အပါအဝင် နောက်ထပ် စစ်ရေး လေ့ကျင့်မှု များကို တိုးမြှင့်ပြုလုပ်နိုင်ခြေရှိသည့် အလားအလာတစ်ခု ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ကမူ ငါးနှစ်အတွင်း ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်ကို နှစ်ဆ မြှင့်တင်မည်ဟု ပြောကြားခဲ့ကာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံ့စစ်အင်အားကို အကြီးမားဆုံး တည်ဆောက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။